ကျမရဲ့ သားသမီးတွေနဲ့ မြန်မာပြည်ထဲ အလည်တခေါက်ပြန်ချိန်မှာ ကျမ ငယ်စဉ်ကတည်းက ခေါက်ရိုးကျိုးပြီး အရေးမကြီးသလို နေခဲ့တဲ့ ယဉ်ကျေးမှု ပညတ်ချက်တွေရဲ့ အရေးပါမှုကို ကျမ သားသမီးတွေရဲ့ ထောက်ပြဝဖေန်ချက်တွေကြောင့် ပို သတိထားမိခဲ့ရပါတယ်။ အဲဒီနောက်မှာတော့ မသိကျိုးကျွန် နေခဲ့တဲ့ ကိစ္စတွေရဲ့ နောက်ဆက်တွဲတွေကိုလည်း သိမြင်လာရတာမို့ ပြန်ပြောပြချင်ပါတယ်။
တကယ်တော့ ဒီအကြောင်းအရာ တွေဟာ အမျိုးသမီးအတော်များများ တွေးမိပြီးသား .. ပြောပြီးသားတွေ ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် အသံများများထွက်လေ ပိုသိသာထင်ရှားလေဖြစ်အောင် ဝင်ပြောရတာ ဖြစ်ပါတယ်။ ဒီဆောင်းပါးမှာတော့ သာသနိက အဆောက်အဦးတွေထဲက တချို့နေရာတွေမှာ တွေ့ရတတ်တဲ့ “အမျိုးသမီးများ မဝင်ရ” ဆိုတဲ့ ကန့်သတ်ချက်ကိစ္စကို ပြောချင်ပါတယ်။
ဘုရားပေါ်နဲ့ ဘုန်းကြီးကျောင်းတချို့မှာ မြန်မာလိုရော အင်္ဂလိပ်လိုပါ ရေးထားတတ်တဲ့ ဒီစာသားတွေကို ကျမတို့တွေ ဘာသိဘာသာ နေခဲ့ကြပါတယ်။ အဲဒီနေရာတွေ မဝင်ရ မသွားရတော့လည်း ဘာအရေးလဲပေါ့။ တကယ်တော့ ဒါဟာ လူ့ဘောင်တခုရဲ့ စိတ်ပိုင်းဆိုင်ရာအတွက် အရေးပါတဲ့ လွှမ်းမိုးစေ့ဆော်မှုတခု ဖြစ်နေတယ်ဆိုတာကို ကျမ ကိုယ်တိုင်လည်း ခုမှပဲ သေချာ စေ့ငုမိတာပါ။
သမီး – ဒီနေရာတွေကို ဘာလို့ မိန်းကလေး မဝင်ရတာလဲ။
ကျမ – ဘုရားနဲ့ ဘုန်းကြီးတွေရဲ့နေရာတွေက မြင့်မြတ်လို့ တဲ့။
သမီး – ဒါဖြင့် ဘာလို့ ယောက်ျားတွေက ဘာလို့ အလိုလို မြင့်မြတ်သွားတာလဲ။
ကျမ – အဲဒီမေးခွန်းကို စဉ်းစားတတ်တဲ့ အမျိုးသမီးအတော်များများလည်း မေးဖူးတယ် သမီး၊ ဒါပေမယ့် အစဉ်အလာတွေ ထုံးစံတွေက အဓိပ္ပါယ်မရှိဘဲလည်း လက်ခံထားတဲ့သူတွေ အများကြီး ရှိနေတာကိုး။
သမီး – အဲလို မဝင်ရဘူးဆိုတာ ဘယ်သူက ပြောတာလဲ.. ဗုဒ္ဓက ပြောခဲ့တာလား။
ကျမ – မေမေတော့ ဗုဒ္ဓ ပြောခဲ့တာလို့ မကြားဖူးဘူး။ တခြားဘာသာရေးတချို့မှာလည်း ဒီလို အယူအဆတွေ ရှိတော့ ကူးစက်လာတာလားမသိဘူး။
သမီး – ဒါဆို ဘာဖြစ်လို့ ဗုဒ္ဓဘာသာသမားတွေက ဒါကို လက်ခံထားသလဲ.. အဓိပ္ပါယ်မရှိတဲ့ကိစ္စကို။ ဗုဒ္ဓ က အဲလို ဖြစ်စေချင်တယ်လို့ မေမေ ထင်သလား။ သမီး လေ့လာဖူးတာမှာတော့ ဗုဒ္ဓ ဘာသာက သိပ် မျှတ တယ်။
ကျမ – ဟုတ်တာပေါ့ ၊ ဗုဒ္ဓ ပြောခဲ့တဲ့အထဲမှာ ဗုဒ္ဓက “သူကိုယ်တိုင်ပြောခဲ့တာတွေကိုတောင် လူ့လောက အတွက် အဓိပ္ပါယ်ရှိတယ်.. ကောင်းကျိုးပေးတယ်လို့ သေချာမှ လက်ခံပါ” လို့ ပါတယ် သမီးရဲ့။
သမီး – ဒါဆို အဲလို အမျိုးသမီးမဝင်ရဘူးလို့ ကန့်သတ်တာက ဘယ်လို ကောင်းကျိုးရှိလို့လဲ.. ဘာအတွက် အဓိပ္ပါယ်ရှိသလဲ။
ကျမ – သမီးက ဝင်ချင်လို့လား။
သမီး – ဝင်ချင်တယ်ဆိုတာက အနီးကပ်ကြည့်ချင်လို့လေ.. အရေးကြီးတာတော့ မဟုတ်ပါဘူး၊ အဲလို ခွဲခြား သတ်မှတ်ထားတာကို အံ့သြလို့။ မဝင်ရလည်း ဘာမှမဖြစ်ပါဘူး။ ဒါပေမဲ့ အဲလိုတားတာက အမျိုးသမီးတွေနဲ့ မတန်ဘူးဆိုတာမျိုး ဖြစ်နေလို့ .. ဒါကို မကြိုက်တာ။ မေမေရော ကြိုက်လား။
ကျမ– မေမေတို့ကတော့ မဝင်ရဘူးဆိုလည်း မဝင်ဘူးပေါ့လို့ပဲ ထားလိုက်တာ။
သမီးက ခေါင်းကိုရမ်းပြီး အရေးမကြီးပေမယ့် စိတ်ပျက်စရာဖြစ်တယ်လို့ ပြောပြီး ပြီးသွားပါတယ်။ ကျမရဲ့ အတွေးတွေကတော့ အဲဒီတော့မှ စပါတယ်။
ကျမ ရှေ့မှာ ပြောခဲ့တဲ့ “ဒါဟာ လူ့ဘောင်တခုရဲ့ စိတ်ပိုင်းဆိုင်ရာအတွက် အရေးပါတဲ့ လွှမ်းမိုးစေ့ဆော်မှုတခု ဖြစ်နေတယ်” ဆိုတာကနေ ပြန်စ ချင်ပါတယ်။ ကျမတို့ မြန်မာ့လူ့ဘောင်မှာ ဘာကြောင့် .. ဘယ်လို .. ဆိုတဲ့ အရင်းအမြစ် သက်သေ သေသေချာချာ မရှိဘဲ လက်သင့်ခံထားတဲ့ .. ‘ယောက်ျား တွေက မိန်းမ တွေထက် မြတ်တယ်’ ဆိုတဲ့ အယူအဆမျိုးကြောင့် အမျိုးသမီးတွေအတွက် အရေးပါတဲ့ ဆုံးရှုံးမှုတွေ ရှိနေတာ ကျမတို့ သတိပြုမိကြပါရဲ့လား။
တကယ်တော့ ခုချိန်မှာ အတော်အတန်တော့ ပြောင်းလဲနေတာတွေ ရှိသင့်သလောက် ရှိနေပါပြီ။ ဥပမာ.. မီးနေခန်းထဲ အမျိုးသားဝင်ရင် ဘုန်းနိမ့်တယ်ဆိုတာမျိုး (သူတို့ကိုယ်တိုင် ဒီအခန်းထဲကနေပဲ လူ့ဘဝထဲကို စရောက်လာတာ ဖြစ်ပါလျက်)။ ညစ်ပတ်နေနိုင်တာချင်း အတူတူကိုပဲ ပုဆိုးနဲ့ ထမီ ရောလျှော်ရင် အမျိုးသားကို ဘုန်းနိမ့်စေတယ်ဆိုတာမျိုးတွေကို တချို့ လက်မခံကြတော့ပေမယ့် တချို့ကတော့ ခုထိ ဒီလို ယုံထားကြတုန်းပါ။ ခုခေတ်ကာလထိတောင် အမျိုးသမီးအဝတ်အစားတိုက်ဖို့ မီးပူ သတ်သတ်ထားတဲ့ သူတွေ မြန်မာပြည်မှာ ရှိနေပါသေးတယ်။
ဒီလို ယုံကြည်မှုမျိုးက ဘာအဆိပ်အတောက်မှ မရှိဘူးလို့ ထင်စရာပါ။ ဒါပေမယ့် အဲလို ယုံကြည်မှုမျိုးက အမျိုးသမီး တွေနဲ့ အမျိုးသားတွေကို စိတ်ပိုင်းဆိုင်ရာအရ အမျိုးသားတွေကို အမြင့် တနေရာ ပေးပြီး အမျိုးသမီးတွေကို နိမ့်ကျတယ်လို့ ခံစားရစေတဲ့၊ ခွဲခြားပစ်လိုက်တဲ့ အယုံသွင်းမှုတမျိုး ဆိုတာ တွေးကြည့်ကြ စေချင်ပါတယ်။
တနည်းအားဖြင့်တော့ အမျိုးသားတွေကို သူတို့ရဲ့ သဘာဝအရ ဖြစ်လာတဲ့ လိင်ကွဲပြားမှုအပေါ် ဆုံးဖြတ်ပြီး အသာစီးပေးလိုက်တာပါပဲ။ ဦးစီးခေါင်းဆောင်သာ ဖြစ်ရမယ်ဆိုတဲ့ စိတ်နဲ့ အခွင့်အရေးကို လမ်းဖော်ပေး လိုက်တာပါပဲ။ ဒီလိုနဲ့ အလိုအလျောက်ပဲ အမျိုးသမီးတွေဟာ နောက်မှာသာ နေရမယ်၊ အမျိုးသားတွေကို နာခံရမယ်လို့ ပုံသွင်းလိုက်တာပါပဲ။ အဲဒီအတွက် အကြောင်းပြချက်ဖြစ်တဲ့ အမျိုးသားတွေက မြင့်မြတ်တယ်၊ ဘုန်းရှိတယ်ဆိုတဲ့ အချက်ဟာ သက်သေပြလို့မရတဲ့ အမှန်တရားတခုလိုဖြစ်အောင် ပုံဖော်ထားတာပါပဲ။ အဲလို ယုတ္တိမတန်တဲ့ အကြောင်းပြချက်မျိုးကို လက်သင့်ခံနေရရင်းကပဲ ကျမတို့တွေစိတ်ထဲမှာ မသိမသာနဲ့ သိမ်ငယ်စိတ် တွေ စွဲလာတယ်လို့ မြင်ပါတယ်။
အဲဒီ သိမ်ငယ်စိတ်ရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေထဲက တခုလောက် ဥပမာပေးချင်ပါတယ်။
ဒါနဲ့ပဲ ယောက်ျားတွေဟာ အလိုလိုနေရင်း တဖြည်းဖြည်း အခွင့်ထူးခံလို ဖြစ်လာပြီး ယောက်ျားပဲ၊ မှားတတ်ပါတယ်။ လင်နဲ့ မယားစကားများရင် ယောက်ျားကတော့ တခါတလေ စိတ်လိုက်မာန်ပါ ရိုက်မိတတ်တာပဲ၊ ကလေးမျက်နှာနဲ့ သည်းခံရမှာပဲ ဆိုတာမျိုးတွေဟာ မထူးဆန်းတဲ့ထုံးစံတခုလို အမျိုးသမီးတွေကိုယ်တိုင်ကတောင် လက်သင့်ခံလာကြတာပါ။ ဒါဟာ အိမ်တွင်း နှိပ်စက်အကြမ်းဖက်တာကို ပျိုးထောင်ရာကျနေတယ်လို့ တွေးမိကြပါရဲ့လား။ အဲဒီ အရိုက်ခံ အနှိမ်ခံ အမျိုးသမီးတွေရဲ့ စိတ်ခံစားချက် နာကျင်မှုကိုရော ထည့်စဉ်းစားမိကြပါရဲ့ လား။ ဒီအဖြစ်အပျက်ကို သိနေတဲ့ သားသမီးတွေနဲ့ ဗိုလ်ကျတဲ့ အဖေရဲ့ ကြားက ဆက်ဆံရေးကရော သာသောင့်သာယာ ရှိပါ့မလား။
ဒါဟာ မကျန်းမာတဲ့ မိသားစုဘဝမျိုး ဖြစ်လာစေတဲ့ အကြောင်းတရားပဲ မဟုတ်ပါလား။ ဒါတွေရဲ့ အခြေခံဟာ အမျိုးသမီးတွေကို သိမ်ငယ်အောင် ပုံသွင်းခံထားရတဲ့ အစဉ်အလာ ယဉ်ကျေးမှုထဲက ပုန်းကွယ်နေတဲ့ နောက်ဆက်တွဲ ဆိုးကျိုးပဲ ဖြစ်ပါတယ်။ ဒီလို ဆိုးကျိုးဆက်တွေ မြန်မာ့ လူ့ဘောင်ထဲမှာ အများကြီး ရှိနေပါတယ်။
ဒီနေရာမှာ တချို့ အမျိုးသမီးတွေကိုယ်တိုင် ပြောတတ်တာတခု ရှိပါတယ်။ အမျိုးသမီးတွေကို ခွဲခြားတာကတော့ ကမာ္ဘအနှံ့မှာပဲ၊ မြန်မာတနိုင်ငံတည်း မဟုတ်ဘူးတဲ့။ ကျမတို့ဟာ ‘ကိုယ်တွေပဲ ခံရတာ မဟုတ်ဘူး.. သူတို့လည်း ခံနေရတာပဲ’ ဆိုတာနဲ့ပဲ ဒီလို နှိမ်ထားတာကို လက်ခံလိုက်ရမှာလား။ ကိုယ့်ရဲ့ အနီးဆုံး လူ့ဘောင်ထဲ မှာ တရားမျှတမှုကိုရဖို့ ကြိုးစားယူရမှာ မဟုတ်ဘူးလား။
အမျိုးသမီး အယောက်စီတိုင်း တက်ညီလက်ညီ ကြိုးစားမှပဲ တယောက်က အစ.. တရာ .. တထောင်.. တသောင်း.. တသိန်း… ဖြစ်မယ် မဟုတ်ပါလား။
(မေငြိမ်းသည် အမေရိကန်ပြည်ထောင်စုတွင် ရွှေ့ပြောင်းအခြေချနေထိုင်သူ မြန်မာ အမျိုးသမီး စာရေးဆရာတဦး ဖြစ်သည်။ မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) ၏ HI (Honest Information) Website ( www.hiburma.net ) မှ ကူးယူဖော်ပြသည်။ )
You may also like these stories:
ကိုယ့်သားမယားကို အဓမ္မပြုကျင့်ကြသလား
သက်ငယ်မုဒိမ်းမှုများကို ဓလေ့ထုံးတမ်းများဖြင့် မကျေအေးသင့်ပါ
စစ်ရှောင်စခန်းမှာ ဘဝကို မြှုပ်နှံထားတဲ့ ကျန်းမာရေးဆရာမ
စစ်ကြောင့် အနာဂတ် ပျောက်နေသည့် အမျိုးသမီးများ