ကျမတို့ လူ့အဖွဲ့စည်းရဲ့ အနာဂတ်ဟာ ကလေးများ အပေါ်မှာ အများကြီး မူတည်ပါတယ်။ ကလေးတွေ ကို ပြုစု စောင့်ရှောက်တာ၊ ထိန်းကျောင်း ပြုပြင် ပေးတယ် ဆိုတာဟာ တကယ်တော့ အနာဂတ်ကို ပုံဖော်နေတာ ပါပဲ။ ကျမတို့ရဲ့ အနာဂတ် မှာ စိတ်ရည် ဉာဏ်ရည် မြင့်မားတဲ့ လူ့ အဖွဲ့အစည်းကြီး တခု ပေါ်ပေါက် လာစေဖို့ အတွက် ကလေးတို့နဲ့ အနီးကပ်နေသူ ဆရာ၊ ဆရာမများ၊ မိဘများရဲ့ ကလေးပြုစု စောင့်ရှောက်မှု၊ ထိန်းကျောင်းမှုဟာ သိပ်ကိုမှ အရေးကြီး ပါတယ်။ ကိုယ်ကျင့်တရား ကောင်းတဲ့ လူကြီးတွေအဖြစ် လူ့အဖွဲ့အစည်းထဲမှာ ဝင်ဆန့်ဖို့၊ အမှားကို ဝန်ခံတတ်ဖို့၊ မမှန်တာကို လုပ်ရမှာ ရှက်တတ်သူတွေဖြစ်ဖို့၊ ကိုယ့်ကိုယ်ကိုယ်နဲ့ လူ့လောက ဝန်းကျင်ကို လေးစားတတ်တဲ့ လူတွေ ဖြစ်စေဖို့ အတွက် ကလေးဘ၀ ကတည်းက ပြုစုစောင့်ရှောက် ပြုပြင်ပေးသွားဖို့ လိုပါတယ်။
ကျမတို့ရဲ့ မြန်မာ့လူ့အဖွဲ့စည်းမှာတော့ ကလေးကို ဆုံးမပြုပြင်တဲ့ အခါမျိုးမှာ ဘုန်းကြီးကျောင်း ပညာရေးက အစ ဆရာ၊ ဆရာမများ အလယ် မိဘများ အဆုံး တုတ်ကို သုံးတတ်ကြပါတယ်။ ဆဲတာ ဆိုတာမျိုးပဲ ဖြစ်ဖြစ် အပြုမူမှား တခုခုကို လုပ်မိ ကိုင်မိလိုက် တာမျိုးပဲ ဖြစ်ဖြစ် ရိုက်နှက် ဆုံးမတတ်ကြပါတယ်။ တကယ်တော့ ကလေးကို ရိုက်နှက် ဆုံးမခြင်းဟာ မှန်ကန်တဲ့ ဆုံးမခြင်း မဟုတ်ပါဘူး။ အကြောက်တရားနဲ့ ကြီးပြင်းခဲ့ရတဲ့ ကလေးများဟာ လူ့အဖွဲ့စည်းထဲကို ရောက်လာတဲ့ အခါမှာ အရာရာကို ကြောက်ရွံ့စိုးရိမ်တတ် လာပါတယ်။ လူကြီးရှေ့မှာ အကြောက်တရား ကြောင့် မလုပ်ဝံ့ကြ ပေမယ့် ကွယ်ရာမှာ ခိုးကြောင်ခိုးဝှက်နဲ့ လုပ်တတ်ကြတဲ့ လုပ်ရဲကြတဲ့ သူတော်ကောင်း အယောင်ဆောင်လေး တွေလည်း ဖြစ်လာ တတ်ကြပါ တယ်။
