မြန်မာနိုင်ငံ၌ ကြံတောင်သူ ၃ သိန်း ၃ သောင်းကျော်ရှိကာ ကြံစိုက်ဧကပေါင်း ၄.၅ သိန်းကျော်ရှိပါတယ်၊ ရှမ်းပြည်၊ စစ်ကိုင်းတိုင်းနဲ့ ပဲခူးတိုင်းမှာ အများဆုံး စိုက်ပျိုးကြပါတယ်။
သကြားစက်ရုံကြီးပေါင်း ၂၃ရုံ ရှိရာမှာ တပ်မတော်ပိုင်စက်ရုံ ၆ ရုံ၊ အစိုးရက ငှားရမ်းပြီး လွှဲပြောင်းပေးထားတဲ့ စက်ရုံပေါင်း ၁၁ ရုံနဲ့ ပုဂ္ဂလိကသီးသန့်ပိုင်တဲ့ စက်ရုံ ၆ ရုံရှိပါတယ်။
၂၀၁၉ ခုနှစ် ဇူလိုင် လောက်ကစပြီး တရုတ်ဘက်က သကြား အဝယ်ရပ်လိုက်တာကြောင့် သကြားဈေး ၁၄၀၀ ကျပ်က နေ ၉၂၀ ကျပ်အထိ ကျဆင်းခဲ့တာကြောင့် ဒီဇင်ဘာလ ကြံခုတ်ရာသီကစတင်ကာ သကြားစက်တချို့က ကြံဈေးနှုန်း တတန် ကို ကျပ် ၅ ထောင်လောက် ဈေးချဝယ်ယူခဲ့တာကြောင့် ကြံစိုက်တောင်သူတွေ အခက်အခဲကြုံတွေ့နေရပါတယ်။
ဒီသကြားဈေး၊ ကြံဈေးကျဆင်းမှု ပြဿနာကြောင့် တောင်သူများ အခက်အခဲနဲ့ ပတ်သက်ပြီး ရေရှည်ဖြေရှင်းမှုတွေ ပြု လုပ်ဖို့ မြန်မာနိုင်ငံ သကြားနှင့်ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်းမှ အတွင်းရေးမှူး ဦးစိန်ထွန်းကို ဧရာဝတီ သတင်းဌာနက သတင်းထောက် ကောင်းမြတ်မင်းက မေးမြန်းထားပါတယ်။
မေး ။ ။ လက်တလော ကြံဈေးတွေကျနေတယ်လို့ သိရတယ်။ ဘယ်လို့ကြောင့်ပါလဲ။
ဖြေ။ ။ ကြံဈေးနှုန်းကျတဲ့အကြောင်းအရင်းကတော့ တရုတ်ပြည်ကို အခါတိုင်း သကြားပို့နေတော့ ဈေးကောင်းကောင်း ရတယ်။ အခုတရုတ်က သကြားလုံးဝမဝယ်ဘူး။ တရုတ်ပြည်ကိုပို့လို့မရတော့ သကြားဈေးတွေက တော်တော်လေးဆင်းသွားတယ်။
တပိဿာကို ကျပ် ၁၃၀၀- ၁၄၀၀ ကနေ ၉၈၀ ပဲရှိတော့တာ ဆိုတော့ တအားကွာသွားတယ်။ ဈေးနှုန်းအရမ်းကွာတော့ စက်ရုံကလည်း ကြံဈေးကို နည်းနည်းလေးချတာပေါ့။ သူတို့ သတ်မှတ်ချက်တော့ရှိတယ်၊ သကြားဈေးဘယ်လောက် ဆိုရင် ကြံဈေးကို ဘယ်လောက်ဆိုပြီး သတ်မှတ်ထားတာတော့ရှိတယ်။ စက်ရုံတွေမှာတော့ သူ့နယ်မြေအလိုက်ပေါ့။ တနယ်နဲ့ တနယ်တော့ မတူဘူးပေါ့နော် အဲလိုမျိုးအခြေအနေလေးရှိတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ဒီအကြောင်းလေးကို အသင်းရုံးမှာတုန်းက ရှင်းပြထားပေးတယ်။ ဒီတနှစ်ကတော့ တောင်သူ တွေရော စက်ရုံတွေရော လုပ်ငန်းရှင်တွေရော သည်းခံပြီးတော့မှ သကြားဈေးနှုန်းကျလို့ ကြံဈေးကျတယ် အဲဒီ အတွက်ကြောင့် အဆင်ပြေသလိုလေးပဲ ညှိနှိုင်းပြီးတော့ လုပ်ပေးဖို့ အဲလိုပဲ ဖြစ်စေချင်တယ်လို့ ပြောထားပေးတယ်။
မေး ။ ။ သကြားဈေးကျသွားတယ် ဘယ်လပိုင်းလောက်ကစဖြစ်သွားတာလဲ။
ဖြေ။ ။ သကြားဈေးကျသွားတာက ၂၀၁၉ ဇူလိုင် လောက်ကတည်းက စကျသွားတာ။ တရုတ်ဘက်က ကျသွားတာ ပေါ့။
မေး ။ ။ အဓိကသကြားဈေးကွက်က တရုတ်ကိုပဲ မှီခိုနေရတာလား ဘယ်လိုမျိုးလေး ရှင်းပြပေးပါလား။
ဖြေ။ ။ ကျနော်တို့ ပြည်တွင်းထုတ်လုပ်မှုက သကြားတန်ပေါင်း ၄ သိန်းခွဲလောက်ရှိတယ်။ ပြီးခဲ့တဲ့တနှစ်ကျော်ကဆိုရင် ၅ သိန်းခွဲလောက်ရှိတယ်။ ဒီနှစ်က ၄ သိန်းခွဲနဲ့ ၅ သိန်းကြားပဲထုတ်တယ်။ ကျနော်တို့ ပြည်တွင်းစားသုံးမှုက ၄ သိန်းခွဲ လောက်ရှိတယ်။
ပြည်တွင်းစားသုံးမှုနဲ့ ထုတ်လုပ်မှုနဲ့က အကိုက်ပဲ၊ ဒါပေမယ့် စီးပွားကူးသန်းကနေပြီးတော့ Re- Export ဆိုပြီးလုပ်လိုက် တာရယ်နောက်ပြီး ပြည်တွင်း လုပ်ငန်းရှင်တွေကို Import ဆိုတာ Refined sugar မှသုံးလို့ရပါတယ်။တချို့ကျတော့လည်း နိုင်ငံခြားသကြားမှ သုံးလို့ရပါတယ်ဆိုပြီး စီးပွားကူးသန်းမှာ သကြားလျှောက်တယ်၊ လျှောက်တော့ သူတို့က အဲဒီလို လုပ်ငန်းရှင်တွေကိုလည်း ခွင့်ပြုလိုက်တာပေါ့။
အဲဒီအတွက်ကြောင့် နိုင်ငံခြားသကြားတွေက ပြည်တွင်းမှာ စုပုံသွားတာပေါ့။ Re- Export ကြောင့်စုပုံသွားတာရယ်၊ Import တွေပေးလို့ စုပုံသွားတာရယ်၊ နောက်ပြီး မှောင်ခိုဝင်လာလို့ မြဝတီလမ်းကြောင်းတလျှောက်ကလည်း နေ့စဉ် ယိုးဒယားသကြား မှောင်ခိုဝင်တာ အဲဒါတွေလည်း ရှိပါတယ်။ အဲဒီအတွက်ကြောင့် စုပုံသွားပြီးမှ ဒီသကြားဈေးက မထိန်းနိုင်ဖြစ်သွားတာပေါ့။
