မတ်လနှင့် ဧပြီလဆန်းအထိ ဖြစ်ပျက်ခဲ့သော သွေးထွက်သံယို ပဋိပက္ခများ၊ ခါးသည်း တင်းမာမှုများက ဖန်တီးပေးခဲ့သော ကောလဟာလများနှင့် မယုံသင်္ကာမှုများဖြင့် သင်္ကြန်ကာလကို စိုးတထိတ်ထိတ် ဖြတ်သန်းကာ ယခုအခါ မြန်မာနှစ်သစ်ကို ကူးခဲ့ကြပြီ။ သို့သော် နှစ်ဟောင်းမှ အညစ်အကြေးများ အတာရေဖြင့် မစင်ကြယ်ခဲ့ပေ။ အတာရေသည်လည်း မအေးချမ်းခဲ့ပါ။
အကြောင်းမှာ ဗုဒ္ဓဘာသာ မဟုတ်သော ဘာသာခြားများနှင့် နိုင်ငံခြားသားများပါ အတူတကွ ပျော်ရွှင်ကြလေ့ရှိသော သင်္ကြန်အချိန်တွင် အက်ဆစ်ဖြင့် ပက်မည် ဆိုသော ကောလဟာလ များနှင့် သွေးစွန်းသည် အထိ ဖြစ်ခဲ့ရသော ကြေကွဲဖွယ် ဘာသာရေး အဓိကရုဏ်း များကြောင့် မြန်မာ မွတ်စလင် အများစုမှာ ယခင်ကလို မြန်မာသင်္ကြန်ကို ဝင်ရောက် ဆင်နွဲခြင်း မပြုခဲ့ကြသဖြင့် နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲ မှုများကို ရှေးရှုဦးတည်စေရေးနှင့် ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံဖြင့် မိသားစုသဖွယ် အခြေပြုကြရမည့် မြန်မာနိုင်ငံတွင် အရုပ်ဆိုး အကျည်းတန်သည့် နောက်ထပ် သွေးကွဲမှုအဖြစ် မြင်တွေ့ခဲ့ရ၍ ဖြစ်သည်။
ယခင် စစ်အုပ်ချုပ်ရေးစနစ်မှ လမ်းခွဲပြီး “သန့်ရှင်းသော အုပ်ချုပ်ရေး” စနစ် တည်ဆောက်ရန် ကြိုးပမ်းနေသော သမ္မတဦးသိန်းစိန်ဦးဆောင်သည့် အရပ်သားတပိုင်း အုပ်ချုပ်ရေး၏ ဒုတိယသက်တမ်းတွင် အဓိက ရင်ဆိုင်ရမည့် စိန်ခေါ်မှုမှာ “မွန်မြတ်သည့် ကိုးကွယ် ယုံကြည်မှုကို ခုတုံးလုပ်ပြီး အယူသီး အစွန်းရောက်များနှင့် ကိုယ်ကျိုးစီးပွားနှင့် ယှဉ်သည့် နိုင်ငံရေး၊ စီးပွားရေးအမြတ်ထုတ်” သူများဟု မတ်လ ၂၈ ရက်နေ့တွင် ပြည်သူလူထုထံ ပြောကြားသောမိန့်ခွန်းတွင် ဦးသိန်းစိန်ကလည်း ပြောကြားထားပြီးဖြစ်သည်။
ယခု စိန်ခေါ်မှုကို ရင်ဆိုင်ဖြေရှင်းရန် သတ္တိ ဗျတ္တိနှင့် ပြည့်ဝသော ခေါင်းဆောင်များ လိုပါသည်။ နှစ်ပေါင်းများစွာ အကြောက်တရား၊ ဆင်းရဲဒုက္ခနှင့် ခါးစည်းလာခဲ့ရခြင်းမှ တစုတစည်းတည်း ရုန်းထွက်ရန် ခိုင်မာပြတ်သားသည့် ခေါင်းဆောင်မှုကို ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး လိုလားသူ မြန်မာများနှင့်တကွ လူနည်းစု တိုင်းရင်းသားများနှင့် ဘာသာကွဲ နိုင်ငံသားများကလည်း လိုလားကြပါသည်။
အမှန်တကယ်လည်း လူနည်းစုတို့၏ စိတ်ထဲတွင် လူများစု၏ ခွဲခြားဆက်ဆံခြင်း ခံနေရသည်ဆိုသည့် အတွေးများ ဝင်ရောက်ခဲ့ပြီဆိုပါက ဒီမိုကရက်တစ်လူ့အဖွဲ့အစည်းတခု တည်ဆောက်ရန် အလှမ်းဝေးသွားမည်ဖြစ်သည်။ ဒီမိုကရေစီဆိုသည် လူများစု၏ ဆုံးဖြတ်ချက်ကို လေးစားဆောင်ရွက်ရုံမက လူနည်းစုအခွင့်အရေးကိုလည်း ကာကွယ်စောင့်ရှောက်ရမည်။ အင်အားကြီးသူသာ အနိုင်ဆိုသည်မှာ ရိုင်းစိုင်းကြမ်းတမ်းသော တောတွင်းဥပဒေသာဖြစ်သည်။
