အခုတလော facebook အသိုင်းအဝန်းမှာ သရုပ်ဆောင် အကယ်ဒမီ ခင်ဇာခြည်ကျော်က သူ့ရဲ့ facebook မှာ Aroma Zulu ဓာတ်ပုံ စတူဒီယိုကို မကောင်းကြောင်းတွေ ရေးနေတာ တွေ့ရသလို၊ Aroma ကလည်း ခင်ဇာခြည်ကျော်ဆီက ငွေ ၉ သိန်း လိမ်သွားပါတယ် ဆိုတဲ့ အကြောင်းတွေကို ခင်ဇာခြည်ကျော်ရဲ့ facebook မှာ ဇွန် ၂၂ ရက်ကနေစပြီး ပလူပျံအောင် ဖတ်ကြရပါတယ်။
အဲဒီအချိန်မှာ Aroma ဓာတ်ပုံတိုက်ကလည်း သူတို့ရဲ့ facebook မှာ မဟုတ်ကြောင်းဖြေရှင်း၊ ခင်ဇာခြည်ကျော်ကလည်း သူ့ရဲ့ facebook အသစ်ကနေ မဟုတ်ကြောင်း ပြန်ဖြေရှင်း၊ သူ့ရဲ့ facebook အဟက်ခံလိုက်ရတဲ့ အကြောင်း အသိပေးနဲ့ တော်တော်လေး ပွသွားခဲ့ပါတယ်။ အဲဒါနဲ့ ကာယကံရှင်တွေကို မေးမြန်းပြီး သူတို့ရဲ့ ဖြစ်ရပ်မှန်က ဘာလဲဆိုတာ သိရဖို့ ဧရာဝတီကနေ ပြန်လည် ဖော်ပြပေးလိုက် ပါတယ်။
“အဲဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ အစ်မရဲ့ facebook မှာ ဗီဒီယိုဖိုင်လည်း တင်ထားပါတယ်။ မဟုတ်ကြောင်း တင်ထားပါတယ်။ အစ်မ Aroma မှာ ဓာတ်ပုံသွားရိုက်တယ်။ ၂၀ ရက်နေ့ ညနေမှာပေါ့။ ပြန်ရောက်တော့ အစ်မ Message Box ထဲကို www.aungzinmyat က လင့်ခ်တခု ရောက်နေတယ်။ အစ်မ မကောင်းကြောင်းကို ဒီလင့်ခ်ထဲ ရေးထားတယ်၊ ဝင်ကြည့်ပါလို့ ပြောတယ်။ အစ်မကတော့ လိုတဲ့လူရှိတယ်၊ မလိုသူရှိတယ်၊ ဝင်ကြည့် မနေတော့ဘူး။ နောက် မနက်ကျတော့ အမ Message Box ထဲကို နောက် မက်ဆေ့ချ် ၃ စောင် ထပ်ရောက်နေတယ်၊ ဝင်ကြည့်ပါ၊ တော်တော် အခြေအနေ ဆိုးနေတယ် ဆိုတော့ အငိုက်မိသွားတယ်။ အဲဒီမှာ ဘာတွေ လျှောက်ရေးထားလဲမသိဘူး ဆိုပြီး ဝင်ကြည့် လိုက်တာ။ အဲဒီ ဝင်ကြည့်တဲ့လင့်ခ်က User name နဲ့ Password တောင်းတယ်။ အဲဒီလို ကြည့်လိုက်တော့ အစ်မ အကြောင်း ရေးထားတာ ဘာမှမှ မရှိတာ။ အဲဒီမှာ ပြန်ထွက်ပြီး အကောင့်ပိတ်လိုက်တယ်။ ညနေ ပြန်သုံးတဲ့အချိန်မှာ အမအရင် Password မဟုတ်တော့ဘူး။ အခိုးခံ လိုက်ရတယ်။ အဲဒီလို ဖြစ်နေတုန်း ခိုင်နှင်းဝေက ဖုန်းဆက်တယ်။ မဇာလေး ခိုင်နှင်းထဲကို စာပို့ထားလား မေးတယ်။ အစ်မ မပို့ဘူးလို့၊ အမ facebook လည်း ဖွင့်လို့မရတော့ဘူးလို့။ ကိုယ်တွေက အကောင့် ဟက်တာတွေဘာတွေ နားမလည်ဘူးလေ။ အဲဒါ သူက အစ်မပဲ သမီး မကောင်းကြောင်းတွေ ရေးထားတယ်၊ ဒီလင့်ခ်ကို သွားကြည့် ဆိုပြီး ရေးထားတယ်လေလို့ သူက ပြောပြတယ်။ ဒီဇိုင်နာ မျိုးမင်းထွန်းဆီလည်း အစ်မ နာမည်နဲ့ သုံးခါထပ်ပို့တယ်။ သူကတော့ ကိုယ့်ဆီ ဖုန်းလှမ်းဆက်မေးတော့ အစ်မ မဟုတ်ကြောင်း ပြောလိုက်တယ်။ ခိုင်နှင်းဝေလည်း အဟက် ခံရတယ်။ ကိုယ်ကကျတော့ နာမည် အသုံးချခံရတယ်။ ကိုယ်က လောလောလတ်လတ် Aroma နဲ့ ဓာတ်ပုံရိုက်ထားတာ ဆိုတော့ Aroma နဲ့ မကျေနပ်တာတွေရှိမယ် ထင်ပြီး အမနာမည်နဲ့ Aroma ကို လုပ်တာပေါ့။ အစ်မနဲ့ Aroma ကို အမြင်မကြည်အောင် လုပ်တာပေါ့။
ဒါပေမယ့် အစ်မတို့က ဘာမှ မဖြစ်ဘူး။ စပြီး အဟက် ခံရတယ်ဆိုကတည်းက အစ်မက Aroma ကို ပြောပြတော့ သူတို့ဆီမှာ ပြန်ယူပေးနိုင်တဲ့ ကလေးမလေး ရှိတယ်၊ အဲဒီ ကောင်မလေး ဆီက ယူပေးမယ် ပြောထားတာ။ အဲဒီလို ည ၁၀ နာရီလောက် အထိ ဖုန်းပြောထားတာ။ မနက်ရောက်မှ Aroma က အစ်မကို ပိုက်ဆံ မပေးလို့ ဆိုပြီး တင်ထားတာတွေ့တာ။ အစ်မတို့မှာ ငွေရေးကြေးရေး အရှုပ်အရှင်းမရှိဘူး။ မေတ္တာနဲ့ ကူညီနေကြတာ။ နှစ်ဘက် စလုံးကပေါ့။ နောက် အမျိုးသားဇာတ်ရုံမှာ လုပ်မယ့် ဇူလိုင် ၇ ရက် ပွဲမှာလည်း ဝတ်စုံ ၃ စုံနဲ့ ရှိုးလျှောက်ပေးရမှာ။ အစ်မတို့ အချင်းချင်းက ပြေလည်တယ်။
ဒီတော့ အစ်မလည်း အကောင့်အသစ် ဖွင့်တယ်။ မိသားစုပုံတွေ ထည့်တယ်။ အစ်မ အသံဖိုင်နဲ့ တင်ထားတယ်။ အဲဒါတွေ ကျတော့ ဟက်တဲ့လူ မရှိတဲ့ ဟာမျိုးတွေ၊ အစ်မ မိသားစုပုံဆို လတ်တလော မရှိနိုင်ဘူးလေ။ အဲဒီလိုနဲ့ တင်တာ။ အစ်မ အကောင့် ဟက်ပြီးတဲ့နောက် ဟက်တဲ့လူက ဂျာနယ်တွေကို အကြောင်းကြားတော့ အစ်မဆီကို ဖုန်းတွေဆက်၊ ဓာတ်ပုံတွေ ရိုက်၊ Aroma ကိုလည်း အဲဒီလိုပဲ ကိုစိန်မြင့်နဲ့ ကိုအောင်မြတ်သူလည်း ရိုက်လိုက်နဲ့ပေါ့၊ အဲဒီမှာ ပေါ်ပြူလာက ကလေးမ လေးက လာအင်တာဗျူးတော့ အကူညီတောင်းပြီး ပေါ်ပြူလာ Wall ပေါ်ကနေ ကြေညာပေးဖို့ ပြောလိုက်တယ်။ အထောက် အကူရတယ် ဆိုပြီး