ရန်ကုန်တက္ကသိုလ် နယ်မြေက ပညာရေးတက္ကသိုလ်နဲ့ ဆေးတက္ကသိုလ် အကြားမှာ ပေါ်ပေါက်လာတဲ့ အဆောက်အအုံသစ်ကို အကြောင်းပြုလို့ သမိုင်းတန်ဖိုးနဲ့ ထူးခြား ဗိသုကာ လက်ရာမြောက်တဲ့ အဆောက်အဦတွေ အနားမှာ အဆောက်အအုံ သစ်တွေ ထပ်တိုးဆောက်မယ်၊ ပြုပြင်မယ်ဆိုရင် ရှိပြီးသားအဆောက်အအုံတွေရဲ့အလှတရားကို မထိခိုက်အောင် ဘာတွေ ကြိုတင်ပြင်ဆင်သင့်သလဲ၊ ဘယ်လိုဆန်းစစ်မှုတွေ ပြုလုပ်ရမလဲ၊ ဘယ်လိုတည်ဆောက်မလဲ၊ ဘယ်သူတွေနဲ့ တိုင်ပင်သင့်သလဲ ဆိုတာတွေကို ဧရာဝတီရဲ့ အကြီးတန်းသတင်းထောက် ဇူးဇူးကနေပြီး ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့(YHT)၏ ဒါရိုက်တာ ဒေါ်မိုးမိုးလွင်နဲ့ တွေ့ဆုံ မေးမြန်းထားပါတယ်။
မေး။ ။ရန်ကုန်ပညာရေးတက္ကသိုလ် လေ့ကျင့်ရေး အထက်တန်းကျောင်း (TTC) ရှေ့က အဆောက် အအုံသစ်နဲ့ ပတ်သက်လို့ ဗိသုကာပညာအရ ဘာပုံစံမှမရှိ၊ လမ်းနဲ့အရမ်းနီးကပ်ပြီး ဆောက်ထားပြီး လမ်းကိုမိုးနေတာ ရုပ်ပျက်စေ တယ်ဆိုတဲ့ ဝေဖန်သံတွေ ထွက်နေတယ်။ ဒီအဆောက်အဦသစ်နဲ့ ပတ်သက်လို့ ဘယ်လို မှတ်ချက်ပြုချင်ပါသလဲ။
ဖြေ။ ။ အဆောက်အအုံ ဆောက်ကြတယ်ဆိုတာ ကိုယ့်မြေနေရာပေါ်မှာ ကိုယ်ဆောက်ကြ နေရာချ ကြတာ။ ဒါပေမယ့် ကိုယ့်မြေကအင်မတန်အရေးကြီးတဲ့နေရာ ဟုတ်လား မဟုတ်လားဆိုတာ ဆန်းစစ်သင့်တယ်။ ဘယ်သူမဆိုပါ။ TTC အနေ နဲ့ သူပိုင်တဲ့မြေဖြစ်လို့ ဒီရှေ့မှာ ဆောက်ချင်တယ်။
ဒီလို ပုံစံဆောက်တော့မယ် ဆိုရင် ဒါက မြို့အနေနဲ့ အရေးကြီးတဲ့ နေရာ ဖြစ်လို့ မြို့လူထုက သိရဲလား၊ တကယ်လို့ ဗိသုကာတယောက်က ပုံစံထုတ်ခဲ့ရင် အဲဒီဗိသုကာကတော့ အင်မတန် တာဝန် ကြီးတဲ့ နေရာမှာ ယူရတယ်။ ဘေးမှာရှေ့မှာ ဘာရှိလဲ။ ဒါကိုဘယ်လို လေးစားမလဲ။
ကိုယ့်အနားမှာ သိပ်အရည်အသွေး ကောင်းတဲ့ တကယ့်ထူးခြားတဲ့ ဗိသုကာလက်ရာတွေ ဒါမှမဟုတ် သမိုင်းအရ အရေးကြီးတဲ့ နေရာမျိုး ရှိတယ်ဆိုရင် သူတို့ ကို ထိခိုက်မှုမရှိအောင် ကိုယ်ကယို့ပေး ရတယ်ဆိုတဲ့ သဘော။ လူကြီးတွေနားမှာ လူငယ်တွေက နေလို့ရှိ ရင် ယို့ပြီးတော့ နေရသလိုမျိုး။ လူကြီးတွေကို ပြိုင်ပြီးလွှမ်းမိုးပြီးတော့ မဖြစ်အောင် သတိထားရပါတယ်။ အဲဒါမှာတော့ ဘယ်လို ပုံစံမျိုး ဆိုတာထက် ဗိသုကာ သူ့ပညာနဲ့ ဘယ်လိုပြမလဲဆိုတဲ့ဟာမှာ အရေးကြီးပါတယ်။