မေး။ ။ ကြံခုတ်ရာသီမှာ ကြံဈေး ရုတ်တရက်ကျသွားခြင်းအားဖြင့် ဘာအကျိုးသက်ရောက်မှုတွေ ရှိလာနိုင်သလဲ။
ဖြေ။ ။ ကြံဈေးကျတယ် ဆိုတာက ကျနော်တို့ မြန်မာပြည်က ကြံတောင်သူကလည်း ခေတ်မှီစက်ကရိယာ အသုံးမပြု နိုင်တာရယ်။ စိုက်ပျိုးရေးနည်းစနစ် သိပ်ပြီး မကျွမ်းကျင်တာရယ် အခြေအနေတွေနဲ့ တဧက အထွက်နှုန်းတွေက သိပ် အကောင်းကြီးလည်းမဟုတ်ဘူး။
ပြည်တွင်းစိုက်ပျိုးမှု အနေနဲ့က ကြံထွက်နှုန်းကို တနှစ်ထက် တနှစ်ပိုပိုပြီး ကောင်းမွန်လာအောင် လုပ်ဖို့ သူတို့ကလည်း ကြိုးစားပေးနေတာပေါ့ ကျနော်တို့အသင်းကလည်း အဲဒါကိုလုပ်ပေးနေပါတယ်။ သို့ပေမယ့် မြန်မာပြည်မှာလက်ရှိ ကြံ တဧကကို တန် ၂၀ လောက်ပဲထွက်နေသေးတယ်။
နိုင်ငံခြားမှာ တဧကကို တန် ၄၀ လောက်အထိထွက်နေပြီ။ တချို့စိုက်စနစ် ကောင်းတာတွေ စက်ကိရိယာအသုံးပြုတာတို့ ရေသွင်းတာတို့ စနစ်ကျတယ်ဆိုရင် တန် ၆၀ လောက်အထိထွက်တာကို အဲဒီအတွက်ကြောင့် ကြံတောင်သူတွေ ကလည်း စိုက်ပျိုးထုတ်လုပ်မှုမှာလည်း အနည်းငယ်အားနည်းနေတာပေါ့။
ဒါကြောင့် တောင်သူတွေက အကျိုးစီးပွားဖြစ်ထွန်းမှု နည်းနည်းလေး အားနည်းနေတာကြောင့် ကြံဈေးကျတယ် ဆိုရင်လည်း သူတို့ သိပ်မခံနိုင်ဘူးပေါ့။ အဲဒီလိုအခြေအနေမျိုး ဖြစ်နေတာပါ။
မေး။ ။ တချို့ ကြံတောင်သူတွေလည်း ဒီနှစ်ကြံဈေးကျတဲ့ အပေါ်မှာ နောက်နှစ် ဆက်စိုက်မယ် မစိုက်ဘူး၊ စဉ်းစား နေပြီလို့ ပြောတာတွေလည်းရှိတယ်။ တကယ်လို့ ကြံ အစားထိုးသီးနှံများ စိုက်လိုက်လို့ရှိရင် အဲဒီဒေသမှာ တည်ထားတဲ့ သကြားစက်ရုံတွေ ဘာဖြစ်နိုင်လဲ စိုက်တဲ့သူ လျော့နည်းသွားလို့ရှိရင် ဘာသက်ရောက်မှုတွေရှိလာနိုင်သလဲ။
ဖြေ။ ။ ကျနော်တို့ မြန်မာပြည်မှာတော့ ပုံမှန် လေးနှစ်တကြိမ်လောက်ကတော့ အဲလိုမျိုး ကြံစိုက်ပျိုးထုတ်လုပ်မှုနဲ့ စက်ရုံက ကြိတ်ဝါးမှုနဲ့ စားသုံးမှုနဲ့ ဈေးမကောင်းမှုတွေဆိုတာ လေးနှစ် တကြိမ်လောက်တော့ ကြုံနေရတဲ့ အခြေနေတွေပါ။
