ဆက်သွယ်ရေး ဝန်ကြီးဌာနမှ အရာရှိကြီးတချို့၏ အလွဲသုံးစား ပြုမှုများကို ဖော်ထုတ် စစ်ဆေးနေသည့် သတင်းကြောင့် သမ္မတ ဦးသိန်းစိန် လက်ထက် အစိုးရ၏ လာဘ်ပေးလာဘ်ယူမှု တိုက်ဖျက်ရေး လုပ်ငန်းစဉ် အရွေ့ကို မြင်တွေ့ရသည်ဟု ဆိုနိုင်သော်ငြား အများပြည်သူအတွက် အစိုးရက တရားဝင် သတင်းထုတ်ပြန်မှု အားနည်းနှေးကွေးလွန်းနေပြီး တရားစီရင်ရေးနှင့် ဥပဒေစိုးမိုးရေးတွင်လည်း မည်သို့မည်ပုံ ကိုင်တွယ်ဆောင်ရွက်မည်ကို ရှင်းလင်းစွာ မသိရှိရသေးချေ။
ဇန်နဝါရီလ ၁၈ ရက်နေ့က စပြီး မိမိဆန္ဒနှင့် မိမိဘာသာ နှုတ်ထွက်သွားခဲ့သည်ဟု ဆိုသော ဆက်သွယ်ရေး ဝန်ကြီးအပါအဝင် ဝန်ထမ်း ၄၀ ကျော်အား နေပြည်တော်တွင် ခေါ်ယူ စခန်းသွင်း စစ်ဆေးမှုများ လုပ်ခြင်းမှာ ကမ္ဘာပေါ်တွင် ခြအစားဆုံးနိုင်ငံ တနိုင်ငံအဖြစ် သတ်မှတ်ခံထားရသည့် မြန်မာနိုင်ငံ၏ အစိုးရ ဗျူရိုကရေစီ ယန္တရားကို သန့်ရှင်းပြီး အစွမ်းထက်လာစေရေး သမ္မတ ဦးသိန်းစိန်က အလေးအနက်ထား မိန့်ခွန်းပြောကြားပြီး တလနီးပါးအကြာ ဖြစ်ပေါ်လာခြင်းဖြစ်သည်။
ထို့ပြင် ကောင်းမွန်သော အုပ်ချုပ်မှုစနစ်နှင့် သန့်ရှင်းသော အစိုးရဖြစ်ပေါ်ရေး၊ အစိုးရယန္တရားအတွင်း အဂတိတရား ကင်းရှင်းရေး၊ လာဘ်ပေးလာဘ်ယူ ပပျောက်ရေးအတွက် ဒု သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း ဦးဆောင်သော ၉ ဦးပါ “လာဘ်ပေးလာဘ်ယူမှု အရေးယူဆောင်ရွက်ရေး ကော်မတီ” ကို ယခုလ အစောပိုင်းတွင် ဖွဲ့စည်းအပြီး ဖြစ်ပေါ်လာသော အရေးအခင်းလည်း ဖြစ်သည်။
လာဘ်ပေးလာဘ်ယူမှုသည် ၁၉၆၂ ခုနှစ် နောက်ပိုင်း တဖြည်းဖြည်းနှင့် ဆိုးဝါးလာပြီး ၁၉၈၈ ခုနှစ်နောက်ပိုင်း စစ်အစိုးရ လက်ထက်တွင် မြန်မာလူ့အဖွဲ့အစည်းအတွင်း နေ့စဉ် ယဉ်ကျေးမှုတရပ်ဖြစ်လာခဲ့ရာ စစ်အစိုးရအား ဆက်ခံသည့် ဦးသိန်းစိန် အစိုးရလက်ထက်တွင်လည်း ကျယ်ကျယ်ပြန့်ပြန့် ဆက်လက် ဖြစ်ပွားနေဆဲ ဖြစ်သည်။
၂၀၁၁ ခုနှစ် နိုင်ငံတကာ အဂတိ လိုက်စားမှု တိုက်ဖျက်ရေးအဖွဲ့ (Transparency International) ၏ စစ်တမ်းအရ နိုင်ငံပေါင်း ၁၈၂ နိုင်ငံတွင် မြန်မာနိုင်ငံသည် အောက်ဆုံးမှ စရေလျှင် မြောက်ကိုရီးယားနှင့် ဆိုမားလီယားတို့၏ အထက်တွင် ရပ်တည်နေကာ အာဖဂန်နစ္စတန် နိုင်ငံနှင့်အတူ အဂတိလိုက်စားမှု အဆိုးဆုံး နိုင်ငံများထဲတွင် တတိယ နေရာ၌ ရှိနေသည်။
ယခု အရေးအခင်းနှင့် ပတ်သက်ပြီး နေပြည်တော်၏ တရားဝင်ထုတ်ပြန်မှုမှာ “မိမိသဘောဆန္ဒအလျောက် နုတ်ထွက်ခွင့်ပြု”ဟူ၍သာ ဖြစ်သောကြောင့် လူဦးရေ သန်း ၆၀ ရှိ မဖွံ့ဖြိုးသေးသည့် မြန်မာ့ ဆက်သွယ်ရေး ဈေးကွက် ဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် စီမံအုပ်ချုပ်မှုယန္တရားအတွင်း ပြုပြင်ပြောင်းလဲမှုများဆီ ဦးတည်စေရေး ဟုတ် မဟုတ် မရှင်းလင်းလှပေ။
