အဖေ့ကို စိတ်နာတယ်

နီဟိန်းမော်

အဖေဆုံးတာ နှစ်လတင်းတင်းပြည့်သည့်နေ့တွင်မှ အဖေ့ကို စိတ်နာစရာပေါ်လာခြင်းဖြစ်သည်။ သားတယောက်တည်းပါသည့်မိသားစုမို့ အဖေ့ပင်စင်ကိစ္စက ကိုယ့်ခေါင်းပေါ်ရောက်လာသည်။

ရုံးကို အခေါက်ခေါက် အခါခါမသွားလို၍ အဖေ့မိတ်ဆွေများကို မေးမြန်းကာ စာရွက်အစုံအလင်ဖြစ်အောင် လုပ်ရ၏၊ မိတ္တူအစုံစုံကူးရ၏။ ပြီးမှ အသက်ခုနစ်ဆယ်ကျော်အမေ့ကို တက္ကစီဖြင့်ခေါ်ပြီး ရုံးသို့သွားရ၏။ ရုံးရောက် တော့ စာရွက်ငါးရွက်ပါစာတွဲလေးစုံ မိတ္တူကူးရသည်။

သည်နေရာမှာ ပင်စင်ကိစ္စဆောင်ရွက်ပေးသည့်ကုန်သွယ်ရေးဦးစီးက အန်တီကြီးက အစစအရာရာ အကူအညီ ပေးပါသည်။ သို့သော် သူ မိတ္တူကူးခိုင်းသည့်စာရွက်က ဘာမှမမြင်ရ။ ကြံဖန် အပြစ်တင်ခြင်းမဟုတ်ပါ။

သည်လောက် ကွန်ပျုတာတွေပေါများနေသည့်ခေတ်ကြီးမှာ လက်နှိပ်စက်ဖြင့်ရိုက်ကာ လက်လှည့်မင်ကူးစက်ဖြင့် ထုတ်ထားပုံရသော စာရွက်က သဲသဲကွဲကွဲမမြင်ရတော့။ ပုံစံစာရွက်ကို ကိုယ်တိုင်ဖြည့်ရလျှင် မလွယ်။ သူက နမူ နာ ဖြည့်ပြပြီး ဖြည့်ခိုင်း၍သာ တော်တော့သည်။ စာရွက်တွေရတော့ အဖေမထုတ်ဘဲ ကျန်သည့်ပင်စင်လစာ တ လခွဲစာကိစ္စ မေးကြည့်မိသည်။

မိသားစုပင်စင်ကိစ္စနှင့်မဆိုင် ဘဏ်သို့သွားဆို၍ အဖေပင်စင်ထုတ်ရာ မြောက်ဒဂြုံမန်မာ့စီးပွားရေးဘဏ်သို့ ပြေးရ သည်။ ကမ်းနားလမ်းမှ မြောက်ဒဂုံသို့ တက္ကစီခ ၇၀၀၀ကျပ် ပေးရပြန်သည်။

ဘဏ်ရောက်တော့ ဘဏ်ဝန်ထမ်းအမျိုးသမီးက ရှောရှောရှူရှူ ကူညီဆောင်ရွက်ပေးသည်။ အမေပါ တပါတည်း ပါလာ၍ လက်ဗွေနှိပ်တာတွေ လက်မှတ်ထိုးတာတွေအတွက် အဆင်ပြေသည်။ နောက်တော့ ထိုအမျိုးသမီးက လုပ်ဆောင်ရမည့် လုပ်ငန်းအဆင့်ဆင့်ကို ရှင်းပြသည်။

သည်မှာတင် ကျနော့်ခေါင်း ချာချာလည်တော့သည်။

အရင်အစိုးရ အဆက်ဆက် ဝန်ထမ်းတွေ ရစ်သည်၊ လာဘ်တောင်းသည်ဆိုသည့်ကိစ္စ၏ အရင်းအမြစ်ကို ကျနော် တွေ့ရလေပြီ။ ယခု ကျနော်နှင့်တွေ့ရသော ကုန်သွယ်ရေးမှ အမျိုးသမီးရော အစိုးရဘဏ်မှ အမျိုးသမီးပါ မရစ်ပါ၊ မညစ်ပါ၊ လာဘ်လာဘအကြောင်း တစွန်းတစမှ မဟကြပါ။

