ရန်ကုန်မြို့ရှိ ပျက်စီးဟောင်းနွမ်းမှု များပြီး ခေတ်နှင့် မလျော်ညီသည့် အစိုးရပိုင် အိမ်ရာ အဟောင်းများကို အဆင့်မြင့် အိမ်ရာ များအဖြစ် ပြုပြင်မည်ဟု ဆောက်လုပ်ရေး ဒုတိယဝန်ကြီး ဦးစိုးတင့်က ဧရာဝတီသို့ ပြောသည်။
အစိုးရပိုင် အိမ်ရာ အဟောင်းများဖြစ်သည့် ပြည်တော်သာ အိမ်ရာ၊ ကျန်စစ်သား အိမ်ရာ၊ အောင်ဇေယျ အိမ်ရာ၊ တောင်ဥက္ကလာပ အိမ်ရာ၊ ဗိုလ်အောင်ကျော် အိမ်ရာနှင့် တညင်းကုန်း အိမ်ရာများ အပါအဝင် ပျက်စီးဟောင်း နွမ်းမှုများပြီး ခေတ်နှင့်လျော် ညီမှုမရှိသည့် အိမ်ရာဟောင်းများကို အဆင့်မြင့် အိမ်ရာများအဖြစ် ပြုပြင်သွားမည်ဟု သိရသည်။
“အိမ်ရာမှာ နေတဲ့သူတွေကိုတော့ အဆင့်မြှင့်တင်ဖို့ ကိစ္စကို နားလည်အောင် ရှင်းပြရမှာပေါ့။ ဆောက်ပြီးရင်တော့ မူလနေ ထိုင်သူတွေကို ပြန်ပြီး နေထိုင်ခွင့်ပေးမယ်၊ အိမ်လခတွေတော့ ပြင်ရမှာပေါ့။ အခုက အလကား ထားသလိုကို ဖြစ်နေတာ” ဟု ဦးစိုးတင့်က ပြောသည်။
အစိုးရပိုင် အိမ်ရာများတွင် နေထိုင်သူများ အနေဖြင့် နိုင်ငံတော်သို့ တလလျှင် ၆၀ ကျပ်နှုန်းသာ ပေးဆောင် နေထိုင်နေခြင်း ဖြစ်ကြောင်း သိရသည်။
အိမ်ရာများကို အဆင့်မြှင့် ပြန်လည် တည်ဆောက်ရန်အတွက် အိမ်ရာနေ ပြည်သူများနှင့် ညှိနှိုင်းနေပြီး လာမည့် ဘဏ္ဍာရေးနှစ်မှ စတင် တည်ဆောက်နိုင်ဖွယ် ရှိကြောင်း၊ အထပ်မြင့် အဆင့်မြင့်အိမ်ရာများ အဖြစ် ပြောင်းလဲပြီးပါက လူဦးရေ အများအပြား နေထိုင်နိုင်မည်ဖြစ်ကြောင်း သိရသည်။
“မူလပိုင်ရှင်က နိုင်ငံတော်ပဲ။ နေတဲ့သူတွေကို အငှားချထားပေးတာ။ အခုအိမ်ရာတွေက အရမ်းကို ဟောင်းနွမ်းပြီး ခေတ်မမီ တော့ဘူး၊ နှစ်သိပ်ကြာနေတဲ့ အဆောက်အဦးတွေဆိုတော့ အန္တရာယ် ရှိနိုင်တယ်လေ” ဟု ဝန်ကြီးက ရှင်းပြသည်။
၁၉၆၀ ပြည့်နှစ် ကတည်းက တည်ဆောက်ခဲ့သည့် အစိုးရအိမ်ရာများမှာ ခေတ်နှင့် မလျော်ညီ သကဲ့သို့ မြန်မာနိုင်ငံ ဗဟိုစာရင်းအင်း အဖွဲ့၏ အချက်အလက်များအရ ၂၀၀၀ ပြည့်နှစ် နောက်ပိုင်း မိသားစုတစု လူဦးရေသည် ပျှမ်းမျှ ၅ ယောက်ဟု တွက်ချက်ထားသဖြင့် အစိုးရ အိမ်ရာဟောင်းများ၏ ဖွဲ့စည်းပုံသည် အဆင်မပြေနိုင်ကြောင်း၊ အခန်း အကျယ်အဝန်းသည် ၂၀၀ စတုရန်းပေ ခန့်သာ ရှိကြောင်း၊ ခေတ်နှင့်အညီ ပြောင်းလဲမည်ဆိုပါက အခန်းတခန်းလျှင် အနည်းဆုံး ၃၀၀ စတုရန်းပေ ပတ်လည် ရှိသင့်ကြောင်း သိရသည်။