ဒါကလည်း သိပ်အထူးအဆန်းကြီးတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ဒီနှစ်လိုမျိုး အတက်အကျ ကွာဟတာမျိုး ဒီတနှစ်က တော်တော်ကွာဟ သွားတာပေါ့နော်။ အဲဒီအတွက်ကြောင့် သကြားဈေးက ထောင့်သုံးလေးရာကနေ ကိုးရာကျော်ဆိုတော့ အရမ်းကိုကွာဟလွန်းတယ်လေ။
အဲလို ကွာဟမှုမျိုးကျတော့ တောင်သူတွေက မခံနိုင်ဘူး။ တောင်သူတွေကလည်း ဒီလိုအချိန်မှာ အကြပ်အတည်းတော့ ဖြစ်တာပေါ့။ တောင်သူတွေက အခြားသီးနှံကို ပြောင်းစိုက်ခဲ့မယ်ဆိုရင် ကျနော်ပြောခဲ့သလိုပဲ ဒါမျိုးဈေးကျတာက လေးနှစ် တကြိမ်ကြုံရတဲ့ အခါ တခြားအစားထိုး သီးနှံတွေပြောင်းပြီး စိုက်တဲ့လူတွေလည်းရှိသလို ဒီဟာကိုပဲနှစ်စဉ် စိုက်ဧက တွေတိုးတိုးပြီးစိုက်နေတဲ့ တောင်သူတွေလည်းအများကြီးပါ။ ဒီအတွက်ကတော့ စက်ရုံနဲ့တောင်သူက မိတ်ဘက်ဖြစ်ထားတဲ့ အတွက် ပူစရာမရှိပါဘူး။
မေး။ ။ မှတ်တမ်းတွေအရ ကြံဈေးက အများဆုံး ဘယ်နှစ်ရာခိုင်နှုန်းလောက် အထိ ကျသွားဖူးလဲ
ဖြေ။ ။ စိုက်ပျိုးထုတ်လုပ်မှုက တဧကစိုက်တဲ့အခါ အရင်းအနှီးပမာဏ တခုလိုတာပေ့ါ အဲဒီပမာဏ စိုက်စရိတ်နဲ့ လက်မှိုင်း(တနှစ်စိုက်ပြီး၊ နောက်တကြိမ် ကြံမျိုးထည့်စရာမလို)၊ လက်မဲ့(ပထမဆုံးအကြိမ် ကြံမျိုးစိုက်ထည့်ခြင်း) အဲ့ဒီလို ထုတ်လုပ်မှုတွေနဲ့ ထုတ်တဲ့အခါမှာ တောင်သူတယောက် အနေနဲ့ ကြံတတန်ကို ကျပ် ၃ သောင်း လောက်ဆိုရင်ကိုပဲ သူတို့က အရင်းလောက်နီးနီး ဖြစ်နေတာပေါ့နော်။ အဲဒီ အရင်းအောက် သယ်ယူပို့ဆောင်စရိတ်နဲ့ဘာနဲ့ မကျန်တော့ ဘူးဖြစ်သွားမှာပေါ့။
အခုကျနော်တို့ ကြားထားတော့ တချို့ဒေသတွေမှာ ကျပ် ၃ သောင်း ၇ ထောင်ပေးတယ်၊ တချို့စက်ရုံတွေက ၄ သောင်း ပေးတယ်။ ပြီးခဲ့တဲ့နှစ်က ၄ သောင်း ၄ ထောင်ပေးတဲ့ စက်ရုံတွေက ဒီနှစ် ၄ သောင်းလောက်ပေးတယ်။ ပြီးခဲ့တဲ့နှစ်က ၃ သောင်း ၉ ထောင်လောက်ပေးတဲ့စက်ရုံက ဒီနှစ် ၃ သောင်းခွဲလောက်ပေးတယ်။ အလွန်ကြီးတော့ ချတယ်တော့ မဟုတ်ဘူးပေါ့။
