ဈေးမီးလောင်ကျွမ်းမှုတွေမှာ ယခုနောက်ဆုံးအဖြစ် ၂၀၁၆ ခုနှစ် မတ်လ ၂၂ ရက်နေ့ ညနေ ၅း၃၀ နာရီမှာ လောင်ကျွမ်းတဲ့ မန္တလေးမြို့ ၇၃လမ်း x လမ်း၃၀ ဒေါင့်က မင်္ဂလာဈေး မီးလောင်ကျွမ်းမှုဖြစ်ပါတယ်။ ညနေ ၅ နာရီခွဲကတည်းက လောင်ကျွမ်းတဲ့မီးက ည ၉ နာရီခွဲအထိ လောင်နေဆဲဖြစ်တယ်။ မီးသတ်တပ်ဖွဲ့ဝင်တွေ ငြှိမ်းသတ်နေရင်းမှာပဲ တဈေးလုံးနီးပါး လောင်ကျွမ်းခံလိုက်ရတာပါ။
မင်္ဂလာဈေး မီးလောင်ကျွမ်းမှုဟာ မန္တလေးမြို့မှာ ဈေးမီးလောင်မှုထဲမှာ ဒုတိယမြောက် ဈေးမီးဖြစ်တယ်။ ၂၀၀၈ ခုနှစ် ဖေဖော်ဝါရီ ၂၅ ရက်နေ့က ရတနာပုံဈေးကြီး မီးလောင်ကျွမ်းခဲ့ပြီး ဆိုင်ခန်းပေါင်း ၁၅၀၀ ကျော် မီးဘေးသင့်ခံခဲ့ရတယ်။ ဈေးမီးလောင်မှုတွေက မြို့တိုင်းနယ်တိုင်းမှာ ဖြစ်နေတာပါ။ ဒီနှစ်ဆန်းပိုင်းထဲမှာပဲ ရန်ကုန်မြို့က မင်္ဂလာဈေးလည်း ဒုတိယအကြိမ် မီးလောင်ပျက်စီးခဲ့ရပြန်တယ်။ ရန်ကုန်မြို့ မင်္ဂလာဈေးက ၂၀၁၀ ခုနှစ် မေလ အတွင်းကလည်း ပထမအကြိမ် မီးလောင်ခံခဲ့ရပါသေးတယ်။ အဲဒီလိုပါပဲ တောင်ငူဈေး၊မော်လမြိုင်ဈေး၊ မုံရွာမြို့ ချင်းတွင်းရတနာဈေး၊ မုံရွာမြို့ သီရိရတနာဈေး စတဲ့ ဈေးမီးလောင်မှုပေါင်းများစွာ ခံခဲ့ရပြီးပါပြီ။ မီးဘေးသင့်ခံခဲ့ရတဲ့ ဈေးအများစုက “တည်ဆောက်ပြုပြင် မြန်ပြည်တခွင်” ခေတ်မှာ တည်ဆောက်ခဲ့ကြတဲ့ အထပ်မြင့်ဈေး၊ “အဆင့်မြင့်ဈေး” တွေဖြစ်ကြတယ်။
အဆင့်မြင့်ဈေးတွေလို့ တည်ဆောက်သူတွေက ပြောခဲ့ကြပေမယ့် တကယ် အဆင့်မြင့်ရဲ့လား။ တကယ်အဆင့်မြင့်တယ်ဆိုရင် မီးဘေးအန္တရာယ် ကာကွယ်ရေး စနစ်တကျ မတည်ဆောက်နိုင်ခဲ့ဘူးလို့ ကောက်ချက်ချရတော့မှာဖြစ်တယ်။ ဈေးမီးလောင်မှုတိုင်းမှာ လောင်စရာ လောင်စာကုန်မှ ရပ်ခဲ့တဲ့ အဖြစ်တွေချည်းသာ ရှိခဲ့တယ်။ မီးဘေးအန္တရာယ်အတွက် စနစ်တကျ ထည့်သွင်း တည်ဆောက်ခဲ့ရင် ပျက်စီးဆုံးရှုံးမှု ဒီလောက်များစရာ အကြောင်းမရှိပါဘူး။ အောက်မှာ ဖော်ပြထားတဲ့ ကိန်းဂဏန်းတွေက စနစ်တကျ အဆင့်မြင့်မြင့် တည်ဆောက်ခဲ့တာ မဟုတ်ကြောင်း သက်သေပြနေတယ်။