တုတ်သုံးခြင်း၊ အကြောက်တရားနဲ့ အုပ်ချုပ်ခြင်း ဆိုတာဟာ တကယ်တော့ ကောက်နေတဲ့ ခွေးမြီးလေး တွေကို ကျည်တောက်စွပ် ဖြောင့်ခိုင်းလိုက်တာပါပဲ။ ကျည်တောက်လည်းဖြုတ်ရော ခွေးမြီးကတော့ အကောက်က အကောက်တိုင်း ဖြစ်နေတော့တာပါပဲ။ ခွေးမြီးကောက်ကို ကျည်တောက်မစွပ်ခိုင်းဘဲနဲ့ ခွဲစိတ်ပြုပြင်ပြီးတော့ တခါတည်း တသက်လုံး အမြီးဖြောင့် သွားအောင်လုပ်လို့ ရပါတယ်။ ကျည်တောက် စွပ်သလိုတော့ မမြန်သလို အချိန်လည်းယူပြီးတော့ လေ့ကျင့် သင်ကြားပေးရ တာမို့ နည်းနည်းတော့ ကြာရှည်တယ်လို့ ထင်ရပေမယ့် လူ့အဖွဲ့စည်းထဲဝင်မယ့် လူကြီး လေးများ အတွက် တကယ် အကျိုးရှိတဲ့ နည်းများပါပဲ။
ကလေးတို့ရဲ့စံပြဖြစ်ပါစေ
ကလေးဆိုတာမျိုးက လူကြီးလုပ်သမျှ အကုန် အတုခိုးပြီးတော့ လိုက်လုပ်တတ်တဲ့ အမျိုးပါ။ လူကြီးက ကလေးရှေ့မှာ ဆဲပြနေရင် သူတို့လည်း လူကြီးဆဲသလို လိုက်ဆဲမှာ ပါပဲ။ လူကြီးက ယဉ်ယဉ်ကျေးကျေး ချိုချိုသာသာ ပြောဆိုမယ် ဆိုရင်ဖြင့် သူတို့လေးတွေဟာ လည်းယဉ်ယဉ်ကျေးကျေး လိမ်လိမ်မာမာ ပြောဆိုလာ တတ်ကြပါတယ်။ ကလေးတွေ စကားပြောတဲ့ အခါမှာ အော်ဟစ်ပြီး မပြောစေချင်တဲ့ မိဘများအနေနဲ့ ကလေးတခုခု လုပ်လိုက်လို့ အမှားယွင်း ဖြစ်သွားတဲ့ အခါမျိုးမှာ အော်ဟစ်ပြီးတော့ မပြောဆိုဖို့ လိုပါတယ်။ ချိုချိုသာသာ ပြောဆိုရပါမယ်။
ကလေးတွေဟာ မိဘတွေ ဒေါသထွက်တဲ့ အခါမျိုးမှာ ဒေါသကို ဘယ်လိုနည်းနဲ့ ဖြေရှင်းသလဲ ဆိုတာကို စောင့်ကြည့် တတ်ကြပါတယ်။ ဒေါသထွက်လို့ မိဘက တံခါးကို ခြေထောက်နဲ့ ကန်တာ၊ နံရံကို လက်သီးနဲ့ ထိုးတာ ကို မြင်ဖူးထားတဲ့ ကလေး တယောက်ဟာ သူ ဒေါသထွက်တဲ့ အခါမှာလည်း မိဘလုပ်တဲ့ အတိုင်းပဲ လိုက်လုပ်တတ်ကြပါတယ်။ ဒါကြောင့် ကလေးကို လိမ္မာစေလိုသူ မိဘများ အနေနဲ့ တုတ်ကို သုံးမယ့်အစား ကိုယ် ဖြစ်စေချင် နေစေချင်တဲ့ ပုံစံအတိုင်း ကလေးရှေ့မှာ စံပြအဖြစ်ကိုယ်က နေပေးဖို့ သိပ်အရေးကြီးပါတယ်။
ကလေးနဲ့ရင်းနှီးနွေးထွေးတဲ့ ဆက်ဆံရေးရှိပါစေ
