ရခိုင်ပြည်နယ်၊ ကျောက်ဖြူဒေသရှိ ရွှေ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းကို ဦးဆောင် တည်ဆောက်နေသည့် တရုတ်အမျိုးသား ရေနံကော်ပိုရေးရှင်း (CNPC) အား ကန့်ကွက် ဆန္ဒထုတ်ဖော်ရာတွင် ဦးဆောင်ပါဝင်ခဲ့သည့် ဒေသခံများကို အာဏာပိုင်များက ခေါ်ယူစစ်ဆေး၊ ဖိအားပေးမှုများ လုပ်ဆောင်နေကြောင်း သိရသည်။
China National Petroleum Corporation (CNPC) ရုံးတည်ရှိရာ မဒေးကျွန်းပေါ်ရှိ ကျောက်တန်း၊ ရွာမ၊ ပြိန်ရွာ၊ ပန်းထိန်ဆည် စသည့်ကျေးရွာများမှ ဒေသခံ ၅၀၀ ခန့်သည် ယမန်နေ့တွင် ပြိန်ရွာ ဘုန်းတော်ကြီးကျောင်း မှ CNPC ရုံးရှေ့သို့ ချီတက်ကြကြောင်း၊ CNPC အလိုမရှိ ဟူသော ကြွေးကြော်သံနှင့်အတူ ၎င်းတို့ တောင်းဆိုချက် ၉ ချက်ကို ကြွေးကြော် ချီတက် ဆန္ဒပြကြကြောင်း၊ ၎င်းတို့အနက် ဦးဆောင်သူ ၁၀ ဦးခန့်ကို မဒေးကျွန်းရဲစခန်းမှ ယနေ့ နံနက်ပိုင်းတွင် ခေါ်ယူ စစ်ဆေးကြောင်း ဆန္ဒပြပွဲ ဦးဆောင်သူ ဦးထွန်းကြည်က ဧရာဝတီသို့ ပြောသည်။
“အာဏာပိုင်တွေဟာ CNPC ရဲ့ ခိုင်းစေချက်အရ လုပ်ပေးနေတယ်လို့ ကျနော်တို့ မြင်တယ်။ ဘယ်လိုပဲ ဖိအားပေးနေပါစေ ကျနော်တို့ ဒေသခံတွေ နစ်နာမှု တောင်းဆိုချက်တွေကို လက်တွေ့ အကောင်အထည် မဖော်ပေးမချင်း ဆန္ဒထုတ်ဖော်ဖို့ ဆုံးဖြတ်ထားပြီးသားပါ” ဟု ၎င်းက ဆိုသည်။
ဆန္ဒပြရာတွင် ဦးဆောင် ပါဝင်ခဲ့သူများကို CNPC ရုံး အခြေစိုက်ရာ မဒေးကျွန်းပေါ်ရှိ ရဲစခန်းမှ စခန်းမှူး ဦးစိုးဝင်းက ယနေ့ နံနက်ပိုင်းတွင် ခေါ်ယူစစ်ဆေး မေးမြန်းခြင်း ဖြစ်ကြောင်း၊ စစ်ဆေးခံရသူများကိုလည်း အာမခံ လက်မှတ် ထိုးပေးမည့်သူ ၂ ဦး ခေါ်ယူ၍ ရဲစခန်းသို့ လာရောက်ရန် အကြောင်းကြားထားကြောင်း၊ အာမခံ လက်မှတ်ထိုးခိုင်းမည့် ကိစ္စရပ်ကို စခန်းမှူးအား မေးမြန်းသော်လည်း ပြန်လည် ပြောဆိုမှု မရှိကြောင်း စစ်ဆေးခံရသူ ကိုမောင်ယဉ်လှက ဧရာဝတီသို့ ပြောသည်။
“ဘာမှ ရှင်းပြတာ မရှိဘဲ အာမခံလူ ၂ ဦးစီ သွားခေါ်လာဆိုပြီး ခိုင်းတယ်၊ အာမခံပေးမယ့် လူတွေကိုတော့ ရှာနေဆဲပါ။ တကယ်လို့ နောက်ထပ် ဆန္ဒထုတ်ဖော်တာ မလုပ်ဖို့ အဓမ္မ အကြပ်ကိုင် လက်မှတ်ထိုးခိုင်းမယ် ဆိုရင်တော့ လုံးဝမထိုးပါဘူး၊ ကျနော်တို့က အကြမ်းဖက်တာတွေ၊ နိုင်ငံတော် ပုန်ကန်တာတွေကို လုပ်နေတာ မဟုတ်ပါဘူး” ဟု ၎င်းက ဆိုသည်။
ထို့အတူ ဆန္ဒပြမှုအား နောက်ကွယ်မှ အားပေးသူများ၊ ဆန္ဒပြ ဒေသခံများ ဝတ်ဆင်ထားသည့် တူညီဝတ်စုံအား ထောက်ပံ့ ပေးသူများ၊ ထိုအဝတ်အစားများ သိမ်းဆည်းထားသည့် နေရာ စသည့် အချက်အလက်များကို စစ်ဆေးမေးမြန်းကြောင်းလည်း ကိုမောင်ယဉ်လှက ရှင်းပြသည်။
