“အဓိကတော့ နီးရာဓား ကြောက်နေရတာပေါ့”

ဧရာဝတီ၊
ချင်းပြည်နယ် အစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် သတ္တုတွင်း ဝန်ကြီး ဦးမာန်ဟင်းဒါးလ် / ချစ်မင်းထွန်း / ဧရာဝတီ
Want create site? Find Free WordPress Themes and plugins.

ချင်းပြည်နယ်အစိုးရအဖွဲ့သည် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ကော်ဖီနှင့် စပျစ်ကို ပြည်နယ် တခုလုံး အတိုင်းအတာ ထိ စိုက်ပျိုးသွားရန် ဆောင်ရွက်နေသည်။

ပြည်နယ်ဖွံ့ဖြိုးရေး အစီအစဉ်များ လုပ်ဆောင်လျက် ရှိနေသော်လည်း ပြည်နယ် အစိုးရနှင့် ပြည်ထောင်စု အစိုးရ ကြား အာဏာခွဲဝေမှု သတ်သတ်မှတ်မှတ် မရှိခြင်းကြောင့် အခက်အခဲများလည်း ရှိနေကြောင်း သိရသည်။

ထိုအခြေအနေများနှင့် ပတ်သက်ပြီး ချင်းပြည်နယ် အစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် သတ္ထုတွင်း ဝန်ကြီး ဦးမာန်ဟင်းဒါးလ်ကို ဧရာဝတီ အကြီးတန်း သတင်းထောက် ချစ်မင်းထွန်းက တွေ့ဆုံ မေးမြန်းထားပါသည်။

မေး။ ။ ဝန်ကြီးတို့ ပြည်နယ် အစိုးရနဲ့ ပြည်ထောင်စု အစိုးရကြား အာဏာခွဲဝေမှု အပိုင်းမှာ လွတ်လွတ်လပ်လပ် လုပ်ပိုင်ခွင့် ရှိလား။ ဘယ်လို အခြေအနေလေးတွေ ရှိပါသလဲ။

ဖြေ။ ။ လွတ်လွတ်လပ်လပ်ကတော့ လုပ်ပိုင်ခွင့် ရှိပါတယ်။ ဒါပေမယ့် ဒီအစိုးရရဲ့ မူရင်းဌာန ဝန်ကြီးတွေ နောက်ပြီး တော့ ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးတွေ၊ ဝန်ကြီးချုပ်က အစပေါ့နော်။ လုပ်ပိုင်ခွင့် သတ်သတ်မှတ်မှတ် ပြဌာန်း ထား တာ မရှိတာကို တွေ့ရတယ်။ ပြည်ထောင်စုအဆင့် ကနေပြီးတော့ ဒီဟာတော့ မင်းလုပ် ဒီဟာတော့ မင်းရဲ့လုပ်ပိုင်ခွင့် ဆိုတဲ့ ဟာမျိုး တိတိကျကျနဲ့ လုပ်ငန်းတာဝန် ခွဲဝေမှုက နည်းနည်းမပီပြင်သေးတဲ့ဟာကို တွေ့ရတယ်။

နောက်တချက်ကလည်း ကျနော်တို့ အစိုးရဖွဲ့တာ အစိုးရဌာနမှာ အလုပ်လုပ်ဖူးတဲ့ သူလည်း ရှိတယ်။ နောက်ပြီးတော့ ပြည်ထောင်စု အဆင့်မှာ မလုပ်ဘူးတဲ့လူလည်း ရှိတယ်။သူတို့ရဲ့ ဌာနဆိုင်ရာသွားတဲ့ နည်းလမ်းတွေက သိပ်ပြီးတော့ ဂဃနဏ အတွေ့အကြုံ မရှိတာလည်း ရှိတယ်။ ကျနော်တို့မှာ သတ်သတ်မှတ်မှတ် ပြဌာန်းချက်တွေ ရှိလာရင် ပိုပြီး ကောင်းပါတယ်။ ဘာဖြစ်လို့လဲဆို သူ့လုပ်ငန်းက ဒါတွေပဲဆိုတာတွေကို သတ်သတ်မှတ်မှတ် ညွန်ကြားချက်နဲ့ ဥပဒေနဲ့ သတ်မှတ်ပေးရင်တော့ ကောင်းပါတယ်။

နောက်တခုက လုပ်ပိုင်ခွင့်နဲ့ တာဝန်ဆိုတာ ရှိတယ်။ တချို့က တာဝန်ပဲရှိပြီးတော့ လုပ်ပိုင်ခွင့်မရှိတဲ့ သဘောမျိုး ဖြစ် နေ တယ်။ ဝန်ထမ်း စီမံခန့်ခွဲရေး လုပ်တဲ့ အခါမှာ ပြည်နယ်အစိုးရသည် အလုပ်ခန့်ပိုင်ခွင့် ပညာပေး အရေးယူတဲ့ ကိစ္စမှာ တာဝန် က မပေးထားဘူး။