ဒေသတွင်း မိုဘိုင်းလ်တယ်လီဖုန်း သုံးစွဲမှုတွင် မြန်မာတို့သည် လာအို၊ ကမ်ဘောဒီးယားတို့ထက်ပင် အဆင့်များစွာ နိမ့်ကျလျက် ရှိနေသေးသည်။ မြန်မာနိုင်ငံတွင် လူဦးရေ သန်း ၅.၄၄ သာ မိုဘိုင်းဖုန်း တရားဝင် လျှောက်ထားသူရှိ၍ တိုင်းပြည် လူဦးရေ၏ ၉ ရာခိုင်နှုန်းသာ သုံးစွဲနိုင်သည်။ ကမ်ဘောဒီးယားတွင် ၇၀ ရာခိုင်နှုန်း၊ လာအိုတွင် ၈၇ ရာခိုင်နှုန်း၊ ထိုင်းတွင် ၁၀၀ ရာခိုင်နှုန်း သုံးစွဲနေနိုင်ကြပြီဖြစ်သည်။
ဈေးကွက်ကို ချုပ်ကိုင်ထားပြီး မိုဘိုင်းလ်ဖုန်းများအား မှောင်ခိုဈေးကွက် ဖန်တီး၍ အမြတ်ကြီးစား ဈေးဖြင့် အရောင်းအဝယ်ပြုနေသောကြောင့် ပြည်သူလူထုအများစုသည် သတင်းအချက်အလက်များနှင့် အဆက်အသွယ်ပြတ်နေရပြီး သမ္မတ ဦးသိန်းစိန် ရည်မျှော်သော ပြည်သူအခြေပြု စနစ် အကောင်အထည်ဖော်မှု ခရီးမတွင်ဖြစ်နေရပေသည်။
အကျင့်ပျက်ခြစားမှုဆိုသည်မှာ နိုင်ငံရေး၊ စီးပွားရေး အားနည်းမှုကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်ပြီး အကြောင်းအရင်းအမှန်ကို ထုတ်ဖော် မကိုင်တွယ်နိုင်သရွေ့တိုက်ဖျက်ရေးအဖွဲ့များ ဖွဲ့သော်ငြားလည်း အကျိုးသက်ရောက်မှု မရှိကြောင်းလည်း သမ္မတ၏ စီးပွားရေး အကြံပေး ဒေါက်တာ ဦးမြင့်က ရေးသားခဲ့ဖူးပါသည်။
ထိုကြောင့် သြဂုတ်လက နေပြည်တော်၌ ကျင်းပသော ဒုတိယအကြိမ် စီမံကိန်းကော်မရှင် အစည်းအဝေးတွင် သမ္မတ ဦးသိန်းစိန်က “လာဘ်ပေးလာဘ်ယူမှုဟာ ပေးသူရော ယူသူပါ အကျင့်ပျက်တဲ့ သိက္ခာမဲ့ လုပ်ရပ်ဖြစ်တဲ့အပြင် အစိုးရရဲ့ ဂုဏ်သိက္ခာ၊ နိုင်ငံရဲ့ ဂုဏ်သိက္ခာကိုပါ ထိခိုက်စေတဲ့အတွက် ထိထိရောက်ရောက် အပြစ်ပေး အရေးယူခြင်းများဖြင့် တားဆီးသွားကြရန် လိုအပ်ပါတယ်” ဟု သတိပေးခဲ့သည်နှင့် ယခု အရေးယူဆောင်ရွက်မှုကို များစွာ ကြိုဆိုထိုက်သော်လည်း ရှေ့တွင် ခြစားမှုကို ဆက်လက်တိုက်ဖျက်ရေး မည်သို့ မူဝါဒနှင့် ဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို ကိုင်စွဲ ကျင့်သုံးမည်ကို ရှင်းလင်းစေခြင်း အလို့ငှာ ယခု အရေးအခင်းအား ပွင့်လင်းမြင်သာပြီး တာဝန်ယူမှုရှိစွာ ကိုင်တွယ်ဖော်ထုတ်သင့်ပါသည်။
သို့မဟုတ်ပါက အာဏာနှင့် လုပ်ပိုင်ခွင့်ကို အလွဲသုံးစားပြုပြီး အကျင့်ပျက်ခြစားမှု သံသရာဝဲဂယက်ကို မကျော်လွှားနိုင်ဖြစ်ပေတော့မည်။ ရွှေသမင် မင်းကြီးတာက ထွက်သည့် စနစ်ဟောင်းက ရုန်းမလွတ်ဖြစ်ပေတော့မည်။