ပဲခူးတိုင်း အနောက်ခြမ်း ပြည်မြို့နယ် သဲကုန်းကျေးရွာ အုပ်စု သဘွတ်ထောင်ကျေးရွာ၌ ယမန်နေ့ညက ငါးကန်အတွင်း ငါးလာ ဖမ်းသူများကို လုပ် သေနတ်ဖြင့် ပစ်ခတ်မှု ဖြစ်ပွားရာ တဦး ဒဏ်ရာရရှိသွားပြီး၊ ပစ်ခတ်သူကို ရွာသားများ ဝိုင်းဝန်းဖမ်းဆီးရာမှ ခြောက် လုံး ပြူး သေနတ် တလက်နှင့် ကျည် ၅တောင့် ထပ်မံသိမ်း ဆည်းရမိခဲ့သည်။
ဖြစ်စဉ်မှာ ယမန်နေ့ည ၁၁ နာရီခန့် သပွတ်ထောင်ကျေးရွာသားများက ကန်တရာစီမံကိန်း လက်ကျန် ငါးကန်တွင် ငါးဖမ်း နေစဉ် သေနတ်ဖြင့် ပစ်ခတ်ခံရသဖြင့် ကျေးရွာသားတဦး၏ ဘယ်ဘက် ဒူးခေါင်း တွင် ဒဏ်ရာရထားကြောင်း သတင်းရ၍ သွား ရောက်စစ်ဆေးရာ လူ ၃ဦးကို လုပ်သေနတ် တလက် နှင့်အတူ ရွာသား များက ဖမ်းဆီးထားသည်ကို တွေ့ရပြီး၊ ကျန် တဦး မှာ လွတ်မြောက်သွားသဖြင့် ၎င်း၏ နေအိမ်သို့ သွားရောက်ရှာဖွေရာ ခြောက်လုံးပြူး လုပ်သေနတ်တလက် နှင့် ကျည် ၅ တောင့် ကို ထပ်မံသိမ်းဆည်းရမိခြင်း ဖြစ်ကြောင်း ပြည်မြို့နယ် အမှတ် ၃ ရဲစခန်းမှ စခန်းမှူး ရဲအုပ်ထွန်းထွန်းနိုင် က ဧရာဝတီ သို့ ပြောသည်။
“မနေ့ည ၁၁ နာရီလောက်မှာ သပွတ်ထောင်ရွာ အုပ်ချုပ်ရေးမှူးကနေ ကန်တရာ ငါးကန်ကနေ ကလေး တယောက် က သေနတ်နဲ့ ပစ်တယ်၊ သူနဲ့အတူ ၃ယောက်ပါတယ်၊ ရွာသားတွေ လိုက်ဖမ်းတော့ အဲဒီ အထဲက ဦးစိုးမြင့်ဆိုသူ က ထွက်ပြေး တယ်၊ ဦးစိုးမြင့်နေတဲ့ အဆောက်အဦးကို ရှာတဲ့အခါ အောက်မှာ ခြောက်လုံးပြူးနဲ့ ကျည်နဲ့တွေ့တယ်ဆိုပြီး သတင်းပို့လို့ မနက် ၅ ခွဲလောက် အုပ်ချုပ်ရေးမှူးတွေနဲ့ သွားတာ ကန်တရာငါးကန်ရဲ့ဘေးမှာ ဦးစိုးမြင့်ကိုတွေ့လို့ ဖမ်းဆီး ရမိခဲ့တယ်” ဟု သူက ပြောသည်။
အဆိုပါ သေနတ်ဖြင့် ပစ်ခတ်သူများကို ဖမ်းဆီးရာတွင် ပါဝင်သည့် ဦးမြင့်အုန်းက “သေနတ်က တည့် တည့် မှန်တာတော့ မဟုတ်ဘူး တခုခုကို မှန်ပြီးမှာ ပဲတင်ပြီးပြန်မှန်တဲ့သဘောပါ ဒူးခေါင်းမှာ ညိုသွားတယ်”ဟု ရှင်းပြသည်။
ယခုအခါ ဖမ်းဆီးရမိသူများ ဖြစ်သည့် ဦးစိုးမြင့်၊ ဝေလွင်ဦး၊ ဘိုလေးနှင့် အငယ်လေးတို့အား လုပ် သေနတ်ဖြင့် ပစ်ခတ် သည့်အတွက် ပုဒ်မ ၃၀၇/၁၁၄ ဖြင့်လည်းကောင်း၊ ဝေလွင်ဦးကို လက်နက်ပုဒ်မ ၁၉(စ)ဖြင့်လည်းကောင်း၊ ခြောက်လုံးပြူး လုပ်သေနတ်နှင့် ကျည်တောင့်များတွေ့ရှိခဲ့သည့်အတွက် ဦးစိုးမြင့်အား လက်နက် ပုဒ်မ ၁၉(စ) တို့ဖြင့် အမှတ် ၃ ရဲစခန်း တွင် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။