သို့သော် အဖေ့လစာ တလစာထုတ်ဖို့လုပ်ရမည့် လုပ်ထုံးလုပ်နည်း အဆင့်ဆင့်ကတော့ဖြင့် ခက်ခဲလွန်းသည်ဟု ထင်ပါသည်။ ပြောရလျှင် ရုံးပြင်ကနားနှင့် မရင်းနှီးသော ပြည်သူအများစုအတွက် အခက်အခဲကြီးတခု ဖြစ်ပါလိမ့် မည်။

အဖေ့ပင်စင်ကိစ္စ ကျနော်အမေရော မြောက်ဒဂုံမှာနေသည့် အမလတ်ပါပါသည်။ မောင်နှမ ဘယ်နှယောက်ရှိလဲ ဟု မေးသည်။ သုံးယောက်ဆိုတော့ ခု ဘယ်နှယောက်ပါလဲ၊ နှစ်ယောက်ဆိုတော့ နောက်နေ့လာရင် ခေါ်လာခဲ့ပါ တဲ့၊ ကျနော့်အစ်မကြီးက ကျန်းမာရေးမကောင်းဟုဆိုတော့ ကျန်းမာရေးမကောင်းကြောင်း ရပ်ကွက် ထောက်ခံစာ ယူခဲ့ပါဟုဆိုသည်။

အဖေ့လစာ အမေအရင်းက ထုတ်သည်ကို အဘယ့်ကြောင့် သားသမီးအစုံအလင်၏ သဘောတူညီချက် ယူရသနည်း။

နောက်တချက်က မြို့နယ်တရားရေးအရာရှိ၏ ထောက်ခံစာ၊ ပြန်တမ်းဝင်အရာရှိတဦး၏ ထောက်ခံစာတဲ့။ အားလုံးပြီးရင် အသိသက်သေနှစ်ဦးကို ခေါ်ပြီး ဘဏ်သို့ ပြန်လာခဲ့ဟု ဆိုသည်။

နောက်တနေ့မနက်ရောက်တော့ မြို့နယ်တရားရုံးသို့ သွား၍ မြို့နယ်တရားသူကြီး လက်မှတ်ယူရသည်။ အောက် အမည်ပါသူများသည် ၎င်း၏ ကျန်ရစ်ခဲ့သော အမွေစားအမွေခံများဖြစ်၍ အခြားသက်ဆိုင်သူ အမွေစားအမွေခံ မရှိကြောင်း ထောက်ခံပါသည်ဆိုသော အမွေစားအမွေခံလက်မှတ် ပုံစံ (ခ)တွင် မြို့နယ်တရားရုံးတံဆိပ်နှင့် ၎င်း ၏လက်မှတ်ကို မြို့နယ်တရားသူကြီးက လွယ်ကူကြည်သာစွာပင် ထိုးပေးလိုက်သည်။

တကယ်တော့ သူနှင့် ကျနော်က သိကျွမ်းသူမဟုတ်။ ကျနော်ထိုးခိုင်းလိုက်သည့် အမှန်တကယ် အမွေစားအမွေ ခံများ ဟုတ်၊ မဟုတ် သူမသိ။ မလိုအပ်သော လုပ်ထုံးလုပ်နည်းတခုတွင် မလိုအပ်သော လူတဦးပါဝင် လက်မှတ် ရေးထိုးရခြင်းသာဖြစ်သည်။

နောက်ထပ် လက်မှတ်ထိုးစရာရှိသည်က ပြန်တမ်းဝင်အရာရှိ။ စစ်တပ်ကဆို ဒုဗိုလ်၊ ရဲတပ်ဖွဲ့ကဆို ဒုရဲမှူး၊  အရပ် ဘက်က အနည်းဆုံး ဦးစီးအရာရှိ အဆင့်ရှိသူ တဦးဦးကို လက်မှတ်ထိုးခိုင်းရမည်မို့ ကျနော့်ခေါင်းထဲ ကျနော့် မိတ်ဆွေများကို အပြေးအလွှား ရှာဖွေကြည့်မိသည်။