ယခု ရင်ဆိုင်ကြုံတွေ့နေရသော လူမျိုးရေး ဘာသာရေးခွဲခြားနှိမ်ချမှု ရောဂါ၏ ဇာစ်မြစ်ကို သေသေချာချာ သိရှိနားလည်ရန် လိုအပ်သကဲ့သိ့ု ကုသနည်းမှန်ကန်ရန်လည်း အရေးကြီးသည်။ ယင်းပြဿနာသည် သေးငယ်သော ပြဿနာ မဟုတ်ပါ။ ဖုံးဖိ၍လည်း မဖြစ်နိုင်တော့။ ထိုအရေး ဖြေရှင်းရာတွင် တိုင်းပြည်ခေါင်းဆောင်များအနေဖြင့် ဇာစ်မြစ်ကို ရှာဖွေရာတွင် နှောင့်နှေးကြန့်ကြာမနေစေလိုဘဲ ဆေးမြီးတိုဖြင့်သာ ကြိတ်ကုသကဲ့သို့ ဖြစ်နေမည်ကိုလည်း စိုးရိမ်သည်။ ပုံစံတကျ ထိန်းချုပ်ဖြေရှင်းရန် မကြိုးပမ်းလျှင် လူနည်းစု တိုင်းရင်းသားများနှင့် ငြိမ်းချမ်းရေးတည်ဆောက်ရန် ယုံကြည်မှုတည်ဆောက်နေသည့် လုပ်ငန်းစဉ်တွင် သံသယတိုးစရာလည်း ဖြစ်လာပေမည်။
ခေတ်မီတိုးတက်သော နိုင်ငံကို တည်ဆောက်ရန်မှာ ကျိုးကြောင်း ခိုင်လုံ ဆက်စပ် တွေးခေါ်တတ်သည့် သိပ္ပံနည်းကျမှုကိုသာ အလေးထားရမည်ဖြစ်သည်။ နိုင်ငံရေးသည် ဘာသာရေးဩဇာခံ မဖြစ်သင့်။ ဘာသာရေးဩဇာ နိုင်ငံရေးအပေါ် လွှမ်းမိုးမှုကြောင့် သိပ္ပံ၊ အနုပညာနှင့် အတွေးအခေါ် ဖွံ့ဖြိုးတိုးတက်မှုမဲ့ဖြစ်ခဲ့ရပြီး အမှောင်ခေတ် ရောက်ခဲ့ရသည်ကို ကမ္ဘာ့သမိုင်းတွင် သင်ခန်းစာ ရှိဖူးပြီးပြီ။ အစိုးရအနေဖြင့် ပြည်တွင်း လုံခြုံရေးဆိုင်ရာ အစီအမံများကို ချမှတ် အကောင်အထည် ဖော်ရာတွင် မညီမျှမှုများ၊ တရားလက်လွတ် ပြုမူမှုများ၊ လူ့အခွင့်အရေး ချိုးဖောက်များ မဖြစ်ပွားစေရေးကို အာမခံရပေလိမ့်မည်။
လွတ်လပ်ရေးရပြီးစ အမျိုးသားသွေးကွဲမှုများကြောင့် ပြည်တွင်းစစ်မီးတောက်ခဲ့ရသော မြန်မာနိုင်ငံကို ရည်ညွှန်းပြီး စာရေးဆရာ မြတ်ထန်ခေါ် ဗိုလ်မှူးကြီးတင်မောင်က “တိုင်းပြည်ကနုနု မုန်တိုင်းကထန်ထန်” ဟု သုံးနှုန်းခဲ့ဖူးရာ လတ်တလော ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခမီးတောက်များကြားထဲ နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ ဆက်လက် လုပ်ဆောင်နေသော သမ္မတဦးသိန်းစိန်အစိုးရလက်ထက်တွင်လည်း ယင်းအသုံးအနှုန်းက အံဝင်ဂွင်ကျ အသုံးတည့်နေပြန်သည်။
သို့သော် ယခုနှစ်သစ်မှ စ၍ အတွေးသစ်၊ အမြင်သစ်၊ စိတ်သစ်နှင့် အားသစ်များ မွေးပြီး အနာဂတ် ဘုံရည်မှန်းချက်များကို တန်းတူညီမျှစွာ ညီရင်းအစ်ကို မောင်ရင်းနှမပမာ လက်တွဲဆောင်ရွက်နိုင်မည် ဆိုလျှင်ဖြင့် မုန်တိုင်းကိုကျော်လွန်ကာ မြန်မာနိုင်ငံတော်သီချင်းထဲမှ စာသားအတိုင်း” ခွင့်တူညီမျှ ဝါဒဖြူစင်တဲ့ မြေ” တွင် မြန်မာနိုင်ငံသားတို့ ခေါင်းမော့နိုင်ကြမည် ဖြစ်သတည်း။ ။