စစ်ကိုင်း အလုပ်သမား၊ ကျောင်းသားနှင့် ဝန်းရံပြည်သူတို့က အမှုစစ်ဆေးရန် တရားရုံးတွင် ပူးပေါင်းဆောင်ရွက်မှု မရှိသဖြင့် ယနေ့ ရုံးချိန်းကို စစ်ဆေးနိုင်ခြင်း မရှိဘဲ လာမည့် ဇွန်လ ၂၉ ရက်နေ့တွင် ရုံးထုတ်စစ်ဆေးရန် တပ်ကုန်းမြို့နယ် တရားရုံးက ဆုံးဖြတ်လိုက်သည်။
နေပြည်တော် ရဲတပ်ဖွဲ့ ရဲမှူးကြီး ရဲမှူးကြီးကိုကိုအောင်က “ဒီနေ့အမှုလည်း မစစ်ဖြစ်ပါဘူး။ ရမန်ပေးပြီး ၂၉ ရက်နေ့မှာ ပြန်ချိန်းလိုက်ပါတယ်။ သူတို့က တရားရုံးမှာ ပူးပေါင်းဆောင်ရွက်မှု မရှိတဲ့အတွက် မစစ်ဖြစ်ပါဘူး။ ကျနော်တို့လည်း တရားရုံးမှာ တရားလိုအနေနဲ့ အစစ်ခံလို့ မရဘူး”ဟု တရားရုံးသို့ ရောက်ရှိလာသည့် မီဒီယာများသို့ ပြောသည်။
ယနေ့ တပ်ကုန်းမြို့နယ် တရားရုံးသို့ ဧည့်လာတွေ့သူများ၊ ဝန်းရံပြည်သူများ၊ ကျောင်းသားများက အလံများထောင်ခြင်း၊ ကြွေးကြော်ခြင်း၊ သီချင်းဆိုခြင်းများက တရားစီရင်မှုကို အနှောက်အယှက် ဖြစ်စေသည်ဟု ရဲမှူးကြီးကိုကိုအောင်က ပြောသည်။
လက်ရှိ အချိန်တွင် ဖမ်းဆီး တရားဆွဲဆို ခံထားရသူ ၁၅ ဦးတွင် အလုပ်သမား ၆ ဦး၊ ကျောင်းသား ၅ ဦးနှင့် ဝန်းရံပြည်သူ ၄ ဦး တို့ဖြစ်ပြီး ၎င်းတို့သည် ပုဒ်မ ၁၄၃ (ဥပဒေနှင့် ဆန့်ကျင်သော အစုအဝေးတွင် ပါဝင်မှု)၊ ပုဒ်မ ၁၄၅ (လူစုခွဲရန် အသိပေးနေသည်ကို သိလျက်နှင့် ဥပဒေနှင့် ဆန့်ကျင်သည့် အစုအဝေးတွင် ပါဝင်မှု)၊ ပုဒ်မ ၁၄၇ (ရုန်းရင်းဆန်ခတ်ဖြစ်မှု)၊ ပုဒ်မ ၅၀၅ (ခ) ( အများပြည်သူ အကျိုးစီးပွားပျက်စီးစေမှု) တို့ဖြင့် တရားစွဲဆို ခံထားရခြင်း ဖြစ်သည်။
ဝန်းရဲကျောင်းသား ပြည်သူများကလည်း ယနေ့ တရားရုံးကို လုံခြုံရေး ထူထပ်စွာ ချထားခြင်း၊ တရားစီရင်မှုကို အများပြည်သူသို့ ဝင်ခွင့်မပြုခြင်း၊ ကျောင်းသားနှင့် အလုပ်သမားများကို အချုပ်ကားပေါ်နှင့် တရားရုံးထဲတွင် လက်ထိပ်ခတ်ထားခြင်းတို့ကို ကန့်ကွက်ခဲ့ကြသည်။
တရားစွဲဆိုခံထားရသည့် ကျောင်းသားတဦးက “တရားရုံးက အများပြည်သူ ကြားနာခွင့် ရှိရမယ့် အခြေအနေမှာ ခြံခတ်ပြီးတော့ ရဲအင်အားနဲ့ ပိတ်ဆို့ ထားတယ်။ အကာအရံတွေ လုပ်ထားတယ်။ ကားပေါ်က ဆွဲချခံရတယ်။ အဲဒါကြောင့် ဒီနေ့ တရားစီရင်ရေးကို မပူးပေါင်းနိုင်ဘဲ သပိတ်မှောက်တယ်လို့ ပြောတာ”ဟု မီဒီယာများသို့ ပြောသည်။