လုပ်ခိုင်းလိုက်တာ။ အဲဒါကို မကောင်းကြံတဲ့ လူတွေက လာဘ်စားတယ် ဘာညာ လျှောက်ပြောတာ။ အစ်မက အသုံးချခံခဲ့ရတာပေါ့” လို့ လက်ရှိမှာ ဇာတ်ကား ရိုက်ကူးမှုတွေ ခေတ္တနားထားပြီး မိသားစုကို အချိန်ပေးနေတယ် ဆိုတဲ့ ခင်ဇာခြည်ကျော်က ဧရာဝတီကတဆင့် သူ့ပရိသတ်ကို ပြောပါတယ်။
facebook မှာ ငွေကြေး လိမ်လည်မှုတွေ ရှိခဲ့ပါတယ်လို့ ရေးသားဖော်ပြခံရတဲ့ Aroma ဓာတ်ပုံတိုက်ကတော့ ဒီလို ကိစ္စတွေဟာ မနာလိုသူတွေက လုပ်ကြံတာဖြစ်ပြီး သရုပ်ဆောင် ခင်ဇာခြည်ကျော်နဲ့လည်း ဘာပြဿနာမှ မရှိပါဘူးလို့ ပြောပါတယ်။ Aroma ဓာတ်ပုံ စတူဒီယိုဟာ ဓာတ်ပုံရိုက်ကူးပေးတာ အပြင် ဝတ်စုံ၊ ဒီဇိုင်း၊ မိတ်ကပ်၊ Body Beauty တွေကအစ One Stop Service ပေးနိုင်တဲ့ နေရာဖြစ်လို့ ၂ နှစ်အတွင်း လူသိများလာတဲ့ နေရာတခုလည်း ဖြစ်ခဲ့ပါတယ်။ Aroma က အခုလို ငွေကြေး လိမ်လည်မှုတွေရှိတယ် ဆိုတဲ့ သတင်းလည်းကြားရော လူတွေက အံ့အားသင့်ကုန် ကြပါတယ်။ ခင်ဇာခြည်ကျော်လို Celebrities တယောက်က ဒီလို အတိအလင်း ရေးလာတဲ့အခါ တကယ် ဟုတ်သလိုလိုလည်း တချို့က ထင်ကုန်ကြပါတယ်။ အဲဒါကြောင့် ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး Aroma ဓာတ်ပုံ စတူဒီယိုက ဓာတ်ပုံဆရာ၊ ဒီဇိုင်နာ ကိုစိန်လင်းကလည်း ဧရာဝတီကနေ တဆင့် အခုလို ဖြေရှင်းခဲ့ပါတယ်။
“ဒီကိစ္စကတော့ မသမာတဲ့ သူတွေက လုပ်တာပေါ့။ အစ်ကိုတို့နဲ့ မဇာလေးနဲ့က ဘာမှမဖြစ်ဘူး။ အခင်အမင်လည်း မပျက်ဘူး။ အကောင့်ခိုးပြီး သွားပုပ်လေလွင့် လုပ်ကြံတာပေါ့။ မဇာလေးက သူ ဒီအကောင့်သုံးတာ လူတိုင်းသိတော့ အခုလို ပြောလာတော့ အဟုတ်ထင်တာပေါ့။ သူ့အကောင့် ပျက်နေတာကို ကိုယ့်ဆီမှာ အကူအညီ တောင်းထားတာ။ ကိုယ့်ဆီမှာက အိုင်တီ ကျွမ်းကျင်တဲ့ သူငယ်ချင်း ရှိနေတော့ ကူညီပေးမယ် ပြောထားတာ။ အကောင့် အဟက်ခံရပြီး နောက်နေ့သတင်းတွေ ထွက်လာတော့တာပေါ့။ အစ်ကိုကတော့ မယုံဘူး၊ ကိုယ်ကိုယ်တိုင်လည်း သိတာပေါ့။ သူ့အိမ်သွားပြီး သုံးယောက် ဓာတ်ပုံရိုက်တင်တယ်။ နောက်ဒါလည်း မပြီးတော့ မဇာက ဗီဒီယိုဖိုင် တင်ပေးတယ်။ ဒါကျတော့ အားလုံး ရှင်းသွားတာပေါ့။
