မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက (MPT) ဖုန်းပြောဆိုခ၊ အင်တာနက် အသုံးပြုခများ လျော့ချပေးသည့် ဆွေသဟာ အမည် ရှိ ဝန်ဆောင်မှု အစီအစဉ်သစ်ကို စတင်လိုက်သော်လည်း လျှော့ချသည့် ဖုန်းပြောဆိုခနှင့် အင်တာနက် အသုံးပြုခ များမှာ တယ်လီနောနှင့် အော်ရီဒူးဖုန်းများ၏ ဝန်ဆောင်ခထက် များစွာ များပြားနေ၍ ပြည်သူအများစု မကျေမနပ်ဖြစ်ပြီး မကြိုက် နှစ်သက်ကြကြောင်း သိရှိရသည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ဆွေသဟာ ဝန်ဆောင်မှု အစီအစဉ်သစ်တခုကို လာမည့် ဇန်နဝါရီလ ၁၂ ရက်နေ့တွင် စတင်မည်ဖြစ်ကြောင်း ဇန်နဝါရီ ၉ ရက်နေ့ (ယမန်နေ့ညပိုင်း) က ParkRoyal Hotel တွင် သတင်းစာရှင်းလင်းပွဲ ကျင်းပ ကြေညာချက်ထုတ်ပြန်လိုက်ခြင်းဖြစ်ပြီး မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ မိုဘိုင်းလ်ဖုန်း သုံးစွဲသူများအနေဖြင့် ဆွေသဟာ ဝန်ဆောင်မှု အသုံးပြုလိုပါက မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသို့ SMS ပေးပို့ တောင်းဆိုရမည်ဖြစ်ကြောင်း သိရှိရသည်။
MPT၏ ဆွေသဟာ ဝန်ဆောင်မှု အစီအစဉ်သစ်တွင် အဖွဲ့ဝင်ဖြစ် SMS ပေးပို့ပြီးသော မိုဘိုင်းလ်ဖုန်းများသည် မည်သည့် ဖုန်းအမျိုး အစားကိုမဆို ခေါ်ဆိုလျှင် တမိနစ် ၃၅ ကျပ် ကျခံရမည် ဖြစ်ပြီး SMS တစောင်လျှင် ၁၅ ကျပ် ကျသင့်မည်ဖြစ်ရာ တယ်လီနော်နှင့် အော်ရီဒူး မိုဘိုင်းလ်ဖုန်းများ၏ တမိနစ် ၂၅ ကျပ် ဈေးနှုန်းထက်များစွာ မြင့်မားနေ၍ ပြည်သူအများစု မကြိုက်နှစ်သက်ကြဟု သိရှိရသည်။
အလားတူ အင်တာနက် ဝန်ဆောင်ခကိုလည်း ပြောင်းလဲ သတ်မှတ်လိုက်ပြီး 1 MB လျှင် ၁၅ ကျပ် ကုန်ကျမည် ဖြစ် ကြောင်း ၊ MPT ၏ ဖုန်းဝန်ဆောင်ခ နှုန်းထားအသစ်များကို သုံးစွဲမည်ဆိုလျှင် ဆွေသဟာ ဝန်ဆောင်မှုအစီအစဉ်တွင် အဖွဲ့ ဝင် လုပ်ဆောင်ရမည် ဖြစ်ပြီး အဖွွဲ့ဝင် မလုပ်သည့် ဖုန်းများအနေနှင့် ယခင် ဖုန်းဝန်ဆောင်ခဖြစ်သည့် တမိနစ် ၅၀ ကျပ် သုံးစွဲ ရမည်ဖြစ်ကြောင်း၊ ဆွေသဟာ အစီအစဉ်တွင် GSM ဖုန်းများနှင့် WCDMA ဖုန်းများအတွက်သာ အကျုံးဝင်မည် ဖြစ် ပြီး CDMA 800 MHZ ဖုန်းနှင့် CDMA 450 MHZ ဖုန်းများတွင်မူ ဆွေသဟာ ဝန်ဆောင်မှုကို အသုံးမပြုနိုကြောင်း သိရှိရသည်။
ဆွေသဟာ ဝန်ဆောင်မှုတွင် SMS ဝန်ဆောင်မှု၊ အင်တာနက် ဝန်ဆောင်မှုများ အပြင် အခြား ဝန်ဆောင်မှုများ ဖြစ်သည့် Voicemail ဝန်ဆောင်မှု၊ Missed call alert ဝန်ဆောင်မှု၊ Call forward ဝန်ဆောင်မှု၊ Call waiting ဝန်ဆောင်မှုများနှင့် အထူးဝန်ဆောင်မှုများပါဝင်မည်ဖြစ်ကြောင်း သိရှိရသည်။