ရှေ့မထွက်ရဘူးလို့ မဆိုလိုဘူး။ ဒါပေမယ့် ဘယ်လို ပုံစံမျိုးနဲ့ ထွက်မလဲ။ ဘယ်လောက် လုံလောက်တဲ့ အကွာအဝေးကို ချန်ထားမလဲ။ ဘယ်သူက ပိုပြီး ထင်းထင်းမြင်သာစေသင့်လဲဆိုတဲ့ ဟာတွေက ဗိသုကာပညာမှာ လုပ်လို့ရပါတယ်။
ဒါက ပညာနဲ့လုပ်ရမယ့် ဟာမျိုးတွေပါ။ ဗိသုကာတွေမှာ ဒါမျိုးကို သင်ထားပြီးသား လေ့ကျင့်ပြီးသား မို့ ဗိသုကာလက်ရာကောင်း ကောင်းနဲ့ ဆောက်တယ်ဆိုရင် ဗိသုကာအနေနဲ့ ဒါတွေကို တာဝန်ယူပြီး လုပ်မှာပါ။ ဒီလိုနေရာမျိုးမှာ ဗိသုကာစစ်စစ်နဲ့ လည်း ဆောက်ဖို့လိုပါတယ်။ တာဝန်ပေးခံရတဲ့ ဗိသုကာအနေနဲ့ အဲဒါတွေကို ကြည့်ဖို့လိုပါလိမ့်မယ်။ တည်ဆောက်မယ့် အဖွဲ့အစည်းအနေနဲ့ကလည်း ဒါမျိုးဟာက အများပြည်သူ အကုန်လုံးသိပြီး ဝေဖန်ဆန်းစစ်ခံပြီးမှ လုပ်တာလားဆိုတာလည်း သိကြဖို့ လိုပါလိမ့်မယ်။
မေး။ ။ သူ့ဘေးနားမှာ ရှိနေတဲ့ ပညာရေးတက္ကသိုလ်နဲ့ ဆေးတက္ကသိုလ်ရဲ့ ရှေးဟောင်းအဆောက်အဦ အလှနဲ့ မြင် ကွင်းကို ပုံဖျက်နေတယ်လို့ရော ထင်ပါသလား။
ဖြေ ။ ။ အဲဒါကတော့ သတိထားဖို့ဆိုရင် အမြင့်က ယှဉ်နေမိလား။ ရှေ့ထွက်နေတဲ့ဟာက သိပ်ရှေ့ ရောက်နေသလား။ လမ်းမကနေ သိပ်ပြီးတော့ ထင်သာမြင်သာကြီး ဖြစ်နေလား။ အရောင်အားဖြင့် သိပ်ပြီးထင်းနေလား။ ဗိသုကာအားဖြင့် အရည်အသွေးဆိုတာလည်း လိုပါတယ်။ တကယ့်ကို နောက်တခါ တန်ဖိုးရှိပြီးတော့ အင်မတန်ကောင်းတဲ့ ဗိသုကာ လက်ရာဆို ဒါ တွေအကုန်လုံး ထည့်တွက်ပြီး လုပ်မှာပေါ့။ ဗိသုကာလက်ရာ ကိုယ်တိုင်ကလည်း သိပ်ပြီး မကောင်းဘူး ဆိုရင်တော့ အဲဒီလို နေရာမျိုးမှာ ရှေ့မထွက်သင့်ဘူးလို့ ထင်ပါတယ်။
မေး။ ။ ရန်ကုန်တက္ကသိုလ်ဝင်းထဲမှာ အဆောက်အဦသစ်တွေ ဆောက်လာတယ်။ လိုအပ်ချက်အရ ဆောက်တယ် ဆိုရင် ကျဉ်းကျပ်တဲ့ မြေနေရာပေါ်မှာ ဒီလိုသမိုင်းဝင်အထင်ကရနေရာမှာ ဘယ်လို ပုံစံမျိုးနဲ့ ဆောက်သင့်တယ်လို့ အကြံပြုချင်ပါသလဲ။