ကျမတို့ရဲ့ မြန်မာမိဘ တော်တော်များများ ဟာ ငါက မိဘပဲ ဆိုတဲ့ မာန်လေးနဲ့ မိဘနေရာမှာ ကလေးနဲ့ ခပ်ခွာခွာ နေတတ်ကြ ပါတယ်။ မိဘစကား မှန်သည်ဖြစ်စေ ၊မှားသည် ဖြစ်စေ နားထောင်ရမယ် ဆိုတဲ့ တချက်လွတ်အာဏာရှင် မိဘများဟာ မြန်မာ့လူ့အဖွဲ့စည်း မှာ တော်တော်လေးကို များပြားပါတယ်။ ဒါဟာ အင်မတန်မှကို မှားယွင်းတဲ့ သားသမီး ထိန်းကျောင်းနည်း ပါပဲ။ အရောဝင်ရင် အရိုသေတန်တယ် ဆိုပြီးတော့လည်း မိဘများဟာ သားသမီးများနဲ့ အရောတဝင် မရှိတတ်ကြ ပါဘူး။ မိဘက သားသမီး နဲ့စကားပြောတဲ့ အချိန်မှာလည်း ကိုယ်ပြောချင် ဆိုချင်တာတွေကို တန်းစီပြီးတော့ ပြောနေတတ်ကြတာ များပါတယ်။ သားသမီးရဲ့ ခံစားချက်ကို ဘာဆိုဘာမှ ထည့် မတွတ်တတ်ကြ ပါဘူး။
အမှန်တော့ ကိုယ့်ရဲ့သားသမီးကို လိမ္မာစေလိုသူ မိဘများ အနေနဲ့ သားသမီးနဲ့ မိဘ ရင်းနှီး နွေးထွေးတဲ့ ဆက်ဆံရေး ရှိဖို့ လိုပါတယ်။ ကလေးတွေနဲ့ နွေးထွေးစွာ ဆက်ဆံရမယ် ဆိုတော့ ဘယ်လို ဆက်ဆံရမလဲ ဆိုတာ တွေးစရာ ဖြစ်လာပါ တယ်။ အဓိက ကတော့ ကလေးပြောတာကို အချိန်ပေးပြီးတော့ နားထောင်ဖို့ပါပဲ ။ သူတို့ရဲ့ ခံစားချက်၊ သူတို့ရဲ့ အတွေးအမြင် လေးတွေကို စိတ်ထဲရှိရာ မိဘကို ဖွင့်ပြောရဲဖို့၊ ဖွင့်ပြောခွင့်ရဖို့ ပါပဲ။ ကလေးတွေရဲ့ အတွေးစိတ်ကူး လေးတွေဟာ လူကြီးရဲ့ အတွေးစိတ်ကူးနဲ့ တူချင်မှ တူပါလိမ့်မယ်။ ဒါပေမယ့် သူတို့ရဲ့ အမြင်ကို လေးစားဖို့လို ပါတယ်။ သားအမိ၊ သားအဖတွေ အမြင်မတူတာတွေကို ဖလှယ်လို့၊ တယောက်အမြင်ကို တယောက် လေးလေးစားစားနဲ့ ချစ်ချစ်ခင်ခင် ပြောဆိုကြတဲ့ စကားဝိုင်းမျိုးဟာ တကယ်တော့ ရင်းနှီးနွေးထွေးတဲ့ ဆက်ဆံရေးပါပဲ။
ချီးကျူးပါ၊ ဖျောင်းဖျပြောဆိုပါ
ကျမတို့ရဲ့ မြန်မာမိဘ တော်တော်များများ ကတော့ ကလေးကို ချီးကျူးရမှာ အင်မတန် စိုးရွံ့ကြပါတယ်။ ချီးကျူးရင် ကန်းတက်လိမ့်မယ် လို့ ထင်တတ်ကြတာ မျိုးပါ။ သို့ပေမယ့် တခုခု အမှားယွင်း လုပ်မိပြီ ဆိုရင်တော့ဖြင့် အပြစ်တင် အော်ဟစ် ဆူပူလို့ မဆုံးကြတော့ ပါဘူး။ တကယ်တော့ ဒါဟာ မှားယွင်းတဲ့ အယူအဆပါ။ တကယ်တော့ ကလေးကို လိမ္မာအောင်လို့ ပြုပြင်တဲ့ အခါမျိုးမှာ ချီးကျူးခြင်း ဟာ အင်မတန်မှ ကောင်းမွန်တဲ့ နည်းပဲ ဖြစ်ပါတယ်။ ကိုယ် မကြိုက်တဲ့ အပြုမူဆိုး တခုကို ကလေးလုပ်မိတိုင်း မျက်လုံးကြီး ပြူးပြီးတော့ အော်ဟစ်နေမယ့် အစား ဖျောင်းဖျောင်းဖျဖျနဲ့ ကလေး နားဝင်အောင် ပြောဆိုရပါမယ်။
