ကရင် အမျိုးသား အစည်းအရုံး(KNU)၏ တောင်ငူခရိုင် တပ်မဟာ(၂)ဌာနချုပ်အနီး အစိုးရ လေတပ်၏ ဗုံးကြဲ လေ့ကျင့်မှုများသည် ဒေသခံများကို ထိတ်လန့်စေသည့် ခြိမ်းခြောက်မှုမျိုး ဖြစ်လာစေကြောင်း KNU က ပြောသည်။
ကရင် အမျိုးသားလွတ်မြောက်ရေး တပ်မတော်(KNLA) တပ်မဟာ (၂) ဌာနချုပ်အနီးတွင် မြန်မာ့ တပ်မတော် (လေ)က ဧပြီ ၂၉ ရက်နေ့က စတင်ပြီး ဗုံးကြဲမှုများ ပြုလုပ်နေခြင်းအပေါ် KNU တွဲဘက် အတွင်း ရေးမှူး(၁) ပဒိုစောသောသီဘွဲက ကရင် အမျိုးသား မီဒီယာနှင့် မေလ ၁ ရက်နေ့က တွေ့ဆုံ မေးမြန်းမှုတွင် ပြောဆိုသွားသည်။
“လေယာဉ်နဲ့ ဗုံးလာကြဲတဲ့ အတွက်ကြောင့်မို့ ပြည်သူလူထုတွေအတွက်လည်း ထိတ်လန့်စေတယ်။ အထူး သဖြင့် ကျနော်တို့ တပ်မဟာ(၂)က ကရင်လူထု တွေပိုပြီးတော့ ကြောက်လန့်စိတ်တွေရှိနေကြတာပေါ့” ဟု ပဒိုစောသောသီဘွဲက ပြောသည်။
KNU တပ်မဟာ(၂) နယ်မြေအတွင်း အစိုးရ လေတပ်က လေကျင့်မှုများကို မေလ ၇ ရက်နေ့ထိ ပြုလုပ်သွားရန် စီစဉ်ထားသည်ဟု ကြားသိထားကြောင်း KNU က ပြောသည်။
လေယာဉ်ဗုံးကျဲမှုသည် ဧပြီ ၂၉ ရက်နေ့မှစခဲ့ပြီး မေလ ၁ ရက်နေ့ထိ ပြုလုပ်လျက်ရှိကြောင်း၊ ယင်းပြုလုပ်မှု သည် KNUနှင့် ဒေသခံ ပြည်သူများကို ကြိုတင် အကြောင်းကြားခြင်း မရှိကြောင်းနှင့် ထပ်မံ လေ့ကျင့်မှုများ ဆက်လက် မပြုလုပ်ရန် တပ်မတော်ဘက်သို့ စာပို့ အကြောင်းကြားသွားရန် ပြင်ဆင်နေကြောင်း KNU ရုံးအဖွဲ့ ဝင်တဦးက ဧရာဝတီသို့ ပြောသည်။
“အခုလို ငြိမ်းချမ်းရေး တည်ဆောက်နေဆဲ ကာလမျိုးမှာ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေအပေါ် သံသယ ဖြစ်စေတဲ့အတွက် ဒီလိုလုပ်ရပ်မျိုး မပြုလုပ်ဖို့ KNU က စာပို့ အကြောင်းကြားဖို့ အစီအစဉ် ရှိတယ်” ဟု KNU ရုံးအဖွဲ့ဝင်က ပြောသည်။
အစိုးရတပ်က KNU တပ်မဟာ (၂) ဒေသဘက်တွင် လေယာဉ်ဖြင့် လေ့ကျင့်မှုသည် ယခုမှ ပြုလုပ်ခြင်းမျိုး မဟုတ်ဘဲ ယခင်ကလည်း ပြုလုပ်လေ့ရှိကြောင်း၊ ယခုဖြစ်စဉ်နှင့် ပတ်သက်၍လည်း KNU အနေဖြင့် အကြောင်းကြား ပြောဆိုလာခြင်းမျိုး မရှိသေးကြောင်း မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည် ထူထောင်ရေး လုပ်ငန်း ဗဟိုဌာန(MPC)က ပြောသည်။
MPC ၏ ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး ညှိနှိုင်းဆွေးနွေး အကောင်အထည်ဖော်မှုဌာန ညွှန်ကြားရေးမှူး ဒေါက်တာ မင်းဇော်ဦးက “ကျနော်တို့ဆီတော့ တရားဝင် အကြောင်းကြား ပြောဆိုတာတော့ မရှိသေးပါဘူး။ ကျနော်တို့ကို ပြောရင်တော့ အစိုးရဘက်ကို ပြောပေးတာပေါ့လေ။ နောက်တခုက အစိုးရနဲ့ KNU အကြားမှာ ပုံမှန်တွေ့တဲ့ လမ်းကြောင်းတွေ ရှိပါတယ်” ဟု ဧရာဝတီသို့ ပြောသ်ည်။
မြန်မာ့ တပ်မတော်(လေ)က ယခုကဲ့သို့ စစ်ရေး လေ့ကျင့်နေစဉ်အတွင်း KNU ခေါင်းဆောင်များ “ဝ” ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော်(UWSA) နယ်မြေ၌ မေလ ၁ ရက်နေ့က စတင် ကျင်းပနေသည့် “တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်း ထိပ်သီးခေါင်းဆောင်များ မျက်နှာစုံညီ အစည်းအဝေး” ကို တက်ရောက်နေကြချိန် ဖြစ်သည်။
KNU သည် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကြားတွင် အစိုးရနှင့် နီးစပ်မှု အရှိဆုံး အဖွဲ့တခု ဖြစ်သည့်အပြင် သမ္မတ ဦးသိန်းစိန်နှင့် ၅ ကြိမ်၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ၆ ကြိမ် တွေ့ဆုံမှု ရှိထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တခု ဖြစ်သည်။