မန္တလေးတက္ကသိုလ်ကနေ တင်မိုး၊ ကြည်အောင်၊ မောင်စွမ်းရည်၊ မောင်သာနိုး အစရှိတဲ့ မြန်မာကဗျာဆရာများ ထွက်ပေါ် ထင်ရှားခဲ့ကြပါတယ်။ ဆရာ တင်မိုး၊ ဆရာ ကြည်အောင်တို့ဟာ ကွယ်လွန်ခဲ့ကြပြီ ဖြစ်ပြီး ယခု သက်ရှိထင်ရှား ရှိနေတဲ့ ဆရာ မောင်စွမ်းရည်၊ ဆရာ မောင်သာနိုးတို့ဟာလည်း ကန်တော့ခံ အရွယ်တွေ ရှိနေကြပါပြီ။
ကဗျာဆရာ၊ စာပေဝေဖန်ရေး ဆရာအဖြစ် ထင်ရှားခဲ့တဲ့ ဆရာ မောင်စွမ်းရည်ဟာ ယခင်စစ်အစိုးရရဲ့ ခါးသီးတဲ့နှစ်များ အောက်မှာ မနေနိုင်လို့ နိုင်ငံရပ်ခြားသို့ တိမ်းရှောင်ခဲ့ရသူတဦး ဖြစ်ပါတယ်။
ယခုစာအုပ်ကတော့ ဆရာမောင်စွမ်းရည် အင်္ဂလိပ်ကနေ ဘာသာပြန်ခဲ့တဲ့ ဗီယက်နမ်သမ္မတ ဟိုချီမင်းရဲ့ အကျဉ်းထောင်က ပုလွေသံ ကဗျာစာအုပ်ဖြစ်ပါတယ်။ ၂၀၁၅ မှာ ဒုတိယအကြိမ်အဖြစ် နှစ်ကာလများစာပေက ထုတ်ဝေဖြန့်ချိတာပါ။
ဗီယက်နမ် အမျိုးသားခေါင်းဆောင်ကြီး ဟိုချီမင်း နယ်ချဲ့အာဏာရှင်ကို တိုက်ပွဲဝင်နေစဉ် ထောင်သွင်း အကျဉ်းချခံနေရစဉ် အတွင်း ရေးခဲ့တဲ့ ကဗျာအပုဒ် ၁၀၀ ဖြစ်ပါတယ်။ မူရင်းဘာသာကနေ Aileen Palmer က ပြန်ဆိုခဲ့ပြီး ဆရာ မောင်စွမ်းရည်က အင်္ဂလိပ်ဘာသာမှ မြန်မာဘာသာ ပြန်ဆိုခဲ့တာ ဖြစ်ပါတယ်။
၁၉၆၀ ကျော်တဝိုက် ဗီယက်နမ်ပြည်သူတွေဟာ တိုင်းတပါးသား နယ်ချဲ့တွေကို တော်လှန်ခဲ့သလို မြန်မာနိုင်ငံကလည်း တပါတီ အာဏာရှင်စနစ်အောက် ကျရောက်သွားခဲ့လို့ တော်လှန်ရေး လုပ်နေကြတဲ့ ဖြစ်စဉ်ချင်းတော့ အတူတူဖြစ်ပါတယ်။
နယ်ချဲ့အာဏာရှင် ခေတ်တိုင်းမှာ ပြည်သူတွေဟာ အဖိနှိပ်ခံ၊ အကျဉ်းကျခံဖြစ်ခဲ့ရတာ နယ်ချဲ့ခံရဖူးတဲ့ နိုင်ငံတိုင်း၊ နိုင်ငံသားတိုင်း သိကြပါတယ်။ ဗီယမ်နမ်အမျိုးသား ခေါင်းဆောင်ကြီး ဟိုချီမင်းက သူစ အဖမ်းခံစဉ် အချိန်ကစပြီး ထောင်တွင်းနေထိုင်မှု အားလုံးကို ရေးသားခဲ့တာ ဖြစ်ပါတယ်။