ထင်ရှားတဲ့ ဈေးမီးလောင်မှုကြီးတွေက ရန်ကုန်မြို့ မင်္ဂလာဈေး(ပထမအကြိမ်) ၂၀၁၀ ခုနှစ် မေလ ၂၄ ရက်နေ့ ဆုံးရှုံမှုတန်ဖိုး ကျပ်ငွေဘီလီယံ၂၀ ကျော်ခဲ့ပါတယ်။ ရန်ကုန် မင်္ဂလာဈေး (ဒုတိယအကြိမ်) ၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၉ ရက်နေ့ မှာ ဆိုင်ခန်းပေါင်း ၁၆၃၆ လောင်ကျွမ်းခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး ကျပ်သိန်းပေါင်း ၃၆၀၀၀ ကျော် ဆုံးရှုံးခဲ့ရတယ်။ မန္တလေး ရတနာပုံဈေး (၂၀၀၈ခုနှစ် ဖေဖော်ဝါရီ ၂၅) မီးလောင်ကျွမ်းမှုကြောင့် ဆိုင်ခန်းပေါင်း ၁၅၀၀ ကျော် မီးဘေးသင့်ခဲ့ရပြီး ၂၀၀၈ ခုနှစ်အတွင်း ဆုံးရှုံးမှု အကြီးမားဆုံးဈေးအဖြစ် မှတ်တမ်းဝင်ခဲ့ရတယ်။ မော်လမြိုင်မြို့က ဈေးကြီး (၂၀၀၈ ခုနှစ် ဒီဇင်ဘာလ) မီးလောင်ကျွမ်းခဲ့ပြီး ဆိုင်ခန်းပေါင်း ၁၁၀၀ ကျော် မီးသင့်ခဲ့ရပြန်တယ်။ မုံရွာမြို့ ချင်းတွင်းရတနာဈေးကြီး (၂၀၁၀ ခုနှစ် ဇွန်လ) မီးလောင်ကျွမ်းခဲ့ပြီး ဆိုင်ခန်းပေါင်း ၄၀၀ ကျော် မီးလောင်ခဲ့ရတယ်။ တောင်ငူဈေးကြီးလည်း မီးဘေးသင့်ခဲ့ဖူးတယ်။ ရန်ကုန်မြို့က သင်္ဃန်းကျွန်းဈေးလည်း မီးလောင်ခံခဲ့ဖူးတယ်။
အခုနောက်ဆုံး မန္တလေးမြို့က မင်္ဂလာဈေး မီးလောင်မှုမှာလည်း နွေညနေခင်း လင်းလင်းရှင်းရှင်း ရှိနေချိန် သွားလမ်း လာလမ်းသာတဲ့ မြို့လယ်ကောင်နေရာ လောင်တာဖြစ်ပေမယ့် ည ၁၀း၀၀ နာရီအထိ မီးကျွင်းမီးကျန်တွေကို မီးသတ်တပ်ဖွဲ့ဝင်တွေ ငြှိမ်းသတ်နေရဆဲဖြစ်တယ်။ မင်္ဂလာဈေး မီးသတ်စခန်းနဲ့ ကပ်လျက်မှာ တည်ရှိတယ်။ ဗဟိုမီးသတ်နဲ့ ကားမောင်းလာရင် ၁၀ မိနစ်ခရီး အကွာမှာရှိတယ်။ သဘာဝရေကန် ကျုံးနဲ့ ပေ ၃၀၀၀ လောက်အကွာမှာသာ ရှိတယ်။ ဒီလိုအနေအထားမျိုးမှာ ဒီလောက်ထိ လောင်ကျွမ်းသွားရတာ ဘာကြောင့်လဲ။