ရဲစခန်းမှ ခေါ်ယူသူများတွင် ဆန္ဒပြပွဲ ဦးဆောင်သူ ဦးထွန်းကြည် အပါအဝင် ကိုမောင်ယဉ်လှ၊ ကိုမောင်မောင်မြင့်၊ ဦးအောင်သိန်းထွန်း၊ ဦးမောင်ဖြူသီး၊ ဦးထွန်းခင်နု၊ ကိုမောင်မောင်စိုး၊ ကိုမောင်ထွန်းအေး၊ ကိုမျိုးမင်းနိုင် စသည်တို့ ဖြစ်ကြောင်း သိရသည်။ မဒေးကျွန်း ဒေသခံများသည် မိမိတို့ နစ်နာမှုကို ဆန္ဒထုတ်ဖော်ရန် အာဏာပိုင်များထံ ၄ ကြိမ်အထိ ခွင်ပြုချက် တင်ခဲ့သော်လည်း ခွင့်ပြုပေးခြင်း မရှိပေ။
CNPC မှ တရုတ်နိုင်ငံသား ဝန်ထမ်းများသည် ၎င်းတို့ ဒေသခံများအပေါ် ရိုင်းစိုင်းသည့် အပြုအမူ အပြောအဆိုများဖြင့် ဆက်ဆံလေ့ရှိကြောင်း၊ ၎င်းတို့၏ ဆန္ဒထုတ်ဖော်ပွဲကိုလည်း တရားမဝင် ဆန္ဒပြမှု ဖြစ်ပေါ်အောင် ဖန်တီးလုပ်ဆောင်မှု တချို့တွေ့ရကြောင်း၊ ဒေသခံများ၏ ဆန္ဒပြပွဲသည် တရားမဝင် ဆန္ဒပြပွဲသာ ဖြစ်သည်ဟူသော CNPC တံဆိပ် ရိုက်နှိပ်ထားသည့် စာရွက်ပေါ်တွင် လက်မှတ်ထိုးခိုင်းရာ လက်မှတ်မထိုးသည့် ဒေသခံ အလုပ်သမား ၅၀ ကို ဧပြီလ ၁၇ ရက်နေ့က အလုပ်မှ ထုတ်ပယ်လိုက်ကြောင်း ဦးထွန်းကြည်က ပြောသည်။
သိမ်းဆည်းခံ လယ်ယာမြေ၊ ဥယျာဉ်ခြံမြေများကို နိုင်ငံတကာ စံနှုန်းအတိုင်း လျော်ကြေးပေးရေး၊ ကျွန်းပေါ်ရှိ ကျေးရွာလမ်းများ ကောင်းအောင် ဆောင်ရွက်ပေးရေး၊ အလုပ်သမားကတ်ရှိသည့် ဒေသခံများ အလုပ်အကိုင် ရရှိရေးနှင့် လုပ်အားခကို နိုင်ငံတကာစံ အတိုင်းရရှိရေး၊ ကျွန်းပေါ်ရှိ လူနေအိမ်များ လျှပ်စစ်မီး ရရှိအောင် လုပ်ဆောင်ပေးရေး စသည့် အချက်များ အပါအဝင် ၉ ခုကို တောင်း ဆိုခဲ့ကြသည်။
တောင်းဆိုချက်များတွင် ဒေသခံများ လုံခြုံရေးအတွက် ကျွန်းပေါ်သို့ လာရောက်သည့် သူစိမ်း အလုပ်သမားများကို စိစစ် ဆောင်ရွက်ရန်နှင့် ကျွန်းပတ်လည် ပင်လယ်ပြင်တဝိုက်တွင် လွတ်လပ်စွာ ငါးဖမ်းခွင့်ရရှိရေး၊ ကျွန်းပေါ်ရှိ မြေလွတ်မြေရိုင်းများအား ဒေသခံများ မသိဘဲ သိမ်းယူခြင်း မပြုရေး၊ ကျွန်းပေါ်ရှိ ကျောက်တန်း တာတမံကို အသစ်ပြန်လည် တည်ဆောက်ပေးရေး စသည့်အချက်များကိုလည်း တောင်းဆိုခဲ့ကြကြောင်း ဒေသခံများက ပြောသည်။