“သိမြင်ပြတ်သား၊ ငါရိုးသားလည်း၊ ငါ့အားသူလျှို၊ စွပ်စွဲဆိုကာ၊ ဖမ်းခဲ့ပါပြီ” (တွတ်ပင်လမ်းမှာ အဖမ်းခံရခြင်းကဗျာ)။ နယ်ချဲ့ပဲဖြစ်ဖြစ် အာဏာရှင်ပဲဖြစ်ဖြစ် သူ့တို့အမိန့်မနာခံရင် တံဆိပ်အမျိုးမျိုးတပ်၊ နှစ်ရှည်လများထောင်သွင်း အကျဉ်း ချလေ့ရှိပြီး၊ ထောင်တွင်းရောက်ရင်လည်း ပုံစံမျိုးစုံနဲ့ ရပ်တည်ချက်၊ ယုံကြည်ချက်တွေ ပျက်ပြားသွားအောင် လုပ်လေ့ရှိ တတ်ပါတယ်။
“ထောင့်ပြင်မှာနေ၊ အို … အဆွေတို့။ သင်တို့နှင့် အတူ၊ သင့်လို လူတွေ၊ ငြူဆူဆင်းရဲ၊ သည်ထောင်ထဲမှာ၊ အံခဲခံရ၊ သည်ဘဝကို၊ ပြင်ကသင်တို့ သိပါစ” (မွန်းလွဲချိန်ကဗျာ)။
ထောင်တို့ အချုပ်ခန်းတို့ဆိုတာ ပြစ်မှုကျူးလွန်သူတို့သာ ထားရာ နေရာဖြစ်ပါတယ်။ ကိုယ့်မြေကိုယ်ရေ ကိုယ့်သယံဇာတကို ပြန်လည်တောင်းဖို့ ကြိုးစားတာဟာ အပြစ်မဟုတ်ပါဘူး။ အပြစ်လို့ မြင်သူတွေဟာလည်း သာမန်ပြစ်မှု ကျူးလွန်သူတွေ ထက် ပိုမိုပြစ်ဒဏ်ပေးလေ့ ရှိတတ်ပါတယ်။ အဲဒီအခါ ထောင်တွင်း အခြေအနေကို ပြင်ပက သူတွေ မှန်မှန်ကန်ကန်သိဖို့လို ပါတယ်။
“တစ်နပ်တစ်ပန်းကန်သာ၊ နီတာလန် ဆန်ထမင်း။ သီးရွက်ဟင်းမပါ၊ ဆားပလာနှင့်၊ မျှောစရာဟင်းချိုမပေး၊ လွေးမျိုရခြင်း။ အပြင်က ပို့ပါမှ၊ အချို့သူတို့ တစ်ခါတစ်ရံ၊ စားဝပြန်သေး။ အပြင်လူ အကူမရလျှင် မဝရေစာနှင့်၊ ငါတို့မှာ အငတ်ဘေးကြောင့် ၊ ညည်းညူရသေး” (ထောင်ထမင်း၊ ထောင်ဟင်း ကဗျာ)။
ဒါက စားရေးသောက်ရေး အခြေအနေပါ။ လူတယောက်ကို အာဟာရမဲ့ ကျန်းမာရေးမဲ့မဲ့ ထားလိုက်ရင် သူ့ယုံကြည်ချက် ပြောင်းလဲလာမယ်လို့ ထင်ကြတဲ့ အာဏာရှင်တွေရဲ့ အတွေးတွေ ဖြစ်ပါတယ်။ သာမန်လူအတွက် ဟုတ်ယောင်နိုး ရှိပေမယ့် ဟိုချီမင်းလို အခြားအခြားသော သံမဏိတွေအတွက်တော့ မှားပါလိမ့်မယ်။
လူတယောက်ကို သံတိုင်တွေ အုတ်တံတိုင်းတွေ သံခြေကျင်းတွေနဲ့ ကာထားခတ်ထားလိုက်ရုံနဲ့ အလျှော့ပေးလိမ့်မယ် လို့လည်း နယ်ချဲ့တွေ အာဏာရှင်တွေဟာ တွေးထင်လေ့ ရှိတတ်တာကိုလည်း ဟိုချီမင်းက ခုလို ရေးဖွဲ့ထားပါသေးတယ်။