ဒါပေမယ့် ကုန်ဈေးနှုန်းအခြေအနေနဲ့ လူနေမှုစရိတ် မြင့်မားတာတွေနဲ့ဘာနဲ့ အဲဒိအခြေအနေတွေကြောင့် သာ တောင်သူ က သည်းခံရ ခက်တာပေါ့ အဲလိုမျိုးအခြေအနေပါ။
မေး။ ။ စက်ရုံကထွက်တဲ့ ဘေးထွက်ပစ္စည်းတွေ တင့်လဲရည်တို့ ကြံချေးတို့ ပြန်ရောင်းခြင်းအားဖြင့်ရော ဘေးထွက် ပစ္စည်းတွေကနေရော ဝင်ငွေပြန်မရနိုင်ဘူးလား။
ဖြေ။ ။ အဲဒါကတော့ စက်ရုံအပိုင်းနဲ့ ဆိုင်သွားပြီ။ ကျနော်တို့ အသင်းကနေ ကြိုးစားပေးနေတဲ့ ကိစ္စတခုရှိပါတယ်။ အဲဒါက အီသနောထုတ်လုပ်မှုနဲ့ လျှပ်စစ်ရောင်းချမှုပေါ့။ အီသနော ထုတ်လုပ်မှုဆိုတာ နိုင်ငံတကာမှာတော့ သကြား စက်ရုံတွေ တော်တော်များများက ထွက်ရှိတဲ့ တင့်လဲရည်ကို အီသနောချက်ပြီး ကားထဲ ထည့်မောင်းတဲ့ စွမ်းအင်ပေါ့ Green Energy အဲဒါဖြစ်အောင်လိုက်နေတာပေါ့နော်။
အဲဒီကိစ္စလေးကို အဆင်ပြေတယ်ဆိုရင် ကျနော်တို့ ဘေးထွက်တွေဖြစ်တဲ့ တင့်လဲရည်ကို Value Added လုပ်တာပဲ ဒီအတွက်ကြောင့် ဒီလိုဘက်ကနေ စက်ရုံဘက်က ပြန်လည်ပြီးတော့ ဝင်ငွေတခု တိုးရတယ်ဆိုရင်တော့ ကြံတောင်သူကို ခံစားနေရတဲ့ ကြံဈေးနိမ့်ပါတယ်ဆိုတဲ့ ဈေးနှုန်းမျိုးတွေ မဖြစ်အောင် ပေးလို့ရသွားမှာပါ။
အဲဒီအတွက်ကို ကျနော်တို့ နိုင်ငံတော်ကို အသင်းအနေနဲ့လည်း အီသနောကိစ္စလေး ဖွံ့ဖြိုးတိုးတက်လာအောင် နောက် သကြားစက်ကထွက်တဲ့ လျှပ်စစ်ကို ထုတ်ပြီးတော့ မဟာဓာတ်အားလိုင်းထဲ ထည့်လို့ရအောင်လုပ်နေတယ်၊ ထည့်လို့ရ မယ်ဆိုရင် ဝင်ငွေတခုရသွားတာပေါ့။
အဲလိုမျိုး ရသွားရင်တော့ တောင်သူတွေကို ကြံဈေး ကောင်းကောင်းလေး ပေးနိုင်မယ်။ အဲလိုမျိုး ကျနော်ကတော့ မြင်ထား ပါတယ်။ ဒီအတွက်လည်း ကျနော်တို့ အသင်းအနေနဲ့ ကြိုးစားပေးနေပါတယ်။ အီသနောမူဝါဒလေးကို နိုင်ငံတော်အနေနဲ့ အားပေးအားမြှောက် ပြုတယ်ဆိုရင် ကျနော်တို့ ကြံတောင်သူတွေနဲ့ မြန်မာပြည် ကြံသကြားလောကတခုလုံးက ဖွံ့ဖြိုး တိုး တက်သွားမယ်လို့ ကျနော်မြင်ပါတယ်။