CNPC ကုမ္ပဏီ အနေဖြင့် ဒေသခံများ၏ တောင်းဆိုချက်များကို မလိုက်လျောပါက မဒေးကျွန်းဒေသမှ ထွက်ခွာသွားရန် ထပ်မံ ဆန္ဒထုတ်ဖော်ကြမည် ဖြစ်ကြောင်း၊ ယမန်နေ့က ဆန္ဒပြမှုတွင်လည်း သဘောတူညီမှု တစုံတရာ မရမချင်း ဆန္ဒထုတ်ဖော်ကြမည်ဟု ဆုံးဖြတ်ခဲ့ကြသော်လည်း ကျောက်ဖြူ ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်မှူး၊ ရဲအရာရှိများနှင့် ဒေသဆိုင်ရာ အာဏာပိုင်များ လာရောက်၍ ဆန္ဒပြပွဲ အဆုံးသတ်ရန် မေတ္တာရပ်ခံ မှုကြောင့် ရပ်နားပေးခဲ့ကြောင်း ဦးဆောင်သူများက ပြောသည်။
“ဒေသခံတွေ တောင်းဆိုချက်တွေကို သူတို့လည်း လုပ်မပေးနိုင်ဘူး။ CNPC ရဲ့လူမှုစီးပွားအဖွဲ့ ဒီနေ့ပဲ မဒေးကျွန်းကို ရောက်လာမယ်၊ အဲဒီအဖွဲ့နဲ့ပဲ တွေ့ဆုံဆွေးနွေးပါလို့ ခရိုင်မှူးက မေတ္တာရပ်ခံတယ်။ ဒီအဖွဲ့က ဘာတွေလုပ်ပေးမလဲ မသိသေးပါဘူး” ဟု ဦးထွန်းကြည်က ဆိုသည်။
ရွှေသဘာ၀ ဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းသည် ပြီးစီးလုနီးပါး ဖြစ်နေကာ မေလမှစတင်၍ တရုတ်နိုင်ငံသို့ ပို့လွှတ်တော့မည်ဟု CNPC ကုမ္ပဏီမှ ပြောဆိုထားသည်။ ပြီးစီးနေပြီဟု ဆိုသော်လည်း ပိုက်လိုင်းအား တချို့နေရာတွင် မြေကြီးထဲ၌ စနစ်တကျ မြှုပ်နှံထားမှု မရှိခြင်း၊ ဂက်စ်များ သန့်စင်မည့် စက်ရုံမှ စွန့်ပစ်ပစ္စည်းများကိုလည်း မည့်သည့်နေရာတွင် မည်ကဲ့သို့ စွန့်ပစ်မည် စသည့်ဖြင့် ဒေသခံ ပြည်သူများအပေါ် ဆိုးကျိုးများ ဖြစ်ပေါ်လာနိုင်သော စီမံကိန်းနှင့် ပတ်သက်၍ ကိစ္စရပ်များ အပေါ် ပွင့်လင်း မြင်သာမှု မရှိသည့်အတွက် ရခိုင်ဒေသခံများက စိုးရိမ်မကင်း ဖြစ်နေကြကြောင်း ကျောက်ဖြူဒေသခံနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဘရှိန်ကလည်း ပြောသည်။
ဓာတ်ငွေ့ပိုက်လိုင်းသည် ခိုင်ခန့်မှု မရှိခြင်း၊ စနစ်တကျ မြှုပ်နှံမှု မရှိခြင်းတို့ကြောင့် ရှမ်းပြည်နယ်အတွင်းမှ ဖြတ်သန်းမည့် နေရာတချို့၌ စမ်းသပ်ရေလွှတ်စဉ် ပြီးခဲ့သည့် ၂ လ အတွင်း ပေါက်ကွဲမှု ၂ ကြိမ် ဖြစ်ခဲ့ကြောင်း ပလောင် (တအာင်း) ကျောင်းသား လူငယ်များအဖွဲ့ကလည်း ယခုလဆန်းပိုင်းတွင် ရန်ကုန်မြို့၌ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့သေးသည်။
ဓာတ်ငွေ့ပိုက်လိုင်းသည် ရခိုင်ပြည်နယ်မှတဆင့် မကွေးတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်တို့ကို ဖြတ်သန်း၍ တရုတ်နိုင်ငံ ယူနန်ပြည်နယ်၌ အဆုံးသတ်မည် ဖြစ်သည်။ ရွှေဂက်စ် စီမံကိန်းအား ယခင်နအဖ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေနှင့် လက်ရှိ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့က၂၀၀၉ ခုနှစ် တွင် သဘောတူ လက်မှတ်ရေးထိုးခဲ့ကြသည်။