တကယ်သာ အဆင့်မြင့်ဈေး အင်္ဂါရပ်တွေနဲ့ ညီခဲ့ရင် ဒီလောက်ထိဖြစ်စရာ အကြောင်းမရှိဘူး။ ဈေးတည်ဆောက်စဉ်ကတည်းက မီးလောင်ပြီဆိုတာနဲ့ အလိုအလျောက် မီးငြှိမ်းပေးမယ့် မီးသတ်ရေငုတ်တွေ၊ မီးသတ်ရေကန်တွေ၊ လွယ်လင့်တကူ သုံးနိုင်မယ့် မီးသတ်ရေပိုက်တွေ၊ အရေးပေါ်ထွက်ပေါက်တွေ၊ အဆင်သင့် မီးသတ်ဆေးဘူးတွေ စတဲ့ အရေးပေါ်မီးသတ်ပစ္စည်းတွေ ထည့်သွင်းထားတာ မရှိတော့ မီးသတ်တပ်ဖွဲ့ဝင်တွေ ကြိုးစားပမ်းစားငြှိမ်းနေရင်းမှာပဲ ဈေးမီးလောင်မှုတွေ ဆုံးရှုံးမှုတွေက အမြဲများခဲ့ရတယ်။
ဈေးမီးလောင်မှုတွေရဲ့ အဓိက တရားခံထဲမှာ စံချိန်စံညွှန်းမမီတဲ့ လျှပ်စစ်ပစ္စည်းတွေ ဈေးသစ်တည်ဆောက်ခဲ့စဉ်က ထည့်သွင်းသုံးစွဲခဲ့တာတွေကြောင့်လည်း ပါဝင်တယ်။ ငွေကုန် အကျိုးမများ အဖိုးနည်း အိုးကွဲ လျှပ်စစ်ပစ္စည်းတွေက ဒုက္ခပေးပေါင်းများလှပြီ။ ဂိတ်မပြည့်တဲ့ ဝါယာကြိုးတွေ၊ အဆင့်မမီတဲ့ မီးခလုတ်တွေက ဝါယာရှော့ အန္တရာယ်ကို ဖိတ်ခေါ်နေတယ်။ရတနာပုံ ဈေးမီးက ဝါယာရှော့ကနေ လောင်ကျွမ်းခဲ့တာဖြစ်တယ်။ အများပြည်သူနဲ့ သက်ဆိုင်တဲ့ အဆောက်အဦတွေမှာ အရည်အသွေးမမီတဲ့ လျှပ်စစ်ပစ္စည်းတွေသုံးလိုက်တာကြောင့် ကျပ်ဘီလီယံနဲ့ချီဆုံးရှုံးတယ်ဆိုတာ မဖြစ်သင့်ဘူး။
မီးသတ်တပ်ဖွဲ့ဝင်တွေလည်း ယခုထက် စွမ်းဆောင်ရည်တွေမြှင့်တင်ကြရတော့မယ်။ သမားရိုးကျ မီးငြှိမ်းသတ်နည်းတွေနဲ့ မီးဘေးအန္တရာယ်ကို ကာကွယ်နိုင်ဖို့ဆိုတာ မလွယ်ဘူး။မြို့ပြတွေ ဖွံ့ဖြိုးတိုးတက်လာမှုနဲ့အတူ လူဦးရေ ထူထပ်လာသလို အထပ်မြင့်အဆောက်အဦတွေက များသထက်များ လာတယ်။ ယာဉ်အသုံးပြုမှုလည်း ပိုလာလို့ လောင်စာဆီ သုံးစွဲမှုလည်း အရင်ထက်မြင့်လာတယ်။ မီးဘေးအန္တရာယ်ကြုံကြိုက်လာပြီဆိုရင် အချိန်တိုအတွင်း မီးလောင်တဲ့နေရာရောက်အောင် စီမံဆောင်ရွက်ကြရမှာဖြစ်တယ်။ မီးသတ်ယာဉ်တွေခေတ်မီကြံ့ခိုင်နေရမယ့်အပြင် ကျွမ်းကျင်မီးသတ် ယာဉ်မောင်းတွေေ မွးထုတ်ထားဖို့ လိုအပ်ပါတယ်။ မီးသတ်တပ်ဖွဲ့ဝင်တွေက