ဖက်ဒရယ်ပုံစံမျိုး၊ ဒီမိုကရေစီပုံစံမျိုး ပြည်နယ်အစိုးရရဲ့လုပ်ပိုင်ခွင့် ပြတ်ပြတ်သားသား သတ်မှတ်ပေးဖို့ လိုအပ်နေ တယ်။ ကျနော့်အမြင်ပေါ့နော်။ ကျနော်တို့ ပြည်နယ်အစိုးရက နေ့စားတယောက် ၊ အငယ်တန်းစာရေး တယောက် တောင် ခန့်ပိုင်ခွင့်မရှိဘူး။ အရေးယူပိုင်ခွင့် ဖြုတ်ပိုင်ခွင့်တောင် မရှိဘူး။ ကျနော်တို့က ဒီလူကိုမကြိုက်ဘူး။ ဖြုတ်ပေးပါ ပြောလို့ရတယ်။ ဒါပေမယ့် သူ့မှာအဲဒီလို လုပ်ပိုင်ခွင့်မရှိဘူး။ စာရေးတယောက်၊ နေ့စားတယောက် ခန့်တဲ့အထိ ပြည်ထောင်စုနဲ့ ညှိနှိုင်းမယ် ဆိုရင် လုပ်ပိုင်ခွင့်က တော်တော်လေးကို အားနည်းနေတာကို တွေ့ရတယ်။

မေး။ ။ တာဝန်ခွဲဝေမှုက သတ်သတ်မှတ်မှတ် မရှိဘူးဆိုတာလေ ဘယ်လိုလုပ်ငန်းစဉ်တွေမှာ ဖြစ်နေတာလဲ၊ ဒီလို လုပ် ပိုင်ခွင့် မရှိတော့ လုပ်ငန်းတွေ လုပ်တဲ့အခါမှာ ပြည်နယ်အစိုးရအနေနဲ့ ဘယ်လိုအခက်အခဲတွေ တွေ့ရလဲ။

ဖြေ။ ။သူက ဘာလုပ်ရမယ်ဆိုတဲ့ တာဝန်ပဲရှိတာ။ ဥပမာ စည်ပင်ဆို စည်ပင်ဝန်ကြီးက စည်ပင်နဲ့ ပတ်သက်တာ လုပ် မယ်။ လျှပ်စစ်က စက်မှုနဲ့ပတ်သက်တာ လုပ်မယ်။ ဒါပေမယ့် သူ့မှာ ဘယ်လောက်အထိ In Power လုပ်ထားလဲ၊ လုပ် ပိုင် ခွင့် ပေးထားလဲ ဆိုတဲ့အထိ မပါဘူး။ အဲဒါကိုပြောတာ။

မေး။ ။ အဲဒီလိုမျိုး လုပ်ပိုင်ခွင့်မရှိတော့ ဝန်ကြီးတို့ ဒေသဖွံ့ဖြိုးရေးနဲ့ လူထုဖွံ့ဖြိုးရေး လုပ်တဲ့အခါမှာ ဘယ်လိုအခက် အခဲ တွေ ကြုံတွေ့ရလဲ။

ဖြေ။ ။ အဲဒါကတော့ အထူးသဖြင့် သိပ်မရှိပါဘူး။ ဘာလို့ဆို ကိုယ့်ရဲ့ ပြည်နယ်မှာရှိတဲ့ ဝန်ထမ်းတွေကို ကိုယ်က ထိန်းချုပ်နိုင်တဲ့ အတိုင်းအတာနဲ့ပဲ ဆိုင်တာ။ ထိန်းချုပ်မနိုင်တဲ့ အခါကျတော့ ဘယ်လိုအရေးယူမှာလဲ ဆိုတာမရှိဘူး။ ရုံးချုပ်ကပဲ ဆိုတော့ ဒီဟာကို သိပ်မထိရောက်ပါဘူး။ သိပ်ပြီးတော့ အားကိုးလို့ မရပါဘူးဆိုတာ ဖြစ်လာတယ်။ တကယ် လိုက်နာနိုင်တဲ့ ဝန်ထမ်းတွေလည်း ရှိပါတယ်။ ဒါပေမယ့် မရှိလာခဲ့ရင် ဘယ်လိုဖြေရှင်းမလဲ ဆိုတာ အထူး သဖြင့် ပြောချင်တာ။