ဖြေ။ ။ ရန်ကုန်က အမွေအနှစ် လက်ရာကောင်းတွေ ရှိတဲ့ သမိုင်းဝင်မြို့တော်ဆိုတာ ဘယ်သူမှ ငြင်းမှာမဟုတ်ဘူး။ အဲဒီမြို့ရဲ့ ဒီလိုနေရာမျိုးတွေမှာ ဆောက်မယ်ဆိုရင် သမိုင်းဝင် ဆိုတဲ့နေရာမှာ ရှေးဟောင်းဘုရားမှ မဟုတ်ဘူး။ နှစ်တရာ ကျော်မှ မဟုတ်ဘဲ ဒီလိုတက္ကသိုလ်ဝင်းကြီးတွေ ဆေးရုံဝင်းကြီးတွေလို ဟာမျိုး။ လူတွေ တော်တော်များများနဲ့ ဆက်စပ်တဲ့ ဟာမျိုး တွေမှာ တခုခုဆောက်တော့မယ် ထပ်တိုးတော့မယ်ဆိုရင် အင်မတန် သတိထားသင့်ပါတယ်။
ရန်ကုန် တက္ကသိုလ်ဝင်းက နှစ် ၁၀၀ နီးလို့မှ အရေးကြီးတာ မဟုတ်ပါဘူး။ ရန်ကုန်စက်မှု တက္ကသိုလ် ဝင်းဆိုလည်း လွန်ခဲ့တဲ့ နှစ် ၅၀/၆၀ လောက်က ဆောက်တယ်ဆိုပေမယ့် ဒါလည်း အရေးကြီးတာပဲ။ အတူတူပဲ။ ဒီလို Campus တွေမှာက လူ ထောင်ပေါင်းများစွာနဲ့ ဆက်စပ်တဲ့သမိုင်းတွေ ရှိတယ်။ လူတိုင်းမှာ အဲဒီအမှတ်တရတွေ ရှိနေတယ်။ ဒီပတ်ဝန်းကျင်တွေကို စွဲလန်းနေတာတွေ ရှိတယ်။ ဒါတွေအကုန်လုံးက နည်းနည်း လေးလေးစားစားနဲ့ လုပ်ရမယ်။
ဆက်ပြီးတော့ တိုးချဲ့နေတာတွေ အသစ်လိုလာတာတွေလည်း ရှိမယ်။ မမှားတဲ့ဟာကတော့ ဘာတွေရှိနေလဲဆိုတဲ့ဟာကို ဆန်းစစ်တတ်ဖို့ လိုပါတယ်။ ရှိနေတဲ့ဟာတွေမှာမှ ဘယ်ဟာတွေက အရေးကြီးဆုံး နေရာတွေလဲ။ အရေးကြီးဆုံးတွေမှာ အ ဆင့် ၁၊ ၂၊ ၃ ပြန်ခွဲပေါ့။
သိပ်အရေးကြီးတဲ့နေရာတွေ သမိုင်းအချက်အလက်တွေအရ သိပ်ပြီး အမှတ်တရဖြစ်စရာတွေ ဗိသု ကာလက်ရာ တန်ဖိုးတွေအရ သဘာဝပတ်ဝန်းကျင်အနေအထားတွေအရ အရေးကြီးတဲ့ နေရာမျိုးတွေ မှာဆို ထပ်တိုးတာပဲ ဖြစ်ဖြစ် ပြင်တာပဲဖြစ်ဖြစ် ဒီနေရာတွေကို မထိခိုက်အောင် လုပ်ရပါတယ်။ သိပ်အရေးမကြီးတဲ့ အပိုင်းတွေ နေရာမျိုးတွေမှာ ဆိုရင်တော့ တိုးချဲ့လို့ရတယ်။
ဒါတွေကလည်း Campus ကို Planner လုပ်တဲ့သူ၊ Master Plan ပြန်လုပ်မယ့်သူ၊ ဒီမှာထပ် တိုးဆောက်မယ့် လိုအပ်တာတွေကို ဖြည့်မယ့် ဒီဇိုင်းလုပ်မယ့် ဗိသုကာတွေအတွက် ဒါက အရေးကြီးပါတယ်။
