နီပေါနိုင်ငံတွင် ပြီးခဲ့သည့်ဧပြီလ ငလျင်ဒဏ်ခံရစဉ်က သဘာဝ ဘေးဒဏ်များနှင့် ပတ်သက်၍ အရေးပေါ် ကူညီ ကယ်ဆယ်ရေးအတွက် မြန်မာနိုင်ငံတွင်လည်း ကြိုတင်ပြင်ဆင်ထားသင့်ကြောင်း ဧရာဝတီက တိုက်တွန်း ရေးသားခဲ့ဖူးသည်။ ယခု မိုးကြီးရေလျှံမှုများကြောင့် မြန်မာနိုင်ငံအထက်ပိုင်း နေရာတချို့တွင် ဆိုးရွားစွာ ရေဘေးသင့်ပြီး အိမ်၊ စိုက်ပျိုးမြေ၊ ကျွဲနွား ဆုံးရှုံးမှုများအပြင် လူသေဆုံးမှုများပါ ရှိနေသည်။ အစိုးရ၏ ကူညီကယ်ဆယ်ရေး၊ ပြန်လည် ထူထောင်ရေး လုပ်ငန်းစဉ်များဖြင့် မလုံလောက်သောကြောင့် အရပ်ဘက် တသီးပုဂ္ဂလများ၊ အဖွဲ့အစည်းများက အင်တိုက်အားတိုက် ကူညီပေးနေကြသည်။
မိုးကြီးခြင်းကို ကြိုတင်ခန့်မှန်းနိုင်သော်လည်း မြန်မာနိုင်ငံတွင် နောက်ဆက်တွဲအဖြစ် ခံစားနေရသည်မှာ နေရာအနှံ့ ဆောက်လုပ်ထားသော ဆည်မြောင်း တာတမံများကြောင့် ဖြစ်ပေါ်လာသော ရေကြီးရေလျှံမှုများ ဖြစ်သည်။ ဆည်မြောင်း တာတမံများကို မည်သို့ စီမံခန့်ခွဲနေသည်ကို မိုးကြီးရေလျှံကာလတွင် ရှင်းလင်းစွာ သိနိုင်ခြင်း မရှိသလို ရေဘေးသင့်နိုင်သည့် ဒေသနေ ပြည်သူများအတွက် အရေးပေါ် ရွေ့ပြောင်းရေး၊ အကူအညီပေးရန် ပြင်ဆင်ရေးတို့သည်လည်း နှောင့်နှေးသည်ကို တွေ့နေရသည်။
နာဂစ်ဆိုင်ကလုန်း ကဲ့သို့သော ပြင်းထန်သည့် သဘာဝဘေးဒဏ် ခံရဖူးသည့် မြန်မာနိုင်ငံတွင် သဘာဝဘေး အန္တရာယ် ကူညီကယ် ဆယ်ရေး၊ အရေးပေါ် ကူညီကယ်ဆယ်ရေး (Disaster Management သို့မဟုတ် Emergency Management) တို့အတွက် ယခုအထိ သေချာစွာ ပြင်ဆင်ထားမှုမရှိကြောင်း ရေကြီးရေလျှံ ပြဿနာက ဖော်ပြနေသည်။
သဘာဝဘေးဒဏ် အရေးအကြောင်း ပေါ်ပေါက်မှ နီးစပ်ရာ အဆင်ပြေသည့် အစိုးရတပ်ဖွဲ့ဝင်များဖြင့် ကူညီ ကယ်ဆယ်နေကြသည်ကို တွေ့ရပြီး တနိုင်ငံလုံး အတိုင်းအတာဖြင့် ဖြန့်ကျက်စီမံခန့်ခွဲသည့် အနေအထားကိုမူ မတွေ့ရချေ။ တချို့သော ရေဘေးဒဏ်ခံ နေရာများမှာ အရပ်ဖက်အဖွဲ့များနှင့် တသီးပုဂ္ဂလ စေတနာ့ဝန်ထမ်းများ၏ သတင်းပေးမှု၊ လူမှုကွန်ရက်မှတဆင့် ဖော်ထုတ်မှု၊ သတင်းကွန်ရက် တည်ဆောက်လက်ဆင့်ကမ်းနိုင်မှုများကြောင့်သာ တကယ် ဖြစ်ပျက်နေသည့် အခြေအနေကို တခြားပြည်သူများ သိရှိရခြင်း၊ အကူအညီ ပေးရန် စိုင်းပြင်းနိုင်ကြခြင်း ဖြစ်သည်။
သဘာဝဘေးဒဏ် ခံနေရသည့်ကာလတွင် လုပ်ဆောင်ရမည်မှာ တာဝန်ရှိ အစိုးရထိပ်သီးများက ရဟတ်ယာဉ်ဖြင့် သွားရောက်ပြီး သဘောဝဘေးဒဏ်ခံ ဒေသခံများက တူညီဝတ်စုံများ၊ ပန်းစည်း များနှင့် ကြိုဆိုကြခြင်းကို သတင်းထုတ်ပြန်ရုံ သက်သက် မဟုတ်ဘဲ ထိရောက်သော အကူအညီများ ပေးနိုင်ရန် စီမံခန့်ခွဲရေးသာ ဖြစ်သည်။ ကူညီကယ်ဆယ်ရေး ပစ္စည်း ကိရိယာများရှိနေသော အစိုးရ အဖွဲ့အစည်းများ၏ အင်အားကို စုစည်း၍ အရပ်ဖက် အကူအညီပေးသူများနှင့် လက်တွဲကာ ဆောင်ရွက်နိုင်ရေးသာ ဖြစ်သင့်သည်။
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးကလည်း “အရေးပေါ် လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန် အထောက်အပံ့ များပေးပို့ခြင်းနှင့် လူမှုရေး အသင်းအဖွဲ့များအား ဘေးဒဏ်သင့် နေရာများသို့ အလျင်အမြန် ဝင်ရောက်ခွင့်တို့ကို ဦးစားပေး ဆောင်ရွက်ပါရန်” မြန်မာအစိုးရအား တိုက်တွန်းထားသည်။
မြန်မာနိုင်ငံ ကြက်ခြေနီအသင်းသည် နိုင်ငံတဝန်းမြို့နယ်များတွင် အဖွဲ့ခွဲ ၃၀ဝ ကျော်နှင့် စေတနာ့ဝန်ထမ်း ၂ သိန်းခွဲခန့် ရှိသည် ဆိုသော်လည်း သဘာဝဘေးဒဏ်များအတွက် အထူးပြင်ဆင် လေ့ကျင့်ထားသော အရေးပေါ် ကူညီ ကယ်ဆယ်ရေးအဖွဲ့များ စနစ်တကျ တိုးချဲ့ထူထောင်ရန်၊ လေ့ကျင့်ပေးရန် မြန်မာနိုင်ငံ အနေဖြင့် လိုအပ်နေသေးကြောင်း မီးမောင်းထိုးပြလိုက်ပါသည်။