မေး။ ။ ဝန်ကြီးဆိုလိုတာက ဝန်ကြီးတို့ အစိုးရက ပြည်ထောင်စု အစိုးရက ချမှတ်တာကို လိုက်လုပ်ပေးနေရပြီး ကိုယ် က အမိန့်ပေးပိုင်ခွင့် မရှိဘူး ဆိုတာမျိုးလား။

ဖြေ။ ။ မှန်ပါတယ်။ အဓိကတော့ နီးရာဓား ကြောက်နေရတာပေါ့နော်။ ကျနော်တို့ နီးပေမယ့် ကျနော်တို့ကို လုပ်ပိုင်ခွင့် အဲဒီလောက် မပေးထားဘူး။ ဝန်ထမ်းတယောက် ရွှေ့ချင်တာတောင်မှ ပြည်ထောင်စုအစိုးရနဲ့ ညှိနှိုင်းရမယ် ဆိုတဲ့ ဟာမျိုး ဖြစ်နေတော့ လုပ်ပိုင်ခွင့်ကို ပြတ်ပြတ်သားသားနဲ့ ပေးရမှာ။

မေး။ ။ တာဝန်ရှိပြီး လုပ်ပိုင်ခွင့်မရှိဘူး ဆိုတာက ဘယ်ကိစ္စတွေမှာ ဖြစ်နေတာလဲဗျ။

ဖြေ။ ။ အားလုံးမှာ ဖြစ်နေတာ။ နီးရာဓား ကြောက်တော့ သူ့ရဲ့ နီးရာဓားက ရုံးချုပ် သူ့ရဲ့ ညွန်ချုပ်ပဲ ခေါင်းထဲမှာ ထား တာ။ ဆိုတော့ ဒီဝန်ထမ်းတွေက ပြည်နယ်၊ တိုင်းဒေသကြီးတွေမှာ လုပ်ပိုင်ခွင့်ပေးဖို့ လိုအပ်တယ်။ ဥပမာ- စာရေး လိုချင် တယ်။ ခန့်လို့မရဘူး။ ကိုယ့်ဌာနမှာလည်း ခန့်လို့မရဘူး။

မေး။ ။ နောက်တခုက စပျစ်နဲ့ ကော်ဖီကို ချင်း တပြည်နယ်လုံးမှာ စိုက်မယ်လို့ ကြားတယ်။ အဲဒါ ဘယ်လို အစီအစဉ် ရှိလဲ ပြောပြပေးပါဦး။

ဖြေ။ ။ စပျစ်ကို ကျနော် စဉ်းစားတာ၊ စပျစ်က ပင်လယ်ပြင်အမြင့် ဘယ်လောက်မှာ၊ မြေဆီကဘယ်လို ဆိုတဲ့ဟာ၊ စိုက်ပျိုးရေးက ဘလိုင်းကြီးလုပ်လို့မရဘူး။ ဘယ်ဒေသမှာ ဖြစ်နိုင်လဲဆိုတဲ့ဟာကို ကျနော်တို့ အဓိကစဉ်းစားရတယ်။

ကော်ဖီဆိုလည်း ပင်လယ်ပြင် အမြင့် ၄ ထောင်လား၊ ၃ ထောင်လား၊ ၅ ထောင်လား ဆိုတာနဲ့ ဘယ်နေရာမှာ ဖြစ်မယ် ဆိုတာ စဉ်းစားရတယ်။ တပြည်နယ်လုံးမှာ ဆိုရင် ဖြစ်တဲ့နေရာက ဖြစ်တယ်။ သိပ်မဖြစ်တဲ့နေရာက ရှိတယ်။ ဥပမာ- တီးတိန် ကော်ဖီဖြစ်တယ်။ မင်းတပ်မှာ ဖြစ်တယ်။ ကန်ပက်လက်မှာ ဖြစ်တယ်။ ဖလမ်းမှာလည်း ဖြစ်တယ်။ အမြင့်မှာ လည်း ဖြစ်တယ် လို့တော့ ပြောတယ်။ ဒါပေမယ့် အမြင့်ပေ ၅ ထောင်အထက် လောက်မှာ သိပ်တော့ မတွေ့ရဘူး ဆို တော့ သူ့ မြေအနေအထားနဲ့ ပင်လယ်ပြင်အမြင့် ကိုက်ညီမှ လုပ်သွားရမှာ ဖြစ်ပါတယ်။