အဲဒါက Heritage Assessment လို့ ခေါ်တယ်၊ ပတ်ဝန်းကျင် ထိခိုက်မခိုက် ဆန်းစစ်တာမျိုး၊ လူမှုရေးကို ဆန်းစစ်တာ မျိုးပဲ ဒီအမွေအနှစ်နေရာတွေကိုလည်းပဲ Heritage Impact Assessment (အမွေအနှစ်ထိခိုက်မှုဆိုင်ရာအကဲဖြတ်မှု) ဆို တာ လုပ်ရတဲ့ဟာ ရှိတယ်။ တခုခု တိုးမယ်ဆို နောက်တိုး မယ့်ဟာက ဘယ်နေရာမှာဆိုရင် ပိုပြီး ထိခိုက်သွားမလား။ ဘယ် နေရာမှာဆို ထိခိုက်မှုနည်းမလား ဆိုတာ ဆန်းစစ်ပြီး လုပ်မယ်ဆိုရင် အမှားနည်းမှာပဲ။
ထို့အတူ ဘုရားဝင်းကြီးတွေ၊ ရှေးဟောင်းဘုန်းကြီးကျောင်း ဝင်းကြီးတွေလည်း အတူတူပါပဲ။ နောက် အလှူရှင်က ထပ်တိုးဆောက်တော့မယ်ဆိုရင် ကျောင်းဟောင်းကြီးတွေရဲ့ အနားတွေမှာ ထိခိုက်မလား။ လွှမ်းမိုးနေမှာလား ဆိုတဲ့ဟာမျိုးတွေ။ တခါတ လေကျရင် ဘာမှမရှိတဲ့ ကွက်လပ်ကိုတောင်မှ ဒီကွက်လပ်လေးရဲ့ တန်ဖိုးရှိနေတယ်ဆိုရင် ဒီကွက်လပ်ကို ချန်ခဲ့ရမယ်။
ရန်ကုန်တက္ကသိုလ်ဝင်းဆိုရင် လမ်းတွေရှိတယ်။ ကွက်လပ် မြက်ခင်းပြင်တွေလည်း ရှိမယ်။ သစ်ပင် တွေ ကံ့ကော်တောလို မျိုးတွေ ရှိမယ်။ အဆောက်အဦ တခုနဲ့ တခုကြားမှာရှိတဲ့ Space တွေ ကိုယ်တိုင်ကိုယ်က တန်ဖိုးရှိတဲ့ဟာတွေ။ လူတွေအား လုံးမှာ ဒီအာဝါသလေးရောက်သွားရင် အမှတ်တရလေးတွေ ရှိတယ်ဆိုတဲ့ နေရာမျိုး။ ဒီလိုနေရာမျိုးမှာ ဘာအဖြစ်အပျက် တွေ ဖြစ်ပျက်ခဲ့ဖူးတယ်ဆိုတာမျိုး။
ရန်ကုန်တက္ကသိုလ်ဆို သမိုင်းကလည်း လောလောလတ်လတ်ကို လှုပ်ရှားမှုတွေနဲ့လည်း ဆက်စပ်နေ တဲ့နေရာ အများကြီးရှိမယ်ဆိုတော့ ဆောက်တော့မယ်ဆို ဒါတွေကို ကြည့်ရပါမယ်။ အဲဒါတွေကို ကြည့်တဲ့နေရာမှာလည်းပဲ ကိုယ့်ဟာကိုယ် ဆုံးဖြတ်ပြီး လုပ်တာမျိုးထက် သက်ဆိုင်တဲ့သူတွေ အကုန်လုံးကို အသိပေးပြီး တိုင်ပင် သ ဘောထားကို ယူပြီးတော့ လုပ်တဲ့ဟာက အမှားအကင်း ဆုံးဖြစ်မှာပါ။
ပြန်ချုပ်ရရင် Heritage Assessment လို ဟာမျိုးလုပ်ပြီး Plan လုပ်ပါ။ ဒုတိယတခုက Public Consultation အများနဲ့ တိုင် ပင်ပါ။ အများဆိုတာ ပြည်သူတရပ်လုံးဆိုတဲ့ ကိုယ်စားပြုတဲ့သူတွေ ဥပမာ တက္ကသိုလ်အသိုင်းအဝိုင်းတွေ၊ ကျောင်းသား ဟောင်းအသိုင်းအဝိုင်းတွေဆိုတာမျိုးကို မေးမြန်းတိုင်ပင်ပြီး သဘောထားရယူပြီးတော့ လုပ်ခြင်းက အကောင်းဆုံးဖြစ်မှာပါ။
