မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေ အသေးစိတ်ကို ထုတ်ပြန်ကြေညာပြီး နိုင်ငံခြား စီးပွားရေးလုပ်ငန်းရှင်တို့ကို ဆွဲဆောင်နေသည့် တချိန်တည်းမှာပင် မြင့်မားနေသော မြေဈေးကို နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတို့က စိတ်ဝင်တစား အံ့အားသင့်စွာဖြင့် အနီးကပ် စောင့်ကြည့်နေကြသည်။
ရန်ကုန် အိမ် မြေဈေးကွက်တွင် ရုံးခန်းအငှားဈေးမှာ တနှစ်အတွင်း ၃ ဆ ခုန်တက်သွားပြီး ယခုအခါ တစ်မီတာပတ်လည်ကို အမေရိကန်ဒေါ်လာ ၁၅၀ (မြန်မာကျပ်ငွေ ၁၂၇၅၀၀) ဈေးပေါက်နေပြီး မြေဈေးမှာလည်း စီးပွားရေးဗဟိုချက်ဖြစ်သည့်နေရာများတွင် တစ်မီတာပတ်လည် ဒေါ်လာ ၄၀၀၀ (ကျပ် ၃၄၀၀၀၀၀) ရှိနေသည်။
ထို့ကြောင့် ဖေဖော်ဝါရီ ၃ရက် နေပြည်တော် စက်မှုဝန်ကြီးဌာန၌ ကျင်းပသည့် တွေ့ဆုံံပွဲတွင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဥက္ကဌ သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းက မြန်မာ နိုင်ငံမြေဈေးသည် ကမ္ဘာ့နိုင်ငံများရှိ မြေဈေးအကြီးဆုံးနိုင်ငံဖြစ်သည့် နယူးယောက်မြို့ပြီးနောက် ဒုတိယဈေးအကြီးဆုံး ဖြစ်နေသည်ဟု ပြောသည်။
” မြန်မာမှာက ရင်းနှီးမြုပ်နှံမှုလုပ်ဖို့ခက်ခဲနေတာတွေရှိတယ်၊ မြေဈေးတွေကကြီးနေတဲ့အပြင် မြေနေရာတွေကလည်း ရှားပါးနေတယ်၊ နယူးယောက်ပြီးရင် မြန်မာက မြေဈေးအကြီးဆုံး ဖြစ်နေတယ်” ဟု ဦးစိုးသိန်းက ဆိုသည်။
ဇန်နဝါရီ ၂၂ ရက်က ဆီဒိုးနားဟိုတယ်တွင် ကျင်းပပြုလုပ် ခဲ့သည့် Myanmar Industrial Zones& Real Estate Development Forum တွင် ကိုရီးယားလုပ်ငန်းရှင်များက မြန်မာ့စီးပွားရေး တိုးတက်လာနိုင် သည်ဟု ခန့်မှန်းထားသဖြင့် ရင်းနှီးမြှုပ်နှံမှုများအပြင် အခြေချနေထိုင်ကြရန် စဉ်းစားနေကြကြောင်း၊ သို့သော် မြေဈေးသည် အဆမတန်မြင့်နေသောကြောင့် တွက်ခြေကိုက် မကိုက် ပြန်လည်တွက်ချက်နေရကြောင်း ဆိုသည်။
ဇန်နဝါရီ ၉ ရက်က ကုန်သည်စက်မှုအသင်းချုပ်တွင်ပြုလုပ်သည့် သီလဝါအထူးဇုန်အကောင်အထည်ဖော်မှုရှင်းလင်းပွဲတွင် အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန ဒုဝန်ကြီး ဦးဆက်အောင်ကမူ မြန်မာနိုင်ငံ၏ မြေဈေးနှုန်း သည် နိုင်ငံတကာဈေးနှုန်းများထက်များနေသောကြောင့် သင့်တင့်သည့်နှုန်းထားတခု စီစဉ်သွားမည်ဟု ပြောကြားသည်။