“မြန်မာနိုင်ငံတဝန်းလုံးအတွက် သုံးစွဲသူ အများစုအတွက် အကောင်းဆုံး ဆက်သွယ်မှု အရည်အသွေးတွေ ရှိတဲ့ ကွန်ရက် ကို ဖြည့်စည်းပေးဖို့ အတွက်နဲ့ အခုမှ မြန်မာနိုင်ငံမှာ တယ်လီဖုန်းလုပ်ငန်းဟာ ဖြစ်ထွန်းအောင်မြင်အောင် ကြိုးစား ကာစမှာ ဒီအစီအစဉ်လေးကို ကျနော်တို့ အရှိန်မြှင့်ပြီးတော့မှ တည်ငြိမ်းအေးချမ်းပြီးတော့မှ အောင်မြင်စွာ ဖြစ်ထွန်းနိုင်ဖို့အတွက် အထောက် အကူပြုဖို့အတွက် ဒါလေးကို ကျနော်တို့ စီမံဆောင်ရွက်ထားတာ ဖြစ်ပါတယ်”ဟု မြန်မာ့ဆက်သွယ်ရေး မန်နေဂျာ ဦးခင်မောင်ထွန်းက ယမန်နေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ ဖုန်းပြောဆိုခနှင့် အင်တာနက် အသုံးပြုခသည် မြင့်မားနေသည့်အတွက် စိတ်ပျက်မိ သည်ဟု ရန်ကုန်မြို့ခံ အများစုက ဆိုကြသည်။
“ဆက်သွယ်ရေးက ဖုန်းဈေးလျော့ပေးမယ်ဆိုလို့ တော်တော် မျော်လင့်ထားတာ။ အခုက အရင်အစီအစဉ်နဲ့ ဘာတွေ ထူးခြားသွားလို့လဲ။ ပြည်သူတွေကို နားလှည့်ပါးရိုက် လုပ်လိုက်သလိုပဲ။ ဘယ်လောက်လျော့မယ်ဆိုလည်း လျော့မယ် ရှင်းရှင်းလင်းလင်းပေါ့။ အခုက ဟိုအစီအစဉ်ဝင်ရ၊ ဒီအစီအစဉ် ဝင်ရနဲ့ ပြည်သူအပေါ် အခုထိ ဝေ့လည်လုပ်နေတုန်းပဲ ကျနော်တော့ မကြိုက်ဘူး”ဟု ရန်ကင်းမြို့နယ်က ဖုန်းသုံးစွဲသူ တဦးဖြစ်သည့် ကိုအောင်မျိုးဝင်းက ဆိုသည်။
MPT ၏ ဝန်ဆောင်ခ လျှော့ချသည့် အစီအစဉ်သစ်သည် နည်းပညာအားနည်း နေသေးသည့် ပြည်သူများအတွက် လွယ်ကူနိုင်မည် မဟုတ်ဟုလည်း နည်းပညာတတ်ကျွမ်းသူ တချို့က ဆိုသည်။
“ အင်တာနက်ကို အားပြုအသုံးပြုနေသူတွေအတွက်တော့ ကောင်းတာပေါ့။ နည်းပညာ အားနည်းသူတွေ အတွက် လုပ်ဆောင်ရမယ့် အဆင့်တွေပါလာတော့ သူတို့အတွက် အဆင်မပြေနိုင်ဘူး။ နောက်ပြီး စီးပွားရေး လုပ်တာမဟုတ်ဘဲ အင်တာနက်သုံးနေသူအတွက်ကတော့ တဘက်မှာ ဖုန်းခ လျော့ထားပေမယ့် တဖက်က အင်တာနက် သုံးစွဲမှုရဲ့ ကုန်ကျမှုက ပိုများလာမယ် ” ဟု ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်ရှိ ဖုန်းနှင့် အင်တာနက်ဆိုင် တွဲဖွင့်ထားသည့် ဆိုင်ပိုင်ရှင်တဦးက ပြောသည်။
လက်ရှိ ဈေးကွက်ထဲတွင် ယှဉ်ပြိုင်ရောင်းချနေသည့် အော်ရီဒူးနှင့် တယ်လီနောမိုဘိုင်းလ်ဖုန်းများသည် ဖုန်းပြောခ တမိနစ် လျှင် ၂၅ ကျပ်၊ SMS တစောင်လျှင် ၁၅ ကျပ် ဖြစ်သော်လည်း ဆက်သွယ်ရေး အခြေခံ အဆောက်အဦ များ တည် ဆောက် နေဆဲဖြစ်သည့်အတွက် နိုင်ငံတဝန်း ဖုန်းပြောဆို၍ မရသေးခြင်း၊ ဖုန်းလိုင်း မကြည်လင်ခြင်း စသည့် အားနည်း ချက် များစွာရှိကြောင်း၊ ရန်ကုန်၊ မန္တလေး အပါအဝင် အော်ရီဒူးနှင့် တယ်လီနော် မိုဘိုင်းလ်ကွန်ရက် ရှိသည့် မြို့ကြီးများ တွင် MPT ထက် အော်ရီဒူးနှင့် တယ်လီနော် ဖုန်းများကို ပိုမိုအသုံးပြုကြကြောင်း သိရှိရသည်။
“ အခုနောက်ပိုင်း မန္တလေးမှာ တယ်လီနောကို သုံးတာလည်း များတယ်။ တယ်လီနောက အင်တာနက် သုံးရတာလည်း လိုင်းကောင်း တယ်။ နောက်ပြီး ဖုန်းပြောခကလည်း တမိနစ် ၂၅ ကျပ်ဆိုတော့ သုံးကြတယ်” ဟု မန္တလေး မိုဘိုင်းလ်ဖုန်း အရောင်းဆိုင်ပိုင်ရှင်တဦးက ပြောသည်။