မေး။ ။ တခုခုလုပ်မယ်ဆို ဆန်းစစ်မှုတွေ အရင်လုပ်ဖို့ ပြောသွားတယ်။ ခေတ်အဆက်ဆက်မှာ ဒါတွေလုပ်ဖို့ အားနည်း ခဲ့တယ်လို့ ထင်ပါတယ်။ အခုနောက်ပိုင်း အစိုးရတာဝန်ရှိသူတွေဘက်က ပညာရှင်တွေကို ခေါ်ယူတွေ့ဆုံ ဆွေးနွေးတာမျိုး၊ ပညာရှင်တွေ ဘက်က အကြံပြုချက်ပေးတာမျိုးတွေ ရှိပါသလား။
ဖြေ။ ။ အစိုးရ တချို့အစိတ်အပိုင်းတွေမှာ ဒါကို Welcome လုပ်တယ်။ အကြံဉာဏ် တောင်းတာမျိုး လည်း ရှိတယ်။ အကြံဉာဏ်မတောင်းဘူးဆိုရင်တောင် ကိုယ်ကကမ်းလှမ်းရတာပေါ့။ တခါတလေကျ တော့ ဒါကို အရေးကြီးတယ်လို့ မထင်တာ ဒါမှမဟုတ် အာဏာပိုင် အသိုင်းအဝိုင်းတွေကြားမှာ နဂို ကတည်းက ဆုံးဖြတ်ပြီး ဖြစ်တဲ့အခါကျရင် ဘယ်လိုမှ တိုးမပေါက်တဲ့ ဟာမျိုးတွေလည်း ရှိတတ်ပါ တယ်။ ဥပမာ ဆေးရုံကြီးလုပ်တုန်းက ကျမတို့ suggestion ပေးဖူးပေမယ့် အဲဒီကြားထဲမှာပဲ တခြားဟာတွေ ကြားထဲက ဆောက်ဆောက်သွားတာပဲ။
ဆိုလိုတာက ရှိပြီးသားဟာတွေထဲမှာ ဘယ်လောက်တန်ဖိုးရှိလဲ ဆိုတဲ့ဟာကို အရင်ဆန်းစစ်။ တချို့က သမိုင်းအရ တန်ဖိုး ရှိမယ်။ ဒါပေမယ့် အဆောက်အအုံက သိပ်မကောင်းတော့ဘူး။ အဲဒီမှာ သမိုင်း အချက်အလက်က အရမ်းတန်ဖိုးရှိတယ်ဆို ရင် ဒါလေးကို ပြန်ဆောက်တဲ့ဟာမျိုးလည်း ဆောက်ရမယ်။
ဒါမှမဟုတ် သမိုင်းအရ သိပ်မရှိဘူး။ အဆောက်အအုံကလည်း တန်ဖိုးသိပ်မကောင်းဘူး။ Quality ဆိုတာက ဗိသုကာ လက်ရာ အရရော၊ Structure အရလည်း သိပ်မခိုင်ခံ့တော့ဘူးဆိုရင် ဒါမျိုးကို ဖယ်ပြီး ဒီနေရာနဲ့ ကိုက်ညီအောင်။ ဒီနေရာမှာ လည်း ဒီနားက ကိုလိုနီ အဆောက်အအုံတွေပဲမို့ နောက်ဆောက်မယ့် အဆောက်အအုံက ကိုလိုနီပုံစံတွေ ပါအောင်လုပ် ရမယ်လို့ မဆိုလိုဘူး။ ဒီခေတ်မှာလည်း ကိုလိုနီပုံစံ လုပ်စရာမလိုဘူး။ ဒီခေတ်နဲ့ဆိုင်တဲ့ အတတ်ပညာနဲ့ ဒီဇိုင်းနဲ့ပဲ လုပ်ရမှာ။