သို့သော် မြေဈေးနှုန်းများကို အစိုးရအနေဖြင့် ထိန်းချုပ်သွားရန် မဖြစ်နိုင် ကြောင်း စီးပွားရေးပညာရှင်များက သုံးသပ်သည်။
ဝယ်လိုအားများပြီး ရောင်းလိုအားများပါက ဈေးမြင့်လာနိုင်သည့်အတွက် မြေဈေးကွက်ကို ထိန်းချုပ်၍ မရနိုင်ကြောင်း၊ ဈေးလျှော့ချခြင်း၊ ထိန်းချုပ်ခြင်းများလုပ်ရန်မဖြစ်နိုင်ကြောင်း၊ အစိုးရဘက်က စက်မှုဇုန်များဖော်ထုတ်ခြင်း၊ မြေလွတ် မြေရိုင်းများရှာဖွေခြင်းဖြင့်သာ မြေဈေးမြင့်ခြင်းကိုထိန်းချုပ်နိုင်မည်ဖြစ်ကြောင်း စီးပွားရေးပညာရှင် ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်က အကြံပြုသည်။
“ တခြားနိုင်ငံတွေမှာ မြေဈေးသက်သာပြီး ဒီမှာဈေးများနေရင် ရင်းနှီးမြုပ်နှံံသူတွေလာဖို့ ခက်တော့ ဒါကို စိတ်ပူနေရတယ်၊ သင့်တော်တဲ့နှုန်းဆိုပြီး သတ်မှတ်လို့တော့ ရမှာမဟုတ်ဘူး၊ ဈေးချလို့လည်း မရသလို ထိန်းဖို့လည်း မဖြစ်နိုင်ဘူး” ဟု ဆိုသည်။
မြန်မာ့အရင်းအမြစ် ဖွံ့ဖြိုးမှု စင်တာမှ စီးပွားရေးပညာရှင် ဒေါက်တာဇော်ဦးက အစိုးရအနေဖြင့် ကာလအတန်ကြာ စီးပွားရေးလုပ်ငန်းအများစုကို အကန့်အသတ်များဖြင့် ထိန်းချုပ်ခဲ့သောကြောင့် ကန့်သတ်ချက် နည်းသော အိမ်ခြံမြေရောင်းဝယ်ရေးလုပ်ငန်းများတွင် စီးပွားရေးသမားများ ဈေးဝင်ကစားပြီး အိမ်ခြံံမြေဈေးနှုန်းများ မြင့်တက်လာခဲ့သည်ဟု သုံးသပ်သည်။
ထို့ကြောင့် တခြားလုပ်ငန်းတွင် ထိန်းချုပ်မှုများကို လျှော့ချလိုက်ပါက ဈေးကစားသူများသည် ယင်းလုပ်ငန်းများတွင် ပါဝင်လာနိုင်ပြီး အိမ်ခြံမြေဈေး အနည်းငယ် တည်ငြိမ်နိုင်သည်ဟု ဆိုသည်။
တောက်လျှောက်တက်နေသော မြေဈေးအပြင် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ စိုးရိမ်နေသည်မှာ မြေပိုင်ခွင့် အငြင်းပွားမှုဖြစ်သည်။
လတ်တလော ဂျပန်က စက်မှုဇုံလုပ်ရန် ရာထားထားသော သီလဝါရှိ လယ်ယာမြေအချို့မှာ စစ်တပ်က လယ်သမားများထံမှ ယခင်က အဓမ္မသိမ်းယူထားခဲ့ခြင်း ဖြစ်ကြောင်း၊ နယ်မြေခံ အာဏာပိုင်တို့က ဂျပန်တို့ကို လျော်ကြေးပေးရန် တိုက်တွန်းသော်လည်း ဂျပန်ကုမ္ပဏီများက အစိုးရတာဝန်သာဖြစ်၍ လက်ဝင်မလျှိုလိုကြောင်း ရိုက်တာသတင်းတပုဒ်တွင် ရေးသားထားသည်။
သီလဝါစက်မှုဇုန်အနီး မြေတစ်ဧကလျှင် ဒေါ်လာ တစ်သောင်းမှ နှစ်သောင်း (ကျပ် ၈၅၀၀၀၀၀ မှ ၁၇၀၀၀၀၀၀) ဈေးပေါက်နေသဖြင့် လမ်း တံတားနှင့် အခြား အခြေခံအဆောက်အဦများ တည်ဆောက်ရန် အလွန်ခက်ခဲမည်ကို ဂျပန်အရာရှိများက စိုးရိမ်နေသည်။