နောက်တခုက ကော်ဖီပျိုးပင်ကို မနှစ်က (၂၀၁၇ ခုနှစ်) ၁ သိန်း ဖြန့်နိုင်တယ်။ ဒီနှစ်ကျတော့ တိုးမယ် ဆိုပြီးတော့ ၅ သိန်း လောက် ရည်မှန်းထားပြီးတော့ ဘတ်ဂျက်တင်တယ်။ ဒါပေမယ့် ဘတ်ဂျက်က ခွင့်ပြုချက်အရဆိုရင် ကျနော်တို့ တောင်းသလောက် မရနိုင်ဘူး။ အဲဒါကို ကျနော်တို့ ဒီနှစ်မှာ ၂ သိန်းလောက်ကိုတော့ လုပ်နိုင်တဲ့ အစီအစဉ် ရှိတယ်။

ဒါကိုတော့ ကျနော်တို့ သင့်တော်တဲ့ နေရာ၊ စိုက်ပျိုးနိုင်တဲ့နေရာအပြင် စိုက်ပျိုးတဲ့လူတွေက စိုက်ပျိုးဖို့ အာသီသ ဖြစ်လာမှ ရမယ်။ အစိုးရဌာနက အကုန်လုံး စီးပွားရေး လုပ်ပြီးတော့ စိုက်မယ် ပျိုးမယ်၊ ခူးမယ် ၊ ရောင်းမယ် ဆိုတဲ့ လုပ်ငန်းစဉ်ကြီး တခုလုံးကို လုပ်ဖို့ လမ်းညွန်ချက်လည်း မရှိဘူး။ လုပ်နိုင်တဲ့ အင်အားလည်း မရှိဘူး။ တောင်သူတွေရဲ့ ဆန္ဒကို စည်းရုံးပြီးတော့ လုပ်ရတယ်။ ကျနော်တို့က တတ်နိုင်သမျှ ပျိုးပင် ပံ့ပိုးပေးဖို့ပါ။

ကျနော်တို့ အရင်တုန်းက ပျိုးပင် ရောင်းတယ်။ အခုကတော့ ပြည်ထောင်စုအဆင့်နဲ့ ပျိုးပင် အလကား ဖြန့်နိုင်ဖို့ ကြိုးစား ပြီးတော့ ဆောင်ရွက်နေပါတယ်။ ကျနော်တု့ိ ပျိုးပင်တွေကို မြို့နယ်အစုံကိုပေးဖို့ လုပ်နေပါတယ်။ မြို့နယ် တိုင်း မှာ ပျိုးခင်းတွေ လုပ်ခိုင်းထားပါတယ်။

နောက်တခုက စပျစ်က ဖြစ်တယ်။ နေရာတိုင်း လိုလိုမှာ ဖြစ်တယ်။ စပျစ် စိုက်ပျိုးတဲ့ အခါကျတော့ ဈေးကွက်ကို စဉ်းစားရမယ်။ ရည်ရွယ်ချက်ကတော့ ဝိုင်ထုတ်မယ်။ အဲဒီလို ထုတ်မယ်ဆိုလည်း ကျနော်တို့ စပျစ် က ၂ မျိုးရှိတယ်။ ဝိုင်ထုတ်တဲ့ အမျိုးရယ်၊ စားသောက်တဲ့ အမျိုးရယ်။ ၂ မျိုးမှာ ချင်းပြည်နယ်မှာ ရှိတဲ့ဟာတွေက အချိုမျိုးတွေ များတယ်။ အချိုမျိုးသည် စားသောက်ရေး အတွက်ပဲ သွားမယ့် အနေအထားမျိုး တွေ့ရတယ်။ အချဉ်မျိုးမှ ဥပမာ- ပြင်သစ်ဝိုင်၊ အီတလီဝိုင်၊ ဂျာမနီဝိုင် လို နိုင်ငံခြားကို ဈေးကွက် ဖောက်နိုင်ဖို့ အနေအထားက မရှိဘူး။

လက်ရှိ ကျနော်တို့ မြန်မာပြည် အနေအထားအရ ဆိုရင် မေမြို့ဝိုင်၊ ဘာဝိုင်ပဲ ဖြစ်ဖြစ် စပျစ်ဝိုင် အားလုံး အချိုမျိုးပဲ။ ကျနော်တို့ မြန်မာလူမျိုးအကြိုက် အချိုမျိုးပဲ လုပ်နေရင် နိုင်ငံတကာကို ထိုးဖောက်ဖို့ သိပ်မလွယ်ဘူးလို့ ယူဆရတယ်။ နိုင်ငံခြားမပို့နိုင်တောင် မြန်မာပြည်မှာ ကြာရှည်ခံနိုင်အောင် လုပ်နိုင်တဲ့ အနေအထားဖြစ်ဖို့လိုတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading