လက်ရှိ အာဏာရပါတီ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) နှင့် အင်အားကြီး အတိုက်အခံ ပါတီဖြစ်သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) တို့က လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင် တနိုင်ငံလုံးရှိ မဲဆန္ဒနယ် အားလုံးတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ပြင်ဆင်ထားကြောင်း ထုတ်ဖော် ပြောဆိုလိုက်သည်။
“ကျနော်တို့ ကြံ့ခိုင်ရေး ပါတီအနေနဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ နေရာအားလုံး ရွေးမယ်ဆိုပြီးတော့ ဆုံးဖြတ်ထားတယ်။ ဒီအတွက် ကျနော်တို့ ကိုယ်စားလှယ်တွေ ရွေးမှာပေါ့။ သို့သော်လည်းပဲ အမည်စာရင်း ထုတ်ပြန်ထားတာ မရှိသေးပါဘူး” ဟု ကြံ့ခိုင်ရေးပါတီ ဒုဥက္ကဋ္ဌ ဦးဌေးဦးက ဧရာဝတီကို ပြောသည်။
ကြံ့ခိုင်ရေးပါတီ အနေဖြင့် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး ကြိုးပမ်းမှုများ ပြုလုပ်နေ သကဲ့သို့ လွတ်လပ် မျှတမှုရှိရေး အတွက် ပါတီတွင်း၌ သာမက ကျေးရွာလူထုများ အထိပါ အသိပညာပေးများ လုပ်ဆောင်နေလျှက် ရှိကြောင်း ၎င်းက ဆက်ပြောသည်။
“မဲဆွယ်စည်းရုံးရေး ကာလကို ရောက်ရင်လည်း ဥပဒေနဲ့အညီ ဆောင်ရွက်နိုင်ဖို့ ဆိုတာကတော့ ကျနော်တို့ သင်တန်းတွေ ပေးနေပါတယ်။ တချို့လည်း ပေးပြီးပါပြီ။ ဆင့်ပွားသင်တန်းတွေလည်း ပေးပါတယ်။ နယ်တွေမှာရှိတဲ့ ပြည်သူတွေကိုလည်း တအိမ်တက် တအိမ်ဆင်း အသိပညာ ပေးပါတယ်” ဟု ဦးဌေးဦးက ဆိုသည်။
အလားတူ NLD ပါတီက နိုင်ငံအဝှမ်း မဲဆန္ဒနယ်မြေ အားလုံး၌ ဝင်ရောက် ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်းနှင့် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲကြီး အတွက် အောင်နိုင်ရေး အဖွဲ့များ ဖွဲ့စည်းပြီး လိုအပ်သည့် ပညာပေး လုပ်ငန်းများ သင်တန်းပို့ချမှုများ အဆင့်ဆင့် ဆောင်ရွက်ရန် ပြုလုပ်နေကြောင်း NLD ပါတီပြောခွင့်ရ ပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ပြောသည်။
“ကျနော်တို့ ပြင်ဆင်နေပါတယ်။ ယှဉ်ပြိုင်ခြင်းကို အားပေးမယ်။ သဘောတူတယ်။ နေရာအားလုံးမှာ ကျနော်တို့ ဝင်ရောက် ယှဉ်ပြိုင်ပါမယ်” ဟု သူက ဆိုသည်။
၂၀၁၅ အထွေထွေ ရွေးကောက်ပွဲကို လာမည့် နိုဝင်ဘာလအတွင်း ကျင်းပပြုလုပ်ပေးမည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက တရားဝင် ထုတ်ဖော် ပြောဆိုထားသည်။
သို့သော် စစ်ခေါင်းဆောင်ဟောင်းများ စိတ်ကြိုက်ရေးဆွဲ ပြဌာန်းထားသည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးအတွက် NLD ပါတီ၊ တိုင်းရင်းသား တော်လှန်ရေး လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်များနှင့် အရပ်ဘက် လူထုအဖွဲ့အစည်း အသီးသီးက တောင်းဆိုနေကြသော်လည်း ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးမှာ မရေရာသေးသော အခြေအနေ၌ပင် ရှိနေသည်။
၂၀၁၅ အထွေထွေ ရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ ဖြစ်မဖြစ် ဆိုသည်မှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်မှု ရှိမရှိဆိုသည့် အပေါ်တွင် မူတည်ကြောင်း၊ ၂၀၀၈ အခြေခံ ဥပဒေထဲမှ ပြင်ဆင်သင့်သည့် အချက်များကို အချိန်မီ မပြင်ဆင်လျင် တရားမျှတသည့် ရွေးကောက်ပွဲ ဖြစ်လာမည် မဟုတ်ကြောင်း ဦးဉာဏ်ဝင်းက ပြောသည်။
“ကျနော်တို့ မျှော်လင့်လို့ မရဘူး။ လက်တွေ့ကျမှ မျှတတယ်၊ မမျှတဘူး ဆိုတာ သိရမှာ။ တရားမျှတမှုက ဖွဲ့စည်းပုံ အခြေခံ ဥပဒေထဲက အချက်တွေ မပြင်ဘဲနဲ့ ဘယ်လိုမှ မျှတမှု မရှိနိုင်ဘူးဗျ” ဟု ဦးဉာဏ်ဝင်းက ပြောသည်။
၂၀၁၀ ရွေးကောက်ပွဲ အပြီးတွင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ပြည်သူ့ဆန္ဒဖြင့် ရွေးချယ်ထားခြင်း မဟုတ်သော တပ်မတော်သား ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းသည် လက်ရှိ လွှတ်တော်ထဲတွင် ပါဝင်လျက် ရှိနေသည်။
ကြံ့ခိုင်ရေး ပါတီသည် NLD ပါတီ ပါဝင် မယှဉ်ပြိုင်သည့် ၂၀၁၀ အထွေထွေ ရွေးကောက်ပွဲတွင် အငြင်းပွားဖွယ်ရာ မဲရလဒ်များဖြင့် အနိုင်ရရှိခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ပါဝင် ရွေးကောက်ခံခဲ့သည့် ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲတွင် NLD ပါတီသည် ကြံ့ခိုင်ရေး ပါတီကို အပြတ်အသတ် အနိုင်ရခဲ့သည်။
အမေရိကန်နိုင်ငံ အပါအဝင် မြန်မာ့အရေး စောင့်ကြည့်နေကြသည့် အနောက်နိုင်ငံများက ယခုနှစ် ကျင်းပမည့် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ ဖြစ်လာစေရေးအတွက် မြန်မာအစိုးရကို တိုက်တွန်း တောင်းဆိုမှုများ ရှိနေသည်။