ဒါပေမယ့် ဒီအာဝါသနဲ့တော့ ကိုက်ညီတဲ့ဟာမျိုး။ ဗိသုကာ လက်ရာကောင်းတခု။ သူ့ Skill အရ Colour အရဆိုတဲ့ ဟာမျိုး။ သူ့ရဲ့ပုံစံအရ ကိုက်ညီတဲ့ဟာမျိုးကို လုပ်လို့ရပါ တယ်။ ဒါတွေက ဗိသုကာပညာမှာ သင်ကြားပြီးဖြစ်မှာပါ။ ဗိသုကာ ကောင်း ကောင်းတယောက်က လုပ်တယ်ဆိုရင် ဒါတွေ က ရှိပြီးသား ဖြစ်မယ်။ ဒါပေမယ့် ခက်တာက တခါတလေကျရင် ဗိသုကာ လက်ရာနဲ့ ဗိသုကာ ကောင်းကောင်းကို အသုံး မချဘဲ လုပ်တဲ့ဟာမျိုးတွေကလည်း ရှိတာဆိုတော့ အဲဒီမှာ မသင့်တော်တဲ့ ဟာတွေ ဖြစ်လာတာပေ့ါနော်။
မေး။ ။ လှည်းတန်းဂုံးကျော်တံတားကြီးက သမိုင်းဝင် တက္ကသိုလ်နယ်မြေကို ရုပ်ဆိုးစေတယ်လို့ ထင်ပါသလား။ အလားတူ ပန်းဆိုးတန်း လူကူးဂုံးတံတား ရှိမယ်ပေါ့။ မြို့ပြဒီဇိုင်းနဲ့ ကြည့်မယ်ဆို ဒါတွေ တကယ်ပဲ လိုအပ်သလား။ ဘယ်လို အကြံ ပြုချင်တာမျိုး ရှိမလဲ။
ဖြေ။ ။ ဒါတွေကလည်း ပရောဂျက်တွေ တခါတလေကျရင် လုပ်ချင်စိတ်များပြီး လုပ်တာမျိုးတွေ ဖြစ်နေတယ်။ ဒီနေရာမို့လို့ ဒါလုပ်တယ်။ နောက်တနေရာမို့ နောက်တမျိုး လုပ်တယ်ဆိုတာမျိုး။
ကိုက်၏ မကိုက်၏ ဆိုတာကို အရေးမကြီးဘူးလို့ ထင်တဲ့အခါ တကယ့်ကို မျက်စိထဲမှာ အလှအပ သိတဲ့သူမှ မဟုတ်ပါဘူး။ ဘယ်သူမဆို ထိုးထိုး ထောင်ထောင် ဖြစ်နေတယ်။
မလျော်ကန်တာဖြစ်နေတယ်ဆိုတာ ခံစားရတာပဲ။ ဒါကြောင့် မြို့ပြဒီဇိုင်းပညာရပ်တို့ ဗိသုကာပညာရပ် တို့ဆိုတာ အရေးကြီး တယ်ဆိုတာကို ပြောတာပါ။ ဘတ်ဂျက်ရလို့ ဘာပဲမဆို ဘယ်သူဆွဲဆွဲ ဆောက် ပစ်လိုက်မယ်ဆိုတဲ့ဟာမျိုးဆို ကျမတို့မြို့က အဲဒီ Quality ကို ရှိမှာမဟုတ်ဘူး။ မျက်စိပသာဒပေါ့။ ဒါ ရေရှည် ခံစားရမယ့်ဟာ။ ဒါက ပညာရပ်အနေနဲ့ သိချင်မှလည်း သိ မယ်။ ဒါပေမယ့် ခံစားလို့တော့ ဘယ်သူမဆိုရတဲ့ဟာမျိုး။
အရင်မြို့ပြဖန်တီးတဲ့သူတွေ လုပ်ခဲ့တဲ့ ကောင်းခဲ့တဲ့ဟာတွေကို ကျမတို့ အခု အမွေဆက်ခံပြီး ဒီဟာတွေ ဆက်လက်ရနေ သေးတာ။ ကိုယ့်လက်ထက်မှာ ဒါမျိုးတွေကို တန်ဖိုးမထားဘူး။ တန်ဖိုးရှိမှန်းလည်း မသိဘူး။ ဒါတွေ မလိုဘူးလို့ ထင်တယ် ဆိုတာမျိုး။ ပညာရှင်နဲ့လည်း မတိုင်ပင်ဘူး။ ဘာမဆို ဒီဟာကို ငွေသုံးပြီး လုပ်မယ်ဆိုတာမျိုးပဲ ရှိနေလို့ရှိရင် ကျမတို့ နောက်လူတွေကို ဘာမှ အဖိုးမတန်တဲ့ ရန်ကုန်ကိုပဲ ပေးနိုင်မှာပါ။