မေး။ ။ မြန်မာနိုင်ငံမှာ လျှပ်စစ်ဓါတ်အားကလည်း လိုနေတယ်ဆိုတော့ ကြံစက်ရုံတွေကနေ လျှပ်စစ်ထုတ်တဲ့နည်းလေး ရှင်းပြပေးပါလား။
ဖြေ။ ။ ကြံကို ကြိတ်လိုက်တယ်ဆိုရင် ကြံဖတ်ထွက်တယ်။ အဲဒိကြံဖတ်ကို မီးရှို့ပြီးတော့ ဘွိုင်လာကိုလည်တယ်၊ အဲဒီ ဘွိုင်လာက ထွက်တဲ့လေနဲ့ ကာဘိုင်ကို လည်ပြီးတော့မှ လျှပ်စစ်ထုတ်တာ။ ထွက်လာတဲ့ လျှပ်စစ်ကိုမှ သကြားစက်ရုံ တခုလုံးကို လည်ပတ်တာပေါ့နော်။
သကြားစက်ရုံတခုလုံးသည် ပြင်ပက လျှပ်စစ်ဝယ်သုံးရတာမျိုး မရှိပါဘူး။ ရပ်ထားတဲ့ကာလနဲ့ စက်စလည်တဲ့ကာလဆိုရင် လျှပ်စစ်ကို တနည်းနည်းနဲ့ သူတို့ရအောင်ထုတ်သုံးရတာပေါ့။
နိုင်ငံတော်က မဟာဓာတ်အားလိုင်းနဲ့ တနည်းနည်းနဲ့သူတို့ ဆွဲထားလို့ရတယ်ဆိုရင် သုံးလို့ရပါတယ်။ ဒါမှမဟုတ် ဂျင်နရေတာနဲ့ သုံးမယ်ဆိုရင်လည်း သုံးလို့ရတယ်။ သူတို့ဒီဟာကို Co-Generation လို့ခေါ်တာပေါ့နော်။ သကြားစက်ရုံမှာ Co-Generation System ပါတယ်။
ဒါက စက်လည်ပတ်လို့ ပြီးသွားပြီဆိုတဲ့အချိန်မှာ ကျနော်တို့ဒီ ကြံဖတ်တွေကပိုတယ်၊ ကြံတန် တသောင်းလောက်လည်တဲ့ စက်ရုံတွေမှာ ကြံဖတ်တွေ ပိုလာတယ်။ အဲဒီပိုလာတဲ့ ကြံဖတ်တွေကို ဘွိုင်လာမှာ မီးထိုးပြီးတော့မှ Co-Generation လျှပ်စစ်ထုတ်ပြီးတော့မှ အဲဒါကို မဟာဓာတ်အားလိုင်းထဲကို ထုတ်ရောင်းမယ်ဆိုရင် ဒါဟာ ဝင်ငွေတခုရမယ်။
အခုနက ကျနော်ပြောတဲ့ တင့်လဲရည်ကို အရက်ချက်စက်ရုံတွေကို ပေးပို့ဖြစ်တယ်။ အရက်ချက်စက်ရုံ တွေကနေ တင့်လဲရည်ကို အရက်ချက်တယ်၊ အဲဒီအစား အီသနောကိုသာ ထုတ်မယ်ဆိုရင် တိုင်းပြည်မှာ ဓာတ်ဆီ အသုံးပြု နေတဲ့ကားတွေ E10 တို့ E20 တို့ E85 တို့ အဲဒီလောက်အထိကို ထုတ်ပြီးတော့ ကားတွေမှာထည့်မောင်းမယ်ဆိုရင် ပြည်ပကနေတင်သွင်းနေတဲ့ ဓာတ်ဆီ၊ ဒီဇယ်အတွက် နိုင်ငံခြားငွေ အစားထိုးတဲ့သဘောဖြစ်သွားမှာပါ။
မေး။ ။ အစိုးရနဲ့ လွှတ်တော်ပိုင်းကရော ဒီလိုကိစ္စမျိုးတွေကို ဝင်ပြီး ဖြေရှင်းပေးတာ ကူညီပေးတာမျိုးရော ရှိဖူးလား။ ဒါမှမဟုတ် ဆရာတို့ အဖွဲ့အစည်းက သွားပြီးတော့ အကူအညီတောင်းတာမျိုးတွေရောရှိခဲ့လား။