မီးငြှိမ်းသတ်နေစဉ်မှာပဲ ကယ်ဆယ်ရေးလုပ်ငန်းတွေကိုပါ တပြိုင်နက် လုပ်ကြရတာဖြစ်လို့ ခေတ်မီ မီးသတ်ရေး မီးကာဝတ်စုံတွေ အောက်ဆီဂျင်ဘူးတွေ အရည်အသွေးမှီ ခေါင်းစွပ်တွေ ရှိနေရပါ့မယ်။ လူ၊ စက်ပစ္စည်း၊ ယန္တရား အားလုံးကောင်းမွန်နေမှသာ မြို့ပြမီးဘေးအန္တရာယ်တွေကို အချိန်မီကာကွယ်နိုင်မှာဖြစ်သလို လူ့အသက်တွေလည်း အချိန်မီ ကယ်ဆယ်နိုင်မှာ ဖြစ်တယ်။
မီးသတ်ယာဉ်၊ ရေသယ်ယာဉ်၊ လှေကားပါယာဉ်၊ အုပ်ချုပ်မှုယာဉ် စတဲ့ မီးသတ်တပ်ဖွဲ့ပိုင်ယာဉ်တွေ အမြဲခေတ်မီ ကောင်းမွန်နေဖို့ အရေးကြီးပါတယ်။ မီးသတ်တပ်ဖွဲ့ဝင်တွေကတော့ အရေးကြီးဆုံးပါပဲ။ စက်ပစ္စည်းကရိယာနဲ့ ကားတွေက မကောင်းရင် ချက်ချင်းဝယ် လဲလို့ရပေမယ့် မီးသတ်တပ်ဖွဲ့ဝင်တွေက လူသားအရင်းအမြစ်တွေဖြစ်လို့ အချိန်ယူလေ့ကျင့် သင်ကြားကြရတယ်။ ကျွမ်းကျင်မီးသတ်တပ်ဖွဲ့ဝင်ဖြစ်ဖို့ အချိန်၊ ငွေ၊ နည်းပညာ များစွာ ရင်းနှီးမြှုပ်နှံထားကြရတာပါ။ ခေတ်နဲ့ လိုက်လျောညီထွေဖြစ်အောင် မီးသတ်တပ်ဖွဲ့ဝင်တွေကို နိုင်ငံခြားမှာ ပညာတော်သင်တွေ တက်နိုင်သမျှ များများစေလွှတ်ဖို့လည်း အရေးကြီးပါတယ်။ နိုင်ငံတကာက တက္ကသိုလ်ကြီးအချို့မှာ ခေတ်မီမီးငြှိမ်းသတ်ရေးပညာနဲ့ သက်ဆိုင်တဲ့ ဘွဲ့တွေ ဒီပလိုမာတွေ အပ်နှင်းနေပြီဖြစ်ပါတယ်။
မီးလောင်မှု ကြီးကြီးမားမား ဖြစ်တိုင်း ဆုံးရှုံးမှုပမာဏက များပြားခဲ့တာချည်းပါပဲ။ အထူးသဖြင့် ဈေးမီးလောင်မှုတွေဆိုရင် ပျက်စီးဆုံးရှုံးမှုက ပိုများတာပေါ့။ လူထောင်ပေါင်းများစွာရဲ့ အသက်အိုးအိမ်စည်းစိမ်တွေ ရင်းနှီးမြှုပ်နှံထားရာနေရာ၊ နေ့စဉ် ရောင်းရေးဝယ်တာ စီးပွားရေး ဖြစ်တာကြောင့် ဆုံးရှုံးမှုပမာဏတွေက ကိန်းဂဏန်းတွေထက် ပိုဆုံးရှုံးကြရတယ်။ ဈေးမီးလောင်မှုကပေးတဲ့ သင်ခန်းစာတွေ များလွန်းလို့ လုံလောက်နေပါပြီ။ နောက်ထပ် မရချင်တော့ပါဘူး။
(သန်းနိုင်ဦးသည် မန္တလေးအခြေစိုက် သတင်းစာဆရာတဦး ဖြစ်သည်)