အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ကို HIV/AIDS ရောဂါခံစားနေရသူများအပါ် ခွဲခြား ဆက်ဆံမှုများ ပပျောက်ရေး ကမ္ဘာလုံးဆိုင်ရာ UNAIDS သံတမန်တဦးအဖြစ် ခန့်အပ် တာဝန်ပေးလိုက်ကြောင်း ကုလသမဂ္ဂ HIV/AIDS တိုက်ဖျက်ရေးအဖွဲ့ (UNAIDS) က ယမန်နေ့က ထုတ်ပြန်ကြေညာသည်။
UNAIDS အမှုဆောင် ဒါရိုက်တာ Mr. Michel Sidibe က ဒေါ်အောင်ဆန်းစုကြည်နှင့် နေပြည်တော်ရှိ နှင်းဆီနီ နေအိမ်တွင် မကြာသေးမီက တွေ့ဆုံခဲ့အပြီး အဆိုပါ တာဝန်ပေးမှုကို လက်ခံခဲ့ကာ ကုလသမဂ္ဂအေဂျင်စီကို ဂုဏ်ပြုခြင်းဖြစ်သည်ဟု ပြောကြောင်း အေပီ သတင်းတပုဒ်တွင် ဖော်ပြသည်။
ထိုကဲ့ကို UNAIDS ၏ တာဝန်ပေးမှုနှင့် ပတ်သက်၍ လူ့အဖွဲ့အစည်းအတွင်း ကျဉ်ဖယ်ခံနေရပြီး နေ့စဉ် ရုန်းကန်နေရသူများ၊ ၎င်းတို့၏ ဂုဏ်သိက္ခာနှင့် အခြေခံ လူ့အခွင့်အရေးများကို ထိန်းသိမ်းကာကွယ်ရန် ရွေးချယ်ခံရခြင်းအပေါ် ဂုဏ်ယူကြောင်း ဒေါ်အောင်ဆန်းစုကြည်က UNAIDS ၏ ထုတ်ပြန်ကြေညာချက်တွင် ပြောထားသည်။ လူ့အဖွဲ့အစည်းအတွင်း အသံထုတ် ပြောဆိုနိုင်ခြင်း မရှိသူများအတွက် ၎င်းတို့ကိုယ်စား ပြောဆိုရသည့်သူလည်း ဖြစ်လိုကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။
HIV/AIDS ရောဂါ ခံစားနေရသူများအပေါ် ခွဲခြားဆက်ဆံမှု ပပျောက်ရေးအတွက် UNAIDS အဖွဲ့၏ ကမ္ဘာတဝန်း လှုံ့ဆော်စည်းရုံးသူ သံတမန်အဖြစ် ဒေါ်အောင်ဆန်းစုကြည်က လက်ခံလုပ်ဆောင်ပေးသည့်အတွက် ဂုဏ်ယူပါကြောင်း Mr. Michel Sidibe က ပြောသည်။
“မြို့ငယ်၊ ရွာငယ်တွေမှသည် မြို့ကြီးပြကြီးတွေအထိ၊ အာဖရိကတိုက်မှသည် အာရှတိုက်အထိ လူတွေက ဒေါ်အောင်ဆန်းစုကြည် အကြောင်းပဲ ပြောနေကြတယ်။ သူ့ကို လေးစားစံထားကြတယ်” လို့ သူက ဆက်ပြောသည်။
ခွဲခြားဆက်ဆံမှု၊ စိုးရိမ်ထိတ်လန့်မှုများကို ရင်ဆိုင်ပြောဆိုသည့်နေရာတွင် လူ့အသိုင်းအဝိုင်း၏ နေရာတိုင်း၌ ကမ္ဘာ့ ခေါင်းဆောင်များထဲမှ စံနမူနာကောင်းတဦးဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်ကြောင့် စိတ်ခွန်အား တက်ကြွမှုများ ဖြစ်စေမည်ဟု ယုံကြည်မျှော်လင့်ကြောင်းလည်း Mr. Michel Sidibe က ဆိုသည်။