ရှိသည့်သူငယ်ချင်းများကလည်း နယ်မြို့များမှာ ဖြစ်သည်။ ရုံးတရုံးရုံးကို ဝင်ပြီး လက်မှတ်ထိုးခိုင်းဖို့ကလည်း လူ ချင်း မရင်းနှီး၊ သူတို့နှင့် ဘာမှမဆိုင်သောကိစ္စတခုအတွက် မည်သို့ အကူအညီတောင်းရမှန်းမသိ။ ကျနော့်လို မြို့ ပြမှာနေပြီး ပြန်တမ်းဝင်အရာရှိများ ပေါများလှသော အရပ်ဒေသတွင်ပင် ထိုကိစ္စက ခေါင်းမီးတောက်စရာဖြစ် လျှင် နယ်မြို့လေးများမှာဆို မည်သို့ဖြေရှင်းကြမည်နည်း။

ဟိုယခင်ခေတ်ကတော့ သည်ပြဿနာက လွယ်လွယ်လေးပင်။ လိုအပ်သည့် ထောက်ခံစာအားလုံး တထိုင် တည်း၊ တနေရာတည်းတွင် ရနိုင်သည်။ ကိုယ့်ဘက်က သူတို့နှုတ်ဖျားမှ ထွက်ကျလာသည့် ငွေပမာဏကို ပေး လိုက်ရုံ။

ယခုတော့ ကျနော့်မှာ အလုပ်တွေ တန်းစီ ရှုပ်ရပြီ။ ပြောင်းလဲလာသော ခေတ်စနစ်ကြီးတွင် အဆင်ပြေအောင် လုပ်ပေးပါဟု ကျနော့်နှုတ်ဖျားမှ ပြောရမှာရှက်စရာဟု ခံယူထားသည်။ လာဘ်ပေးလာဘ်ယူ ကိစ္စကို ကျနော်တို့ ကိုယ်တိုင် ရှောင်ကြဉ်လိုသည်။

ဝန်ထမ်းများကလည်း လာဘ်ပေးလာဘ်ယူကိစ္စနှင့်ပတ်သက်၍ အရိပ်အယောင်ပင်မပြတော့။ လုပ်ထုံးလုပ်နည်း အတိုင်း သူတို့ လိုအပ်သည့် စာရွက်စာတမ်းများကို ပြည့်စုံအောင် ယူလာရန်သာ ပြောသည်။ ဝန်ထမ်းနှင့် ပြည်သူ ကြား လာဘ်ပေးလာဘ်ယူ ပြုလုပ်နိုင်ရန် တီထွင်ထားသော လုပ်ထုံးလုပ်နည်းများလားဟုပင် ကျနော်တွေးမိ သည်။

နောက်ဆုံး ကျနော့်ခေါင်းထဲမှာ ကျနော်နှင့်နီးစပ်သည့် ပြန်တမ်းဝင်အရာရှိ တဦးတလေမျှ စဉ်းစားမရ၍ ရန်ကုန် မြို့လယ်ဘားလမ်းက စာချုပ်စာတမ်းနိုတြီများ ပြုလုပ်ပေးသော ဆိုင်သို့သာ အားကိုးတကြီး သွားရတော့သည်။

သဘောကောင်းလှသော မမချောက ပြန်တမ်းဝင်အရာရှိတဦး၏ လက်မှတ်ကို သွား၍ထိုးပေးသည်။ ကျနော့် အိတ်ထဲက ပိုက်ဆံတသောင်း ခုန်ထွက်သွားသည်။ နောက်တော့ ထိုမမချော အမောတကော ပြန်လာသည်။ ပြန် တမ်းဝင်အရာရှိ လက်မှတ်ကို မထိုးရတော့ဟု တရားဝင်စာထွက်ထာသည်မို့ ထိုးနေကျ အရာရှိက ထိုးမပေးဟု ဆိုသည်။ မောင်လေး ပင်စင်ဦးစီးကိုသာ ပြန်သွားပါဟု ပြော၏။