ဥပမာ – ကိုယ့်ရဲ့ကလေးက ဧည့်သည်လာတဲ့ ကလေးကို သူ့ရဲ့ အရုပ်တွေ ပေး မကစားဘူး ဆိုပါစို့။ “ဟဲ့..! အရုပ် ပေးကစားလိုက်လေ။ ဒီလို အပြုအမူဆိုး တွေကို မကြိုက်ဘူးလို့ ပြောထားတယ် မဟုတ်လား” လို့ ကလေးကို ပြောမယ့် အစား “သားသား အရုပ်လေးကို သူငယ်ချင်းကို ပေးကစားလိုက်နော်။ သားတို့ အတူတူ ကစားမယ် ဆိုရင် ဘယ်လောက် ပျော်စရာကောင်းလိုက်မလဲ ” လို့ ပြောရမှာပါ။
အပြစ်တင် ဆူပူတာကို မကြာ မကြာခံနေရတဲ့ ကလေးတွေဟာ ပိုပိုပြီး ဆိုးလာတတ် ပါတယ်။ ကလေးက လိမ်မာတဲ့ အပြုမူ၊ အမူရာကောင်းလေးတွေ လုပ်တိုင်း လုပ်တိုင်းမှာ လည်း မသိချင်ယောင် ဆောင်မနေရပါဘူး။ ချီးကျူးပေးရပါမယ်။ ချီးကျူးတဲ့ အခါမှာလည်း လုပ်ကြံဖန်တီးပြီး တော့ ချီးကျူးတာမျိုး မဖြစ်ရပါဘူး ။ တကယ့်ကို စိတ်ပါလက်ပါ နဲ့ ချီးကျူးရပါ မယ်။
ကလေးပြောတာကို စိတ်ဝင်တစား နားထောင်ပေးပါ
ကလေးတို့ဟာ လူကြီးနဲ့ စကားပြောချင် ကြပါတယ်။ သူတို့ အတွေး၊ သူတို့ အမြင် စတာတွေကို လူကြီးက စိတ်ဝင်တစားနဲ့ နားထောင်ခြင်း ဟာ သူတို့ ရင်ထဲက ဒေါသ၊ အမုန်းနဲ့ မကြေလည်မှု တွေကို လျှော့ပါး သွားစေသလို၊ ကလေး နဲ့ လူကြီး အကြားမှာလည်း ချစ်ခင်ရင်းနှီးမှု ပိုတိုးလာစေ ပါတယ်။ သူတို့ စိတ်ထဲမှာ ဘယ်လို ခံစားနေရတယ် ဆိုတာကို လူကြီးကို ပြောပြတဲ့ အခါမျိုးမှာ လူကြီးကလည်း စိတ်ဝင်တစားနဲ့ ကလေးရဲ့ စိတ်ခံစားချက်ကို ကလေးကိုယ်တိုင် နားလည်လာ အောင်လို့ ပြန်ပြောပြဖို့ လိုပါတယ်။
ဥပမာ – “သမီး ဝါဝါကို သိပ်မုန်းတာပဲမေမေ” လို့ ကလေးက သူ့အမေကို ပြောတယ် ဆိုပါစို။ “ဝါဝါက သမီးကို စိတ်ဆိုးအောင် လုပ်လို့။ သမီး စိတ်ဆိုးနေ တာပေါ့ ဟုတ်လား” စသဖြင့် ပြောရပါမယ်။ ကလေး ပြောချင်တာကို ပြောခွင့်ပေးပါ။ ဒီနေရာမှာ ကျမတို့ရဲ့ မြန်မာမိဘ တော်တော်များများက ကလေး ပြောတာကို