အထပ်မြင့် တိုက်များအဖြစ် ပြောင်းလဲလိုက်ပါက မူလနေထိုင်သူများ၏ နေထိုင်ရေး အဆင်ပြေနိုင်သည့် အပြင် အိမ်ရာ လိုအပ်ချက် ရှိသူများ အတွက်လည်း ပြဿနာ ပြေလည်နိုင်မည် ဖြစ်ကြောင်း မြို့ပြနှင့် ဒေသဖွံ့ဖြိုးရေး ဌာနခွဲွ ညွှန်ကြားရေးမှူး ဦးဝင်းနိုင်က သုံးသပ်သည်။
“အိမ်ရာဟောင်းတွေကို ပြန်လည်ဖွံ့ဖြိုးမှု လုပ်မယ်ဆိုရင် ဈေးကွက်ကိုလည်း ကြည့်ပြီးလုပ်ရမှာပဲ။ ဒါတွေက သက်တမ်း သတ်မှတ်ချက် မရှိပေမယ့် ပြန်ကြည့်ရမယ့် အနေအထားကို ရောက်နေပြီ” ဟု ၎င်းက ဆိုသည်။
လက်ရှိ ရန်ကုန်တွင် အစိုးရအငှားချ အိမ်ရာအခန်းပေါင်း ၁၂၀၀၀ ကျော် ရှိပြီး ၁၉၆၀ ပြည့်နှစ် အိမ်ငှားရမ်းမှု ဥပဒေဖြင့် ပြည်သူ့ဝန်ထမ်းများကို ၎င်းတို့ရသည့် လစာ၏ ဆယ်ရာခိုင်နှုန်းဖြင့် ငှားခဲ့သည်ဟု သိရသည်။ ထို့ကြောင့် တိုက်ခန်းတခန်းလျှင် တလ ကျပ် ၈၈၀ မှ ၁၆၀၀၀ ကျပ်ဖြင့်သာ ငှားရမ်းထားပြီး တည်ဆောက်ခဲ့စဉ်က ကုန်ကျ ခဲ့သည့် ပမာဏကို ပြန်မရခဲ့ကြောင်း သိရသည်။
ရန်ကင်းမြို့နယ်ရှိ အစိုးရပိုင် အိမ်ရာတွင် နေထိုင်သူတဦးက “အစိုးရက စာချုပ်နဲ့ ချထားပေပေမယ့် စာချုပ်မရှိတဲ့ သူတွေက အခန်းတွေကို အိုးအိမ်နဲ့ ရပ်ကွက် တာဝန်ရှိသူတွေကို အသိပေးပြီး နှစ်ဦးသဘောတူ ရောင်းစားထားတာတွေ ရှိတယ်” ဟု ပြောပြသည်။
အစိုးရပိုင် အခန်းများကို နှစ်ဦးသဘောတူ ရောင်းစားပြီး အမည်ပြောင်းခြင်း၊ ထပ်မံအငှား ချထားခြင်းများသည် လက်ရှိနေထိုင် သူဦးရေ၏ ထက်ဝက်ကျော်ပင် ရှိနေကြောင်း ယင်းက ဆိုသည်။
လက်ရှိ ယင်းတိုက်ခန်း တခန်းလျှင် ကျပ်သိန်း ၄၀၀ ကျော်မှ သိန်းထောင်ချီသည် အထိ တန်ဖိုးများဖြင့် အရောင်းအဝယ် ဖြစ်နေပြီး ငှားရမ်းနေထိုင်ပါက တလလျှင် ကျပ် ၁၅၀၀၀၀ မှ ၃၀၀၀၀၀ အထိ ရှိကြောင်း သိရသည်။
အစိုးရအနေဖြင့် နိုင်ငံတွင်း လူဦးရေ တသိန်းအထက်ရှိသော မြို့ကြီးများတွင် အိမ်ရာ စီမံကိန်းများကို အကောင်အထည် ဖော်သွားရန်ရှိသည်ဟု ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ သိရသည်။