ကျနော်လည်း ခေါင်းမီးတောက်သွားပြီး နောက်ထပ် အခြားဆိုင်များသို့ ပြေးရပြန်သည်။ ထိုဆိုင်များကလည်း ထို နည်းနှင်နှင်။ ထို့ကြောင့် မြောက်ဒဂုံဘဏ်သို့ ဖုန်းဖြင့် အကျိုးအကြောင်းပြောပြသည်။ ပင်စင်ထောက်ခံစာတွင် ပြန်တမ်းဝင်အရာရှိလက်မှတ်ထိုးရန် မလိုဟုဆို၍ မည်ကဲ့သို့ပြုလုပ်ရမည်နည်းဟု မေးသော် ကျမတို့ကတော့ ပြန် တမ်းဝင်အရာရှိလက်မှတ် လိုတယ်ဟု ယတိပြတ် ပြောသည်။

ကျနော်က အဆင်မပြေ ထိုး၍မရဟုဆိုတော့ ဘဏ်မန်နေဂျာနှင့် လာတွေ့ပါဟု ဆိုသည်။ ကျနော့်မှာ မြောက်ဒဂုံ သို့သွားလျှင် ကရိကထများရမည်မို့ သိကျွမ်းဖူးခဲ့သော အန်တီကြီးတဦးဆီသွားကာ သူ့အရာရှိကို လက်မှတ်ထိုး ပေးဖို့ တောင်းတောင်းပန်ပန် ပြောခိုင်းရသည်။

နောက်တနေ့တွင် အသိသက်သေနှစ်ဦးကို ခေါ်ကာ ဘဏ်သို့သွားရပါဦးမည်။ ဘဏ်သို့ရောက်လျှင် မည်မျှကြာ မည်မသိ၍ အလုပ်ပျက်၊ အကိုင်ပျက်ခံနိုင်သူကို ခေါ်သွားရမည်။ ဟိုရောက်လျှင် လက်ဖက်ရည်၊ မုန့်တို့ဖြင့် သူတို့ ကို ဧည့်ခံရဦးမည်။

ဘဏ်ရောက်လျှင် လိုအပ်သောစာရွက်စာတမ်းများတင်ပြီး အဖေ့ပင်စင်လစာက တခါတည်းရဦးမည်မဟုတ်၊ ဘဏ်မှတဆင့် ပင်စင်ဦးစီးဌာနကို တင်ရမည်။ ပင်စင်ဦးစီးဌာနက ပြန်ကျလာမှသာလျှင် ငွေထုတ်မည့် အမေ့ကို ခေါ်ကာ ဘဏ်သို့ တခေါက်ပြန်ရပေဦးမည်။

အဖေရမည့်ပင်စင်တလစာက ငွေကျပ်ရှစ်သောင်းကျော်၊ ယခုလောလောဆယ်ပင် ကျနော့်ကုန်ကျငွေက ထက် ဝက်ခန့်ဖြစ်နေပြီ။ ဘာမှမတတ်နိုင်၊ မည်သူမျှ မည်သည့်ဝန်ထမ်းမျှ လာဘ်ပေးရန်မတောင်းဆို။ ရှုပ်ထွေးလှသော၊ မလိုအပ်သော အပိုလုပ်ထုံးလုပ်နည်းများကသာ ကျနော့်အိတ်ထဲက ပိုက်ဆံများကိုယူ၊ အချိန်များကို ယူဆောင် သွားခြင်းဖြစ်သည်။

သာမန်ပြည်သူတဦး ထိုကိစ္စမျိုးကြုံလာလျှင် အောက်ခြေမှာ ဘာမျှမပြောင်းလဲသေး။ လာဘ်ပေးလာဘ် ယူလုပ် နေရတုန်းရှိသေးတယ်ဟု ပြောကြပါလိမ့်မည်။ မဟုတ်ပါ။ ပြောင်းလဲသွားပါပြီ။ ဝန်ထမ်းများ၏ ပြုမူဆက်ဆံပုံများ လုံးဝပြောင်းလဲသွားပါသည်။

ယခင်ကလို မဖြေချင့်၊ ဖြေချင်ပုံစံများ၊ ဘော်လီဘောပုတ်မှုများ၊ ညစ်လုံးရစ်လုံးများ လုံးဝမရှိတော့ပါ။ သူတို့ ဆောင်ရွက်ရမည့်ကိစ္စကို ကြည်ကြည်သာသာဆောင်ရွက်ပေးကြပါသည်။