ဘယ်တော့မှ ဆုံးအောင် နားမထောင်တတ် ကြပါဘူး။ ကလေး ပြောတဲ့ အထဲမှာ သူတို့ မကြိုက်တာ တခုခု ပါလိုက်ပြီဆိုတာနဲ့ ဆူပူ အော်ဟစ် တော့တာပါပဲ။ နောက်ပိုင်းမှာတော့ ကလေး တို့ဟာ သူတို့ရဲ့ ပြဿနာတွေ၊ သူတို့ရဲ့ စိတ်ခံစားချက်တွေကို မိဘကို မပြောတော့ဘဲ သိုဝှက်တတ်လာကြ ပါတယ်။ အဲလိုနဲ့ပဲ မိဘနဲ့သားသမီးကြား ဆက်ဆံရေးတွေ တဖြည်းဖြည်း ဝေးကွာ လာရတော့တာ ပါပဲ။
ကလေး တယောက်ကို ပြုစု စောင့့်ရှောက်တယ် ဆိုတာဟာ တကယ်တော့ လူ့လောကထဲက လူမှုအဖွဲ့စည်းထဲကို ဝင်ပြီး တော့ လူ့အသိုင်းဝိုင်းထဲက အလုပ်တွေကို လုပ်ကိုင် ရတော့မယ့် လူတယောက်ကို မွေးမြူ စောင့်ရှောက်ရ တာပါပဲ။ ဒီ အလုပ် ဟာ သိပ်ကိုမှ တာဝန်ကြီးသလို၊ အနာဂတ် လူ့အဖွဲ့အစည်း အတွက် အင်မတန်မှလည်း အရေးကြီးတဲ့ အလုပ်ကြီး ပါ။ မိခင်တယောက်ချင်း ဆီကနေ စိတ်ရည် ဉာဏ်ရည်မြင့်တဲ့၊ စိတ်ကောင်းရှိတဲ့၊ တာဝန်ယူတတ်တဲ့ လူ့အဖိုးတန်တွေ ကိုချည်း မွေးထုတ် ပေးနိုင်မယ် ဆိုရင်ဖြင့် အဲဒီ လူမှု အဖွဲ့အစည်းဟာ သိက္ခာရှိတဲ့ လူတွေနဲ့ ဖွဲ့စည်းထားတဲ့ လူ့အဖွဲ့အစည်း ဖြစ်လာမှာ အမှန်ပါပဲ။
ကျမတို့ဟာ သိက္ခာရှိတဲ့၊ တရားမျှတတဲ့ လူ့အဖွဲ့အစည်း တခုကို ရလာဖို့ အတွက် အကြောက် တရားကို အခြေခံတဲ့ နည်းတွေနဲ့ ကလေးတို့ကို ခြိမ်းခြောက်ပုံသွင်းလို့မရနိုင်ပါဘူး၊ ဖြစ်မလာနိုင်ပါဘူး။ တယောက်ယောက်ကို ကြောက်ရလို့ လိမ္မာတာ၊ စည်းကမ်း လိုက်နာရတာ မဟုတ်ဘဲ ကိုယ့်ဖာသာကို ကြည်ညိုလို့၊ ကိုယ့်ကိုယ်ကို လေးစားလို့ လိမ္မာတဲ့ လူလိမ္မာလေးတွေ ဖြစ်အောင်လို့ ကလေးတို့ကို ဘယ်လို ပြုစုပျိုးထောင်ရမလဲ ဆိုတာကို နောက် တပတ်မှာ ကျမဆက်ရေးသား တင်ပြပါဦးမယ်။ ဖတ်ကြည့်ပေးပါဦး။
(ခေတ်ဘုန်းသစ် သည် စာရေးဆရာမ ပန်းရိပ်ဖြူ၏ ကလောင်ခွဲဖြစ်သည်။ ခေတ်ဘုန်းသစ် ကလောင်အမည်ဖြင့် ကလေးစာပေ၊ ပုံပြင်၊ ကဗျာများရေးသား နေသကဲ့သို့ ပန်းရိပ်ဖြူ ကလောင်အမည်ဖြင့် ရသစာပေ ဝတ္ထုတို၊ ဝတ္ထုရှည်နျင့် ကဗျာများ ရေးသားလျက် ရှိသည်။)