“ထောင်သားတတွေ၊ သူတို့ခြေကို၊ သံခြေကျင်းတွင်း၊ တိုးဝှေ့သွင်းကြ၊ အတင်း အလုအယက်ပင်။ တိုးပေမှာပ၊ တစ်ညတစ်ခါ၊ ခြေချုပ်ပါမှ၊ တစ်ခါထိုည၊ စိတ်လက်ချစွာ၊ အိပ်ခွင့်သာ၏” (သံခြေကျင်းများကဗျာ)။
ညအိပ်တဲ့အခါ သံခြေကျင်း ခတ်အိပ်ရလေ့ရှိပြီး အဲလိုမအိပ်ရင်လည်း ဘာဖြစ်တတ်တယ် ဆိုတာကိုလည်း ရေးဖွဲ့ထားပါတယ်။ “ခြေမှာ သံကွင်း၊ မချုပ်လျှင်းမူ၊ အချင်း ထောင်သား၊ ဦးခေါင်း နားစရာ၊ တစ်နေရာမျှ၊ သူမရတော့။”
ရေတောင် လိုသလောက်မရတဲ့ အဲဒီလို အကျဉ်းထောင်တွေမှာ ရေကိုခြွေတာ သုံးစွဲကြရကြောင်းကိုလည်း ဟိုချီမင်းက မမေ့မလျော့ မှတ်တမ်းတင်ခဲ့ပါတယ်။ “တစ်ယောက်အတွက်၊ ပုံးတစ်ဝက်စီ။ တို့တွက်ဝေစု ရေရ၏။ ရေဝေစုကို၊ လက်ဖက် ရည်ကျိုလို ကျို၊ မျက်နှာကို သစ်လိုသစ်၊ သင်လိုတိုင်း ဖြစ်သည်။ မျက်နှာသစ်လျှင်၊ သင် လက်ဖက်ရည် မသောက်ရ။ လက်ဖက်ရည် သောက်လျှင်၊ သင် မျက်နှာမသစ်ရ” (ရေ ဝေစု ကဗျာ)။
ရေကိုသာ လိုသလောက်မရပေမယ့် ထောင်တွင်းမှာ လောင်းကစားတော့ရှိပါတယ်တဲ့။ ဒါကိုလည်း အာဏာပိုင်ကြီးများက မသိကျိုးကျွန်ပြုနေကြမှာ မလွဲပါဘဲ။ ဘာလို့လဲဆိုတော့ အာဏာပိုင်ဆိုသူများက သူတို့ကို မတော်လှန်ရင် ပြီးရော၊ ဘာလုပ်လုပ်မူ ရှိခဲ့တာကိုး။
“ထောင်အပြင်မှာ၊ လောင်းစားပါလျှင်၊ သင်သာ အဖမ်းခံရအံ့။ ထောင်တွင်းမှာကား၊ လောင်ကစားမှု၊ ပြုချင်တိုင်းသာ၊ ပြုခွင့်သာသည်။ ထို့ကြောင့် မဟုတ်လား၊ ထောင်သားတို့က ညည်းညူကြ၏၊ ရှေးက ဒီနေရာ၊ တို့မလာမီ၊ တို့မှာ အသိနှောင်းလေခြင်းတဲ့” (လောင်းကစားခြင်း ကဗျာ)။
ထောင်တွင်းနေထိုင်စဉ် အိပ်စက်ရပုံကိုလည်း “ဆောင်းညကြီးမှာ၊ အခင်းလည်းမပါ၊ စောင်မပါချေ။ ခါးကိုလည်း ခွေ၊ ခြေကိုလည်း ကွေး၊ တမှေးမှေးနှင့် တစ်ရေးအိပ်ရန်၊ ကြိုးစားပြန်လည်း၊ အချည်းနှီးတည်း” (ချမ်းလိုက်တဲ့ည ကဗျာ)။
