ဒီနေ့ ပြည်တွင်းမှာ လူစီးအများဆုံး Fitရဲ့ မော်ဒယ်တွေကတော့ ၂၀၁၀ခုနှစ်ဝန်းကျင်ထုတ်တွေ ဖြစ်ပြီးတော့ မော်ဒယ် နိမ့်ရင် နိမ့်သလို ဈေးလည်း ချိုသာတာ တွေ့နိုင်ပါတယ်။ Hybridအနေနဲ့ပါ ရနိုင်တဲ့ အတွက်ရော မော်ဒယ်နှစ်၊ မော်ဒယ်ခွဲ အများအပြား ရွေးချယ်နိုင်တဲ့ အတွက်ပါ လူကြိုက်များပါတယ်။
တကယ်တမ်း ဆိုရင်လည်း အဲဒီ ၂၀၁၀ခုနှစ် ဝန်းကျင်ထုတ် မော်ဒယ်တွေက သိန်း ၁၂၀ ဝန်းကျင် လောက် ကနေ စပြီး မော်ဒယ်နှစ်၊ မော်ဒယ်ခွဲတွေ အပေါ်မှာ မူတည်ပြီး ဈေးနှုန်း အနည်းငယ် ကွာခြားတာလည်း တွေ့နိုင်ပါတယ်။အခု မော်ဒယ်မြင့် အနေနဲ့ ရနိုင်တဲ့ Fitရဲ့ မော်ဒယ်ခွဲ GK3နဲ့ မိတ်ဆက်ပေးချင်ပါတယ်။
အခု မော်ဒယ်ရဲ့ ဈေးနှုန်းက ပြည်တွင်း ဇိမ်ခံ မော်ဒယ်တွေရဲ့ ဈေးနှုန်းလောက်နီးပါး မြင့်နေတာတစ်ချက်က လူကြိုက်နည်းစေမလား စဉ်းစားစရာပါ။ Hatchbackတန်းဝင် မော်ဒယ်တစီးကို သိန်း ၂၀၀လောက်ထိအောင် သုံးဖို့ လူတိုင်း စိတ်မဝင်စားချင်တာ တခုလည်း ရှိနေပါတယ်။ ဒါကလည်း Hatchbackအနေနဲ့က ပွဲတက်ပုံစံ၊ ဇိမ်ခံမော်ဒယ် အနေနဲ့ မလိုက်ဖက်တာကြောင့်ပါ။ ဒီတော့ ဆီဒင်တွေကိုပဲ ရွေးချယ်လာနိုင်မယ့် အနေအထားမှာ Honda Civicလို မော်ဒယ်ကို ပိုပြီး လူကြိုက်သွားစေနိုင်သလိုပါ။
၁ ဒသမ ၃လီတာသုံး အင်ဂျင်တပ် မော်ဒယ် အနေနဲ့ ထုတ်လုပ်ထားတာ ဖြစ်ပြီးတော့ အခု မော်ဒယ်မှာ ထူးခြား လာချက်ကတော့ အင်ဂျင်ရဲ့ စွမ်းဆောင်ရည် ပိုမို ကောင်းမွန်လာတာဖြစ်ပြီး ခရီးဝေး မောင်းနှင်နိုင်မှုက အစ နောက်ဆုံး အမြန်နှုန်း မြှင့်တင်နိုင်မှုတွေပါ သိသိသာသာ တိုးတက်လာတာ တွေ့ရပါတယ်။
မော်ဒယ်နိမ့် Fitတွေ ဆိုရင် မိုင် ၁၀၀လောက်မောင်းဖို့ပဲ အကောင်းဆုံး ဖြစ်ပေမယ့် အခု GK3မှာတော့ မိုင် ၁၅၀လောက်ကို မနားတမ်း မောင်းနှင်လို့ ရလာပါတယ်။ Sportဆန်တဲ့ ကိုယ်ထည်နဲ့ ဖြစ်လာပြီး နောက်ဖက် Wingတွေနဲ့ အလှဆင်လိုက်မယ် ဆိုရင် ရုပ်ထွက်က ပိုလှလာပါတယ်။ Type Rမော်ဒယ်တွေကို နမူနာ ရယူပြီး ပြင်ဆင်စီးနင်းလာနိုင်မှာလည်း ဖြစ်ပါတယ်။ ရုပ်ထွက်ပိုင်းမှာတော့ သိသာတဲ့ ပြင်ဆင်ပြောင်းလဲထားမှု မတွေ့ရ ပေမယ့် ကိုယ်ထည်ရဲ့ ရှေ့ခြမ်းက အနည်းငယ် နိမ့်ထားတာ တွေ့ရပါတယ်။ ရှေ့ဖက် လေခွင်းစနစ် ပိုမို ကောင်းမွန်အောင် ဖန်တီးမှု ဖြစ်ပြီး ဒါ်ကြောင့်လည်း တစ်နာရီ မိုင် ၆၀နှုန်းကို အချိန် ၇စက္ကန့်ကျော်နဲ့ ရောက်အောင် မောင်းနှင်လာနိုင်မှာ ဖြစ်ပါတယ်။
Autoစနစ်နဲ့ သွားမှာဖြစ်ပြီး မော်ဒယ်နိမ့်တွေထက် ဂီယာချက် ပြောင်းလဲ အသုံးပြုရမှုမှာ ညင်သာ ပျော့ပြောင်း လာတာ တွေ့ရပါတယ်။ နောက်ဖက် ဝန်တင်ခန်း အပါအဝင် အတွင်းခန်းက ရှေ့ထွက်မော်ဒယ် တွေထက် ပိုမို ကျယ်ဝန်းလာတာ တွေ့ရပါတယ်။ Petrolနဲ့ သွားမှာ ဖြစ်ပြီး Power Steeringနဲ့ ရနိုင်မယ်။
အတွင်းခန်း တပ်ဆင် ပစ္စည်းတွေ အားလုံး Original အနေနဲ့ ရနိုင်မယ်၊ Smart Keyနဲ့ လာမယ်၊ TV-DVD တပါ တည်း ပါရှိပြီး ဖြစ်မယ်။ ဒါတွေက တန်ဖိုး မကြီးဘူး ဆိုပေမယ့် အံဝင် ကောင်းမွန်ပြီးသား အနေအထားနဲ့ ရနိုင်မှာ ဖြစ်လို့ စိတ်ကြိုက်ဖြစ်စရာပါ။ ဈေးကွက်မှာတော့ အဖြူရောင် တစ်မျိုးတည်းပဲ တွေ့ရပြီး ၂၀၁၄ခုနှစ် ထုတ် Fit GK3ဆိုရင် ၁၉၅သိန်းလောက်ထိအောင် ခေါ်ဈေးရှိပါတယ်။ Civicတွေထက်စာရင် ဈေးနည်းနည်း ပိုချင်နေ တာ တချက်က လူကြိုက်နည်းစေနိုင်ပြီး အချိန်ဆွဲဝယ်မယ် ဆိုရင် အကျဈေးဘက်မှာ ရှိနိုင်ပါတယ်။