ဖြေ။ ။ ဒီလိုနှစ်မျိုးဆိုတာကလည်း ၄ နှစ်တကြိမ်လောက်ကြုံရပါတယ်။ အခုဆိုရင် တောင်သူတွေက ကြံဈေး လေးငါး ထောင်လောက် နည်းသွားတယ်ဆိုရင် သူတို့တွက်ကိန်းနဲ့ တတန်အပေါ်မှာ တောင်သူတယောက်အနေနဲ့ တော်တော်ခံစား ရသလိုဖြစ်တာပေါ့။
အဲဒီတော့ အစိုးရပိုင်း၊ ဝန်ကြီးဌာနပိုင်းနဲ့ အသင်းနဲ့ တောက်လျှောက် ညှိနှိုင်းပြီးတော့ ဖြောင်းဖျသင့်တာလည်း ဖြောင့်ဖျ ရတာပေါ့ဗျာ။ ကူညီပေးနိုင်တာကိုလည်း ကျနော်တို့အသင်းအနေနဲ့ကူညီပေးပါတယ်။
နောက်ပြီးတော့ အခုဝန်ကြီးဌာန တွေမှာလည်း ဒီလိုမျိုး ကြံဈေးနှုန်းကျတာကို MEC စက်ရုံတွေက ို ဒီလိုဖြစ်ပါတယ်ဆိုပြီး တိုင်တယ်ဆိုရင်လည်း စီးပွားကူးသန်းတို့ ကုန်သွယ်မှုဦးစီးဌာနမှာ သကြားအပေါ်မှာ သက်ရောက်မှုရှိတဲ့ အတွက်ကြောင့် သူတို့ကလည်း လိုက်ပြီးတော့ဖြေရှင်းပေးပါတယ်။
မေး။ ။ ဒီလိုမျိုး ဖြစ်နေတဲ့ ပြဿနာတွေကို ဘယ်လိုဖြေရှင်းရင် တောင်သူရော၊ စက်ရုံရော၊ ကုန်သည်ရော သုံးဦး သုံးဖလှယ် အဆင်ပြေနိုင်မယ်လို့ ဆရာတို့ စဉ်းစားထားတာမျိုးရှိလား။
ဖြေ။ ။ လက်ရှိဖြစ်နေတဲ့ ပြဿနာက ကျနော်ပြောသလိုပဲ ၄ နှစ်တကြိမ် ဖြစ်နေကျ ပြဿနာတွေပါ။ ဒီတရုတ်ပြည်က ကျနော်တို့ သကြားကို ကိုယ်တာစနစ်နဲ့ ရတာမျိုးဖြစ်ဖြစ် မြန်မာနိုင်ငံကို ငဲ့ညာပြီးတော့ တခြားနည်းလမ်းနဲ့ ဝယ်ပေးတာ မျိုးပဲဖြစ်ဖြစ် တရုတ်ပြည်ရဲ့ သကြားဈေးကအင်မတန်ကောင်းပါတယ်။
သူနိုင်ငံမှာလည်း ပြည်တွင်းလုပ်ငန်းရှင်ကို အကာအကွယ်ပေးတဲ့ အနေနဲ့ ဒီသကြားဈေးကို မြှင့်ထားတယ်။ နောက်ပြီး တော့ ပြည်ပကခိုးဝင်တဲ့ ကိစ္စတွေ ဘာတွေ လွှတ်ပေးထားတယ်။ ဒါ သူ့နိုင်ငံရဲ့ သူ့ပေါ်လစီအရတော့ ကျနော်တို့က အဲဒီဘက်ကို ခိုးဝင်တယ်ဆိုရင်လည်း သွားရည်ကျစရာကြီးပေါ့။ ဒီလို အခြေအနေမျိုးလေးကိုတော့ ဖြစ်လာမယ်လို့ မမျှော်မှန်းရဲဘူး။
