သံမဏိနှင်းဆီ ဂျာနယ် ထုတ်ဝေသူ အယ်ဒီတာ ကိုဝေယံဟိန်း အသတ်ခံရမှုနဲ့ ပတ်သက်ပြီး ပြင်သစ် အခြေစိုက် နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF)က များစွာ တုန်လှုပ်ရကြောင်း၊မြန်မာ အာဏာပိုင်တွေ အနေနဲ့ အမှုမှန် ပေါ်ပေါက်ရေး အမြန်ဆုံးဖော်ထုတ်ပေးဖို့ ပြင်သစ်အခြေစိုက် နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) က တိုက်တွန်းလိုက်ပါတယ်။
နယ်စည်းမခြားသတင်းထောက်များ အဖွဲ့၏ အာရှ- ပစ္စဖိတ်တာဝန်ခံ ဘင်ဂျမင် အစ္စမေးလ်က “ ဝေဟံဟိန်း မိသားစုနဲ့ လုပ်ဖော်ကိုင်ဖက်တွေကို ဝမ်းနည်းစကားဆိုလိုက်ပြီး၊ အာဏာပိုင်တွေ အနေနဲ့လည်း လုံလောက်တဲ့ စုံစမ်းစစ်ဆေးမှုတွေကို လုပ်ဆောင်ဖို့၊ ဖြစ်နိုင်ခြေတွေကို လစ်လျူမပြုဖို့ ပြောကြားထားပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၁၆ရက်နေ့က ရန်ကုန်မြို့ ပုဇွန်တောင် ၂ ရပ်ကွက်မှာရှိတဲ့ သံမဏိနှင်းဆီ ဂျာနယ်တိုက် ရုံးခန်းအတွင်းမှာ ကိုဝေယံဟိန်းကို ရင်ဘတ်ထိုးသွင်း ဒဏ်ရာ ၁၅ ချက်နဲ့ သေဆုံးနေတာကို တွေ့ခဲ့ တာဖြစ်ပြီး၊ လတ်တလောမှာတော့ အမှုနှင့်ပတ်သက်ပြီး ပုဇွန်တောင်မြို့မရဲစခန်းက (ပ) ၈၅/၂၀၁၇၊ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၀၂ ဖြင့်အမှုဖွင့်ကာ စစ်ဆေးဆောင်ရွက်နေပါတယ်။
ကိုဝေယံဟိန်း ထုတ်လုပ်နေတဲ့ သံမဏိနှင်းဆီဂျာနယ်မှာ မကြာသေးမီးက မျက်နှာဖုံးသတင်းအဖြစ် စစ်အာဏာရှင်ဟောင်းတွေနဲ့ သူတို့နဲ့ နီးစပ်တဲ့ စီးပွားရေးသမားတွေအကြောင်းကို ဖော်ပြခဲ့ပါတယ်။
အလားတူ မုံရွာမြို့ခံ Eleven Media ရဲ့ သတင်းထောက် ကိုစိုးမိုးထွန်း ရိုက်နှက်ခံရမှုကြောင့် သေဆုံး ခဲ့ရတာနဲ့ ပတ်သက်ပြီးလည်း ပြစ်မှုကျူးလွန်သူတွေကို စုံစမ်းဖော်ထုတ်ဖို့လည်း RSF က တိုက်တွန်းပါသေးတယ်။