ဗီယက်နမ်နိုင်ငံ ဒါနန်းမြို့မှာ ကျင်းပမည့် ၂၅ကြိမ်မြောက် အာရှ- ပစ္စိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု (APEC) ထိပ်သီး အစည်းအဝေးတက်ရောက်မည့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် ရုရှားသမ္မတ ဗလာ ဒီမာပူတင်တို့ မနက်ဖြန် တွေ့ဆုံရန် စီစဉ်ထားကြောင်း ရုရှားသမ္မတ၏ နိုင်ငံတကာရေးရာ လက်ထောက် ယူရှီ အူရှာကော့ဗ်က သတင်းမီဒီယာများကို ပြောသည်။
နိုင်ငံတကာရေးရာ လက်ထောက် ယူရှီအူရှာကော့ဗ်က “ အခုလောလောဆယ်တော့ အချိန်ကို သဘောတူထား တယ်”ဟု အတည်ပြုပြောကြားသည်။
အမေရိကန်နှင့် ရုရှားခေါင်းဆောင်သည် ယခင်ကတည်းက တွေ့ဆုံရန် သဘောတူညီချက် ရထားပြီး ဖြစ်သော်လည်း အေပက်အစည်းအဝေးတွင် တွေ့ဆုံရန် နှစ်နိုင်ငံ သမ္မတရုံးအဖွဲ့များက စီစဉ်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။
ထိုသို့ နှစ်နိုင်ငံ ထိပ်သီးခေါင်းဆောင်များ တွေ့ဆုံမှုနှင့် ပတ်သက်ပြီး ကိုရီးယားကျွန်းဆွယ်အရေးနှင့် ဆီးရီးယား အရေးတွင် ရုရှား၏ အကူအညီမှာ အရေးကြီးကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကလည်း ပြောဆိုထားပြီးဖြစ်သည်။
“ပူတင်ဟာအရမ်းကိုအရေးကြီးတယ်။ ရုရှားက မြောက်ကိုရိးယားနဲ့ပတ်သက်ပြီး ကူညီနိုင်တယ်၊ ဆီးရီးယားမှာ လည်းကူညီနိုင်တယ်။ ကျနော်တို့ ယူကရိန်းအကြောင်းဆွေးနွေးဖို့လည်းလိုတယ်” ဟု သမ္မတထရမ့်က နိုဝင်ဘာ လ ၃ ရက်နေ့က Fox News သို့ပြောခဲ့သည်။
ဤ သမ္မတ ၂ဦးတွေ့ဆုံမှုမှာ ဒုတိယအကြိမ်ဖြစ်ပြီး လွန်ခဲ့သည့် ဇူလိုင်လက ဂျာမနီနိုင်ငံ ဟမ်းဘတ်မြို့တွင် ကျင်းပသည့် နိုင်ငံပေါင်း ၂၀ပါဝင်သည့် စက်မှုထိပ်သီး အစည်းအဝေး(G-20) တွင် ပထမအကြိမ်တွေ့ဆုံရာ ယူကရိန်း၊ ဆီးရီးယားနှင့် ဆိုက်ဘာလုံခြုံရေးရာများကို ဆွေးနွေးခဲ့သည်။