ဇနီးဖြစ်သူနှင့် ဖောက်ပြန်သည်ဆိုကာ ဖခင်ကို သေနတ်ဖြင့် ပစ်သတ်
This article has been converted from Zawgyi One to Unicode
ထိုင်းနိုင်ငံ ဆန်ခဘူရီ ခရိုင် ဟွေ့ကရော့ ပတ္တနာအရပ်၌ အသက် ၂၇နှစ်ရှိ ဆူဘင်ပန်ဆွန် ဆိုသူဟာ အသက် ၅၃နှစ်အရွယ်ရှိ ဖခင်ဖြစ်သူ သွန်ဘိုင်အား သူ့ရဲ့ ဇနီးဖြစ်သူနဲ့ သင်္ကာမကင်းဖြစ်ခဲ့ရာမှ ယမန် နေ့ ညနေက ဖခင်အား သေနတ်နဲ့ ပစ်သတ်ခဲ့ကြောင်း Bangkok Post သတင်းကဆိုပါတယ်။
ဆူဘင်ဟာ သေနတ်နဲ့ ကျည်ဆံ ၄တောင့်ကို ဘတ်ငွေ ၃ထောင်နဲ့ သူငယ်ချင်းဆီက ဝယ်ယူခဲ့ပြီး နောက် အခင်းမဖြစ်ခင်မှာ ဘီယာနဲ့ စိတ်ကြွဆေးကို သောက်သုံးခဲ့ကြောင်း၊ ထိုနောက် ဖခင်ဖြစ်သူ သွန်ဘိုင်အနားယူနေတဲ့ နေရာကို ရောက်ရှိလာပြီး ရင်ဘတ်ကို သေနတ်နဲ့ အနီးကပ်ပစ်ခဲ့ကြောင်း သိရပါတယ်။
သူဟာ အသက် ၁၈နှစ်အရွယ်ရှိ ဇနီးဖြစ်သူ ဆူသီပွန် ဆီဒါကို ဆက်လက်ပစ်ခတ်ဖို့ ကြိုးစားပေမယ့် သူမ ထွက်ပြေးသွားတဲ့အတွက် လွတ်မြောက်သွားပါတယ်။
ဒီကနေ့ မနက်မှာတော့ ဆူဘင်ဆိုသူကို နခွန်စဝမ်ခရိုင်အနီးရှိ နတ်တခ်လီ လမ်းမ၌ ထိုင်းရဲတပ်ဖွဲ့နှင့် စစ်တပ်က ဖမ်းမိခဲ့ပြီး၊ လက်နက်ကိုတော့ ဘုန်းကြီးကျောင်းနားက မြက်တောထဲမှာ ဝှက်ထားခဲ့တယ် လို့သိရပါတယ်။
ရဲက သူ့ကို ပြန်လည်သရုပ်ပြဖို့ အခင်းဖြစ်ရာ ဖခင်နေအိမ်သို့ ခေါ်ဆောင်လာစဉ် ဒေါသထွက်နေတဲ့ အရပ်ထဲမှ လူ ၂၀၀ခန့် ရောက်လာတဲ့အတွက် ရဲနဲ့ စစ်သား ၅၀က အကာကွယ်ပေး ဖြန်ဖြေခဲ့ရပါသေးတယ်။
သူဟာ သူ့ပြစ်မှုအတွက် သူ့ဇနီးကို တောင်းပန်ခဲ့ပြီး၊ ကလေးတွေကို စောင့်ရှောက်ဖို့ ပြောဆိုခဲ့တယ်လို့ သိရပြီး၊ ဆူဘင်ကို ဆန်ခဘူရီအကျဉ်းထောင်မှာ ချုပ်နှောင်ထားကာ လူသတ်ရန်ကြံစည်မှု၊ လူသတ်မှု၊ တရားမဝင်လက်နက်ကိုင်ဆောင်မှုတွေနဲ့ အမှုဖွင့်အရေးယူထားပါတယ်။