အဲဒီလိုအခြေအနေမှာ အကျဉ်းသားတွေ ဘယ်လို ကြံစည်ဆောင်ရွက်သလဲ ဆိုတာကိုလည်း “စာအုပ်ဟောင်းတွေ၊ အသစ်တွေပါ၊ ရှာဖွေသူဖျက်၊ ကော်ကပ်လျက်သာ၊ ဖန်တီးလာသည်၊ သူ့မှာရပြီ စောင်တစ်ထည်” (ထောင်ကျဖော်တစ်ဦး၏ စက္ကူစောင် ကဗျာ)။
အဲဒါတွေအပြင် ဟိုချီမင်းကို ဟိုရွှေ့ဒီရွှေ့တွေလည်း လုပ်နေကြတဲ့ အကြောင်းကို အမျိုးသားခေါင်းဆောင် စာဆိုကြီးက အို အိမင်းသို့ ပြန်ရွှေ့ရခြင်းကဗျာမှာ ရေးထားတာကို တွေ့ရပါတယ်။ ထောင်ထဲမှာ ဟိုချီမင်း လမ်းလျှောက်ခွင့် ရရှိခဲ့ပုံကိုလည်း ရေးဖွဲ့ထားပါတယ်။
အဲဒီလို အခက်အခဲ အကျပ်တည်းမျိုးစုံ ရှိနေတဲ့ထောင်မှာ ဟိုချီမင်းကို ထည့်ထားခဲ့သော်ငြား စာဆို အမျိုးသား ခေါင်းဆောင်ကြီးက ဘယ်လို ကြွေးကြော် ဥဒါန်းကြူးရင့်လိုက်သလဲဆိုတော့ “မတရားမှုတို့ကို ကန့်ကွက် ဆန့်ကျင်သူများမှာ တကယ့် ကုသိုလ်ရှင်များ ဖြစ်ကြသည်သာ၊ ထောင်တံခါးကို ဖွင့်လိုက်ပါလား၊ ထွက်လာပါလိမ့်မယ် တကယ့်နဂါး” (စကားလုံးများ ကစားစရာ ကဗျာ)။
အဲဒီလို ခေါင်းဆောင်ကြီးဟိုချီမင်း တုံ့ပြန်ခဲ့လို့ပဲ ဗီယက်နမ်နိုင်ငံဟာ နယ်ချဲ့ အမေရိကန် လက်အောက်က လွတ်မြောက်ခဲ့ပါတယ်။
ဆရာ မောင်စွမ်းရည်ကတော့ ဒီစာအုပ်ကို ဘာသာပြန်ရတဲ့ တတိယ ရည်ရွယ်ချက်ဆိုပြီး အမှာစာထဲမှာ ရေးသားခဲ့ပါတယ်။ လက်နက်အင်အား၊ ငွေအား၊ လူအား အဆမတန် များပြားတဲ့ နယ်ချဲ့ဘုရင်ကြီး အမေရိကန်ကို တွန်းလှန်တိုက်ခိုက်ရာမှာ ကမ္ဘာ့အံ့ဖွယ် တပါးအဖြစ် ကျော်ကြားလောက်အောင် ပြောင်မြောက်လှတဲ့ ဗီယမ်နမ်ပြည်သူ သူရဲကောင်းတွေကိုလည်း ဒီဘာသာပြန်နဲ့ ရည်ညွှန်းဂုဏ်ပြုလိုက်ပါတယ်လို့ ရေးသားထားပါတယ်။
ဘာသာပြန်သူ – မောင်စွမ်းရည်
မူရင်းရေးသူ – ဟိုချီမင်း
စာအုပ်အမည် – အကျဉ်းထောင်က ပုလွေသံ
အမျိုးအစား – ကဗျာ
ထုတ်ဝေသည့်တိုက် – နှစ်ကာလများ စာပေတိုက်
ထုတ်ဝေသည့်အကြိမ် – ဒုတိယအကြိမ်
တန်ဖိုး – ၁၅၀၀ ကျပ်