မေး။ ။ ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင်ဖို့ ကြိုးပမ်းနေတဲ့ ရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ပုဂံဒေသအပါအဝင် နေရာ အနှံ့မှာ တခုခုလုပ်လိုက်တယ်။ အသံတွေထွက်လာတဲ့အခါ ပြန်ဖျက်လိုက် တယ် စသဖြင့် ပြဿနာတွေ တက်တယ်။ ဒါတွေ ဘာကြောင့် ဖြစ်နေရတာလဲ။ ဘယ်သူ့မှာ အဓိက တာဝန်ရှိမလဲ။
ဖြေ – လုပ်တယ်။ မှားတယ်။ ပြန်ဖျက်တယ်ဆိုတာ မှားမှန်းလည်း သိတယ်ပေါ့။ ဒါဆိုရင် မမှားအောင်လို့ နဂိုကတည်းက ပြင်ဆင်ရင် မကောင်းဘူးလား။ နောက်တခုက ကိုယ်ပိုက်ဆံရှိလို့ ကိုယ်လုပ်နေကြတာ မဟုတ်ဘူးလေ။ တိုင်းပြည်ပိုက်ဆံနဲ့ လုပ်နေတာ။ ဒီနိုင်ငံမှာ ကျမအနေနဲ့ ရန်ကုန်ပေါ့။ အထူးသဖြင့် အကုန်လုံး တိုင်းပြည်ဘဏ္ဍာနဲ့ လုပ်နေတဲ့ဟာတွေကို မလုပ် ခင်မှာ အမှားနည်းအောင် စဉ်းစားစေချင်ပါတယ်။
အရေးပေါ် လုပ်ရတဲ့ဟာမျိုးဆိုရင်လည်း ပညာရှင်နဲ့တိုင်ပင်ပြီး စဉ်းစားလို့ ရပါတယ်။ ကျမတို့မှာ ပညာရှင်အဖွဲ့အစည်း အသိုင်းအဝိုင်းတွေ၊ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းတို့၊ မြန်မာနိုင်ငံ ဗိသုကာ အသင်းတို့၊ တခြားသော ပညာရှင်အသင်း၊ အဖွဲ့အစည်းတွေ အများကြီးရှိပါတယ်။ အတွေ့အကြုံရှိတဲ့ စီးပွားရေးလုပ်ငန်းရှင် တွေ၊ ပညာတတ်တဲ့သူတွေလည်း အများကြီးရှိပါတယ်။
တိုင်းပြည်ဘဏ္ဍာနဲ့သုံးပြီး လုပ်တော့မယ်ဆိုရင် တခါမက စဉ်းစားစေချင်ပါတယ်။ သေချာအောင် ပညာရှင်အသိုင်းအဝိုင်းရဲ့ အကြံဉာဏ်တွေ ယူသင့်ပါတယ်။ အများပြည်သူကို ကြိုတင် အသိပေးပြီး ပြောသင့်ပါတယ်။
မပြောဘဲနဲ့လုပ်ပြီးတော့မှ တနေရာရာမှာ ပြောတော့မှ ပြန်ဖျက်ရတယ်ဆိုကတည်းက ဒါဟာ နဂိုကတည်းကလည်း ဂရုမ စိုက်ခဲ့ဘူး။ သုံးတဲ့ဘဏ္ဍာငွေကိုလည်း နှမြောရကောင်းမှန်းမသိလို့ ဖြစ်တယ်လို့ပဲ ဆိုရမှာပဲ။ ဒီကိစ္စက ပြီးရင် ဘယ်သူမှ လည်း လျော်မှာမဟုတ်ဘူး။
တိုင်းပြည်ဘဏ္ဍာကို သုံးပြီးတော့ လုပ်တဲ့နေရာတိုင်းမှာ တော်တော်ကို လေးလေးနက်နက် စဉ်းစားပြီး အလေအလွင့်မရှိအောင် တိုင်ပင်ပါ။ သဘောထားတောင်းပါ။ ရှင်းပြပါ။ အဲဒီ သုံးခုလောက်နဲ့ လုပ်မယ်ဆိုရင် တောင် တော်တော် အဆင်ပြေမယ် ထင်ပါတယ်။