မပြီးစီးနိုင်သော လုပ်ထုံးလုပ်နည်းများ ကြောင့်သာ သွားရောက်လုပ်ကိုင်သူကိုယ်တိုင် အိတ်ထဲကငွေထုတ်ပေး ချင်စိတ် ပေါက်လာခြင်းဖြစ်သည်။ ပြောရလျှင် လာဘ်ပေးလာဘ်ယူ အမည်ကို ဖျောက်ထားသော ကျေးဇူး တုံ့ပြန် မှု။

အဖေ မဆုံးမီ လေးငါးရက်အလိုက အဖေ့ပင်စင်ကို ထုတ်ရန် အစ်မလတ်က ပြောသည်။ အဖေက သူကိုယ်တိုင် သွားထုတ်မည်ဟု ဆိုသည်။ ကျနော်က “အဖေရယ် မမကို လွှဲစာပေးလိုက်ပါလား၊ အဖေလည်း နေသိပ်ကောင်း တာမဟုတ်ဘူးဆိုသည်ကို အဖေက တတွင်တွင် ငြင်းသည်။

ပင်စင်ထုတ်မှ မိတ်ဆွေတွေ တွေ့ရတာ၊ ငါ့ဘာသာငါ သွားထုတ်မယ်ဟု ဇွတ်ပြောနေ၍ ကျနော်တို့ လက်လျှော့ လိုက်ရသည်။ အဖေဆုံးတော့ ပင်စင်တလခွဲစာ ကျန်ခဲ့သည်။

အဖေရမည့် ပင်စင်လေးငါးသောင်းသာဆိုလျှင် ထိုပင်စင်ကို မထုတ်ဘဲ ဒီအတိုင်းသာထား လိုက်ချင်သည်။ ယခု တော့ တလခွဲစာ တသိန်းနှစ်သောင်းကျော်ကို အမေက နှမြောတသသ ဖြစ်နေပြီး တကျီကျီလုပ်နေ၍ ကျနော့်မှာ အလုပ်က နှစ်ရက်ခွင့်ယူလိုက်ရသည်။

စာရွက်စာတမ်းများအားလုံး စုံလင်သွားတဲ့အခါ ဘဏ်ဝန်ထမ်းအမျိုးသမီးကို ကျနော် ဘယ်နေ့လောက်ပြန်လာရ မလဲ ခင်ဗျာဟု မေးမိသည်။ သူက ပြန်မလာပါနဲ့၊ အနည်းဆုံး ငါးလ လောက်ကြာမယ်။ လိပ်စာမှန်တယ် မဟုတ် လား။ အိမ်ကို စာရောက်လာပါလိမ့်မယ်ဟု ပြောသည်။ ကျနော့်မှာ အဖေဆုံးပြီးတာ မကြာသေး။ နောက်ငါးလ အတွင်း အမေတခုခု မဖြစ်ပါစေနဲ့ဟုသာ ဆုတောင်းရမလို ဖြစ်နေသည်။ အဖေ့ပင်စင်ရဖို့အရေး အမေနေမ ကောင်းပါစေဟုသာ ဆုတောင်းရ တော့သည်။

ငွေရေးကြေးရေးကိစ္စ တစွန်းတစမျှ မဟသော၊ မရစ်သော မညစ်သော ဝန်ထမ်းများကို ကျေးဇူးတင်ပါသည်။ ဒီမို ကရေစီအစိုးရသစ်ကြီးအနေဖြင့် လုပ်ငန်းဌာနအသီးသီးမှ မလိုအပ်သောလုပ်ထုံးလုပ်နည်းများကို အမြန်ဆုံးရှင်း လင်းဖယ်ရှားနိုင်မှသာ ၎င်းတို့ ကြွေးကြော်မျှော်မှန်းထားသော လာဘ်ပေးလာဘ်ယူကင်းစင်သည့် နိုင်ငံတော်ကြီး ဖြစ်လာပါလိမ့်မည်။

ကျနော်ကတော့ ကွယ်လွန်သွားသည့် အဖေ့ကိုသာ တလခွဲစာပင်စင် ချန်ရစ်ခဲ့၍ အကြီးအကျယ် စိတ်နာမိပါတော့သည်။

(နီမော်ဟိန်းသည် ရန်ကုန်အခြေစိုက် စာရေးဆရာတဦး ဖြစ်သည်)

Loading