ရန်ကုန်စတော့အိတ်ချိန်းတွင် တရားဝင် စာရင်းတင်ရောင်းချနေသော FMI ကုမ္ပဏီ၏ ရှယ်ယာတန်ဖိုးများသည် ဈေးကွက်ဖွင့်ပြီးနောက် ၄ ရက်အတွင်း ဝယ်လိုအားမြင့်တက်ကာ ရှယ်ယာဈေးနှုန်းမှာလည်း တဟုန်ထိုး မြင့်တက်လျက်ရှိကြောင်း သတင်းရရှိသည်။
မတ်လ ၂၉ ရက်နေ့ ဈေးကွက်ပိတ်ချိန်တွင် တနေ့တည်းတွင်ပင် FMI ရှယ်ယာ ရှယ်ယာစုစုပေါင်း ၂၁၀၇၅၂ အရောင်းအဝယ်ဖြစ်ခဲ့ပြီး တန်ဖိုးအားဖြင့် ငွေကျပ် ၈ ဘီလီယံကျော် ဖြစ်ကြောင်း၊FMI ၏ ရှယ်ယာများကို ယခုလ ၂၅ ရက်နေ့က ရန်ကုန်စတော့အိတ်ချိန်းတွင် အရောင်းအဝယ်စတင်ခဲ့ပြီး ဈေးစတင်ဖွင့်ချိန်က ရှယ်ယာတစုလျှင် တန်ဖိုး ၃၁၀၀၀ ကျပ်သာရှိခဲ့ရာမှ ၄ ရက်အကြာ မတ်လ ၂၉ ရက်နေ့တွင် FMI ရှယ်ယာတစုလျှင် ငွေကျပ် ၄၁၀၀၀ ကျပ် အထိ ဈေးဆက်တိုက်မြင့်တက်ခဲ့ကြောင်း သိရှိရသည်။
“ဈေးကွက်အစကာလတွေတော့ လူတွေက အသည်းအသန် ဖြစ်ကြတာပေါ့လေ။ဘယ်ချိန်ပြန်ကျမလဲ တော့မသိဘူး။ ဈေးကွက် ဆိုတာတော့ ဘယ်တော့မှ ငြိမ်နေတာမရှိဘူး။ဒီနေ့က တစု ၃၆၀၀၀ ကျပ်နဲ့ နဲ့စဖွင့်ပြီး ၄၁၀၀၀ နဲ့ပိတ်သွား တာ” ဟု ရန်ကုန်စတော့အိတ်ချိန်းမှ တာဝန်ရှိသူတဦးက ပြောသည်။
လက်ရှိအချိန်တွင် ရန်ကုန်စတော့အိပ်ချိန်းတွင် FMI ကုမ္ပဏီ တခုတည်းကသာ ရှယ်ယာများ ရောင်းချနိုင်သေးပြီး အခြား ရောင်းချခွင့်ရထားသော အများပိုင်ကုမ္ပဏီများမှာလည်း ရှယ်ယာများ ထုတ်ရောင်းရန် ပြင်ဆင်နေကြဆဲ ဖြစ်ကြောင်း၊ FMI ကုမ္ပဏီပြီးလျှင် မကြာခင် ရှယ်ယာ ရောင်းချခွင့် ရရှိမည့် ကုမ္ဗဏီမှာ မြန်မာသီလဝါ အထူး စီးပွားရေး ဇုန် အများပိုင်ကုမ္ပဏီ ဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန ဒုဝန်ကြီး ဒေါက်တာမောင်မောင်သိမ်းက ပြောဆိုထားသည်။
ရန်ကုန်စတော့အိတ်ချိန်းတွင်ေ ရာင်းချနေသည့် FMI ကုမ္ပဏီ၏ ရှယ်ယာများသည် ရှယ်ယာသစ်များမဟုတ်ဘဲ ယခင်ရှိနှင့် ပြီးသား ရှယ်ယာများကို သာ ရောင်းချခြင်းဖြစ်ကြောင်း၊ မြန်မာသီလဝါအထူးစီးပွားရေးဇုန်ဟိုးလ်ဒင်း အများပိုင်ကုမ္ပဏီအနေဖြင့်လည်း ရှယ်ယာသစ်များကို ရောင်းချခြင်းမပြုသေးဘဲ နဂို ထုတ်ရောင်း ထားပြီး ဖြစ်သော ရှယ်ယာဟောင်းများကိုသာ ရောင်းချမည်ဖြစ်ကြောင်း သိရှိရသည်။
ဒေါက်တာအောင်သူရက “ကုမ္ပဏီတခုက စပြီး listed လုပ်လိုက်ပြီး ရောင်းတဲ့ အချိန်၊ စတော့အိပ်ချိန်း စလိုက်တဲ့ အချိန်မှာဆို အဲ့လိုမျိုး ဖြစ်တက်တယ်ပေါ့။ ဝယ်မယ့်သူ အရမ်းများတက်တာပေါ့။ ဝယ်ချင်တဲ့သူက ဈေးကို အများ ဆုံး ဘယ်လောက် သတ်မှတ်ပြီး ဝယ်မယ်ဆိုရင်တော့ ဈေးက မတက်ဘူးပေါ့နော်။ ဒီလိုမဟုတ်ဘဲ လူတွေ က တန် နေတုန်းပဲ ထင်လို့ ဈေးကို မြှင့်ပေးပြီးတော့ ဝယ်ဆိုရင်တော့ ဈေးကတက်လာတယ်” ဟု ပြောသည်။
ရန်ကုန်စတော့အိတ်ချိန်းသို့ ရှယ်ယာများ ဝင်ရောက် ရောင်းချခွင့် ရထားသည့် အခြားကုမ္ပဏီများမှာ မြန်မာနိုင်ငံ သားများဘဏ်၊ ပထမပုဂ္ဂလိကဘဏ်၊ မြန်မာ့လယ်ယာစီးပွားရေးအများပိုင် ကော်ပိုရေးရှင်းနှင့် Great Horkham ကုမ္ပဏီတို့ဖြစ်ကြောင်း၊ ရှယ်ယာရောင်းချခွင့်ပြုရန် လျှောက်ထားသည့် အများပိုင်ကုမ္ပဏီများလည်း ရှိကြောင်း၊ လက်ရှိခွင့်ပြုထားသည်ကုမ္ပဏီများနှင့် ထပ်တိုးမည့် ကုမ္ပဏီများ စုစုပေါင်းလျှင် ရှယ်ယာဈေးကွက်တွင် ရောင်းချ ခွင့် ရရှိမည့်ကုမ္ပဏီ ၁၀ ခုကျော်မည်ဖြစ်ကြောင်း ဒေါက်တာမောင်မောင်သိမ်းက ပြောဆိုထားသည်။