မေး – အခုလို အမွေအနှစ်တွေကို ဂရုစိုက်မဘဲ လုပ်ချင်တာလုပ်နေတာတွေကို မြင်တွေ့ရတဲ့အခါ ပညာရှင်တဦးအနေနဲ့ ဘယ်လို ခံစားရပါသလဲ။ ဘာတွေ အကြံပြုချင်ပါသလဲ။
ဖြေ – အမွေအနှစ်ကိစ္စမှ မဟုတ်ပါဘူး။ ဘာပဲလုပ်လုပ် ကျမတို့မှာ ဒီအသိုင်းအဝိုင်းတွေ ရှိတဲ့ဟာကို အကောင်းဆုံး အသုံးပြုပါ။ ဒီလို ငွေမျိုးနဲ့ သုံးရတော့မယ်ဆိုရင် နည်းနည်းလေး တွန့်ဆုတ်ပြီး စဉ်းစားချင့်ချိန်တဲ့ အလေ့အကျင့်တွေ ရှိစေချင်ပါ တယ်။ အများပြည်သူကို တိုင်ပင်ဆွေးနွေး အတတ်နိုင်ဆုံး ရှင်းပြပြောပြပြီးမှ လုပ်တတ်တဲ့ အလေ့အကျင့်မျိုး ရှိလို့ရှိရင် အ မှားနည်းမယ်။ အမှားနည်းရင် ပိုပြီး ထိရောက်တဲ့နေရာတွေမှာ သုံးနိုင်မယ်။
ကြိုတင်ပြီး အကုန်လုံးကို ခြုံမြင်ပြီးတော့ Plan လုပ်တာ ကောင်းတယ်။ နေရာတခုတည်းကွက် တနေရာတည်းကြည့် တကဏ္ဍတည်း ကြည့်တာမဟုတ်ဘဲ တခုလုံးကို ခြုံ မြင်ပါ။ ကဏ္ဍအသီးသီးနဲ့ ရေရှည်ပေါ့။ ဘာလို့ဆို နည်းပညာတွေလည်း ပြောင်းနေတယ်။ လူတွေလိုအပ်ချက်လည်း ပြောင်းနေတယ်ဆိုတာမျိုး။
အခုမှာ ဒီပရောဂျက်ကို လုပ်မယ်လို့ ဆုံးဖြတ်ပေမယ့် နောက် ၅ နှစ်ကျရင် ဒီထက်ပိုကောင်းတာ တခု က ရှိကိုရှိရမယ်ဆိုတဲ့ဟာမျိုးကျ ခုနကဟာကို ပြန်ဖျက်ရရင်လည်း ဖျက်နိုင်တယ်။ ဒါမျိုး ခြုံငုံဆုံးဖြတ် ပြီးတော့မှ ဦးစားပေး လေးတွေနဲ့ လုပ်ဖို့ကောင်းပါတယ်။
ပြည်သူဆိုပြီး ခေါင်းစဉ်တပ်တဲ့ ဟာမျိုးမှာလည်း ဘယ်ပြည်သူလဲ။ ဘယ်တကွက်လေးကိုပဲ ကိုယ်စား ပြုတဲ့ ပြည်သူလဲ။ ဥပ မာ ပုဂံလိုဟာမျိုးဆိုရင် တကယ့် နိုင်ငံရဲ့ အမွေအနှစ်။ သူ့ဒေသခံ တခုတည်း နဲ့တင်မကဘူး။ နိုင်ငံရဲ့အမွေအနှစ် ကိုယ်တွေ အကုန်လုံးလည်း ဒီကနေ ဆင်းသက်လာတယ်လို့ ယူဆ ကြလို့ရှိရင် အကုန်လုံးနဲ့ ဆိုင်တာပေါ့။ ဒါမျိုးဆိုရင်လည်း တကယ့် တနိုင်ငံလုံးကို စဉ်းစားပြီးတော့မှ ဆုံးဖြတ်သင့်ပါတယ်။
ဆက်စပ်ဖတ်ရှုရန် – “တဖြည်းဖြည်း ရန်ကုန်မြို့ရဲ့အလှတွေက ပွန်းတီးပြီး ဆုံးရှုံးနေပါတယ်”