အစ်ကိုတို့ကတော့ ဘယ်သူနဲ့မှလည်း ပြဿနာမတက်ဖူးဘူး။ ဒါပေမယ့် အပြင်ကချိုပြီး အတွင်းက ကောက်နေရင်တော့ မပြောတတ်ဘူးပေါ့။ တရားခံ ဘယ်သူလဲ ဆိုတာလည်း သိပါတယ်။ Aroma ကိုဖြစ်ဖြစ်၊ ခင်ဇာခြည်ကျော်ကို ဖြစ်ဖြစ် တိုက်ခိုက်ချင်ရင် တခြားခေါင်းစဉ် တခုနဲ့ လုပ်လို့ရတယ်။ ဒီလိုဆိုတာက ဘယ်သူက လုပ်လဲဆိုတာ တွေးကြည့်လို့ ရပါတယ်။ ကံကံ၏ အကျိုးပေါ့။ ကိုယ်မကောင်းရင်ကိုယ်ပဲ ခံရမှာပေါ့” လို့ ရှင်းပြပါတယ်။
ဒါ့အပြင် ခင်ဇာခြည်ကျော်ရဲ့ facebook password ခိုးသွားသူက facebook စာမျက်နှာတွေပေါ်ကနေ Aroma ဟာ အရင်က Falcon ကုမ္ပဏီ ဖွင့်ခဲ့ကြောင်း၊ အဲဒီ ကုမ္ပဏီမှာလည်း ငွေတွေလိမ်လည်ပြီး လူတွေ ဒုက္ခရောက် ခဲ့ရကြောင်းတွေ ရေးထားတာကြောင့် ကိုစိန်လင်းကို ဆက်မေးကြည့်တဲ့အခါ သူက “Falcon ကုမ္ပဏီ ကိစ္စက စာရွက်ပေါ်မှာ အတု လုပ်လို့ ရတယ်။ ဓာတ်ပုံတွေကလည်း ဖြတ်ညှပ်ကပ် လုပ်ထားတာပါ။ ဒီလိုသာ တကယ်ဆို အခုလို နာမည်ခံပြီး မီဒီယာတွေနဲ့ တွဲပြီး အလုပ်မလုပ်ဘူး။ အခုချိန်အထိ ဘယ်သူ့ကိုမှ မဟုတ်မမှန် မလုပ်ဘူး။ အခုလည်း ကိုယ့်လမ်းအတိုင်း ကြိုးစား လုပ်နေတယ်။ ဝဋ်ကြွေးရှိလို့ ဆပ်ရတယ်ပဲ သဘောထားပါတယ်” လို့ ဖြေပါတယ်။
Aroma ဖက်ရှင်နဲ့ ဓာတ်ပုံစတူဒီယိုကို ကိုအောင်မြတ်သူနဲ့ ကိုစိန်လင်းက ဦးစီးခဲ့တာဖြစ်ပြီး ဇူလိုင်လမှာ ၂ နှစ်ပြည့် အထိမ်းအမှတ် အဖြစ် Amazing Wedding Show 2013 ကို ဇူလိုင် ၇ ရက်နေ့ ညနေ ၆ နာရီမှာ ရန်ကုန် အမျိုးသား ကဇာတ်ရုံမှာ ကျင်းပမှာဖြစ်ပါတယ်။ အဲဒီပွဲမှာ ခင်ဇာခြည်ကျော်က ဝတ်စုံ ၃ စုံနဲ့ ပါဝင်တင်ဆက်မှာ ဖြစ်ပြီး အနုပညာရှင် အယောက် ၂၀၀ နီးပါးက ဝတ်စုံပေါင်း ၃၀၀ ကျော်နဲ့ ပြသကြမှာ ဖြစ်ပါတယ်။ ထိုင်မသိမ်း၊ မြန်မာဆွမ်းကျွေးဝတ်စုံ၊ ဒင်နာ မင်္ဂလာဝတ်စုံ အပြင် ထူးထူးခြားခြား ဖန်တီးထားတဲ့ ဝတ်စုံတွေနဲ့ ပြသတင်ဆက်မယ်လို့ ကိုစိန်လင်းက ပြောပါတယ်။ ရှိုးပွဲက ဝင်ကြေး အခမဲ့ဖြစ်ပြီး MRTV 4 ရုပ်သံလိုင်းတွေကလည်း တိုက်ရိုက်ထုတ်လွှင့်မယ်လို့ သိရပါတယ်။