ဒါပေမယ့် ကိုယ့် ပြည်တွင်းသကြားဈေးနှုန်း ကောင်းလာအောင် တောင်သူတွေအနေနဲ့လည်း အကျိုးရှိတဲ့ ကြံဈေးနှုန်းမျိုး ဖြစ်လာအောင်ဆိုရင် နိုင်ငံတော်အနေနဲ့ ငွေကြေးပံ့ပိုးတာထက် မူဝါဒ၊ ဥပဒေလေး သတ်သတ်မှတ်မှတ်ဖြစ်အောင် ရေး ဆွဲပေးထားနိုင်မယ်၊ စီစဉ်ပေးထားနိုင်မယ်ဆိုရင် ကျနော်တို့ ကြံသကြားလောကကြီးက တကယ်ဖွံ့ဖြိုးတိုးတက် လာမှာပါ။
ကျနော်တို့ အသင်းအနေနဲ့ကလည်း နိုင်ငံတကာမှာ အမြဲတမ်း လေ့လာပြီးတော့ အာစီယံမှာလည်း သကြားမဟာမိတ် ဖွဲ့ထားတဲ့ ASA (Asian Sugar Alliance) အဖွဲ့မှာလည်း ကျနော်တို့က အဖွဲ့ဝင်ပါပဲ။ အဲဒီအတွက်ကြောင့် နိုင်ငံတကာကို လည်း အမြဲတမ်းလေ့လာပြီးတော့ မြန်မာပြည်ဖွံ့ဖြိုးတိုးတက်ဖို့အတွက်ကို ကျနော်တို့အသင်းအနေနဲ့ အများကြီး ကြိုးစားပေးနေတယ်။
အဲဒီအတွက် နောက်နှစ်တွေမှာဆိုလည်း မူဝါဒကောင်းကောင်းဖြစ်ပေါ်လာရင်တော့ ဒီကြံ၊သကြားလောကကြီး ဖွံ့ဖြိုးလိမ့်မယ်လို့ ထင်ပါတယ်။
မေး။ ။ နောက်ထပ် ဘာများဖြည့်စွက်ပြီး ပြောလိုတာရှိလဲ။
ဖြေ။ ။ ကျနော်တို့ ကြိုးစားပေးနေတဲ့ အီသနောကိစ္စလေးရယ်၊ လျှပ်စစ်ကိစ္စလေးရယ်၊ နောက်ပြည်တွင်းမှာလက်ရှိ ကြံတောင်သူတွေကို ထိခိုက်စေတဲ့ နိုင်ငံခြားကနေပြီး ခိုးဝင်နေတဲ့ မှောင်ခိုဝင်နေတဲ့ အဲဒီသကြားတွေကို တားဆီး ပေးနိုင်မယ်၊ မူဝါဒတွေကိုကောင်းကောင်းလေး ရေးဆွဲချမှတ်ပေးနိုင်မယ်။
လျှပ်စစ်ကိစ္စဆိုရင်လည်း နိုင်ငံတော်အနေနဲ့ သင့်တင့်တဲ့ဈေးနှုန်းတခုနဲ့ ဝယ်ပေးနိုင်မယ်ဆိုရင် ကျနော်တို့ ကြံ၊ သကြားလောကကြီးဟာ ဖွံံ့ဖြိုးတိုးတက်ပြီးတော့ တောင်သူတွေလည်း ပျော်ရွှင်ချမ်းမြေ့မယ်လို့ ယူဆပါတယ်။
You may also like these stories:
ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံကိန်း ရပ်တန့်ထားရန် ရခိုင် သယံဇာတ ကွန်ရက် တောင်းဆို
တရုတ်သမ္မတရှီကျင့်ဖျင် ခရီးစဉ်အတွင်း ကျွဲနွားတင်ပို့ခွင့် တရားဝင်ဖြစ်လာမလား
လာအိုနိုင်ငံသို့ မြန်မာ့စိုက်ပျိုးရေးထုတ်ကုန်များ တင်ပို့မှု စတင်