ဗိသုကာ ပညာရှင်၊ နိုင်ငံကျော် ပန်းချီခင်မောင်ရင်သည် ယနေ့ ဇွန်လ ၁၀ ရက် မွန်းလွဲ ၃ နာရီခွဲခန့်က ရန်ကုန်မြို့ရှိ ပင်လုံဆေးရုံကြီးတွင် ကွယ်လွန်သွားပြီ ဖြစ်ကြောင်း သတင်းရရှိသည်။
ပန်းချီခင်မောင်ရင်သည် ဗိသုကာ ပညာရှင်တဦး ဖြစ်သကဲ့သို့၊ မြန်မာပြည်တွင် မော်ဒန်ပန်းချီ စတင် ရေးဆွဲသူများ ထဲတွင် ပန်းချီ ဦးခင်မောင် (ဘဏ်) နှင့် ဗဂျီအောင်စိုးပြီးလျှင် သူဟု ပြောစမှတ်ပြုရသူ ဖြစ်သည်။ သူကွယ်လွန်ခါနီး၊ ဆေးရုံတက်ခါနီး အချိန်အထိ ခေတ်ပြိုင်ပန်းချီများကို အားကောင်း မောင်းသန် ရေးဆွဲခဲ့သူ ဖြစ်သည်။ သူနှင့်ခေတ်ပြိုင် ပန်းချီဆရာ သူငယ်ချင်းများမှာ နိုင်ငံကျော် ပန်းချီဆရာများ ဖြစ်ကြသော ပေါ်ဦးသက်၊ ဝင်းဖေတို့ ဖြစ်သည်။
ပန်းချီခင်မောင်ရင်နှင့် ပတ်သက်၍ ပန်းချီဝင်းဖေက “ခင်မောင်ရင်က စားဝတ်နေရေးကို ဂရုမစိုက်တဲ့ ကောင်၊ သူ့မှာ မိသားစု ရယ်လို့လည်း မရှိဘူး၊ ဒါပေမယ့် တခြားသူတွေကိုတော့ မိသားစုလို ခင်တတ်တယ်၊ အနုပညာ သီလလုံတယ်” ဟု မှတ်ချက်ပြုဖူးသည်။
ပန်းချီခင်မောင်ရင်သည် အင်ဂျင်နီယာ ဗိသုကာ ဘာသာရပ်ဖြင့် အောင်မြင်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒက်ကာမြို့တွင် သွားရောက် အလုပ်လုပ်ကိုင်ကာ ပန်းချီရေးချင်၊ ရုပ်ရှင်ရိုက်ချင်သောကြောင့် မြန်မာပြည်ပြန်လာခဲ့သူ ဖြစ်သည်။
ယင်းနောက်ပိုင်း ပန်းချီကို အားသွန်ခွန်စိုက် ရေးဆွဲခဲ့သူ ဖြစ်ကြောင်း၊ ပန်းချီအခြေခံ သဘောတရား၊ သီအိုရီ၊ အတွေးအခေါ်၊ ကမ္ဘာ့ပန်းချီ စသည်တို့ကို နှံ့နှံ့စပ်စပ် လေ့လာ ဖတ်ရှုသူ ဖြစ်ပြီး ပန်းချီစရေးကတည်းက ဘာလုပ်မည်၊ ဘာကြောင့်လုပ်သည်၊ ဘာတွေ လုပ်ပိုင်ခွင့် ရှိသည် စသည်ဖြင့် နားလည်သူ ဖြစ်သည့်အတွက် ထူးခြားသူ ဖြစ်ကြောင်း ပန်းချီဝင်းဖေက ဆိုသည်။
မန္တလေးမြို့မ တေးဂီတ ဝိုင်းမှ စန္ဒရား ဦးသိမ်းမောင်ကလည်း ပန်းချီခင်မောင်ရင်သည် ခေတ်သစ် ပန်းချီ၊ ဂီတ၊ အနုပညာကို မြန်မာပြည်နှင့် မိတ်ဆက်ပေးခဲ့သူ ဖြစ်သည်ဟု ပြောသည်။
ပန်းချီခင်မောင်ရင်သည် ရန်ကုန်စက်မှု တက္ကသိုလ် (RIT) ပထမဆုံး အသုတ်မှ ကျောင်းသားဖြစ်ပြီး ၎င်းဗိသုကာ ပညာရှင်အဖြစ် ရေးဆွဲခဲ့သည့် အဆောက်အဦပုံများမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဒက်ကာ ဘူတာရုံနှင့် မြန်မာပြည် ပုဂံမြို့မှ သဇင်ဟိုတယ်တို့ ဖြစ်ကြောင်း သိရသည်။
ပန်းချီခင်မောင်ရင်သည် ရုပ်ရှင်ရိုက်ကူးခြင်းကိုလည်း ဝါသနာပါသူဖြစ်ပြီး “နှမလက်လျှော့ နေလေတော့” အမည်ရှိ ဇာတ်ကားနှင့် “ဘဇံ ဘမှန် အကြောင်း” ဇာတ်ကား ၂ ကားကို ဒါရိုက်တာအဖြစ် ရိုက်ကူးခဲ့ဖူးသည်။
ပန်းချီခင်မောင်ရင်ကို ၁၉၃၈ ခုနှစ်တွင် ဖွားမြင်ခဲ့ပြီး ကွယ်လွန်ချိန်တွင် အသက် ၇၆ နှစ်ရှိပြီ ဖြစ်သည်။ ၎င်း၏ သူငယ်ချင်း ပန်းချီဝင်းဖေ ပြောသကဲ့သို့ပင် ပန်းချီခင်မောင်ရင်သည် စားဝတ်နေရေးအတွက် ဂရုမစိုက်ဘဲ အနုပညာအလုပ်များကိုသာ စိုက်လိုက်မတ်တပ် လုပ်ကိုင်ရင်း နောက်ဆုံးအချိန်အထိ ရိုးရှင်းစွာဖြင့် ရန်ကုန် မြောက်ဥက္ကလာပ မြို့နယ်ထဲရှိ သူ၏ နေအိမ်တွင် နေထိုင်ခဲ့သူ ဖြစ်သည်။
ပန်းချီခင်မောင်ရင်နှင့် ပတ်သက်၍ သူနှင့် ရင်းနှီးစွာ နှစ်ရှည်လများ အတူ နေထိုင်ခဲ့သူ စာရေးဆရာ ဒါရိုက်တာ မောင်မိုးသူက “ခင်မောင်ရင့် ပန်းချီကားတွေကို နှစ်ခြိုက် စွဲလမ်းပြီး စုဆောင်း သိမ်းဆည်းသူတွေလည်း အများကြီးပါ။ ခင်မောင်ရင်ကို မော်ဒန် ပန်းချီဆရာကြီး ဆိုပြီး သတ်မှတ်ထားသူတွေလည်း ရှိကြပါတယ်။ ခင်မောင်ရင်ကတော့ အဲဒါတွေကို ဘာမှ အမှတ်မထားပါ၊ ဂရုလည်း မစိုက်ပါ” ဟု မှတ်ချက်ပြုဖူးသည်။