မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးသမိုင်းဟာ ၁၉၄၈ မတိုင်မီက မြန်မာနိုင်ငံမှာ High Court သာရှိပြီး အယူခံကိုတော့ အိန္ဒိယနဲ့ အင်္ဂလန်ကိုသွားရတယ်။ အဆင့်အနေနဲ့တော့ နိမ့်တာပေါ့။ ၁၉၄၈ လွတ်လပ်ရေးရပြီးတော့ မြန်မာတရားစီရင်ရေးက Common Law Family ထဲမှာပါပြီး တရားစီရင်ရေးဆိုင်ရာ ဥပဒေအခြေခံ မူသဘောတရားတွေ (Legal Principles) နဲ့အညီ ဆောင်ရွက်ခဲ့ကြတယ်။ ဟိုခေတ်က ဥပဒေပညာသင်တဲ့ သူတွေကလည်းများတော့ တတ်ကျွမ်းကြတယ်။ လူအများစုကလည်း တရားစီရင်ရေးအပေါ် လေးစားကြတယ်။ အုပ်ချုပ်ရေးပိုင်းက မတရားဆောင်ရွက်တာတွေကို တရားစီရင်ရေးက ကြပ်မတ် ထိန်းသိမ်းပေးရတယ်။
၁၉၆၂ တော်လှန်ရေးကောင်စီ တက်တော့ အခြေအနေက တဖြည်းဖြည်း လျော့လျဲလာတယ်။ ဒါပေမယ့် တရားစီရင်ရေးကို အာဏာရှင်ကြီး ဦးနေဝင်း ကျော်လို့မရခဲ့ဘူး။ အဲဒီလို ကျော်လို့မရတဲ့အတွက် ဖျက်ဆီးပစ်လိုက်ပါတယ်။ ၁၉၇၄ ဖွဲ့စည်းပုံအခြေခံဥဒေအသစ် ရေးဆွဲတယ်။ ပြီးတော့ ပြည်သူ့တရားစီရင်ရေးဆိုပြီး ဥပဒေက မည်သို့ပင်ဆိုစေကာမူဆိုတဲ့ သဘောတရားနဲ့ နင်းချေခဲ့ပါတယ်။
၁၉၇၄ ဖွ့ဲစည်းပုံအခြေခံ ဥပဒေအရ ပြည်သူ့တရားစီရင်ရေးကလည်း ပြည်သူ့အကျိုးပြု တရားစီရင်ရေး မဖြစ်ခဲ့ပါဘူး။ တရားစီရင်ရာမှာ အဆင်ပြေအသုံးတည့်မယ့် ကျင့်ထုံးဥပဒေတချို့ကို သုံးတယ်။ သုံးရင်း အဆင်မပြေတဲ့အခါကျတော့ မည်သည့်ဥပဒေက မည်သို့ပင်ဆိုစေကာမူဆိုပြီး ကိုယ်သဘောကိုယ်ဆောင်ပြီး တရားစီရင်တယ်။
၁၉၈၈ မှာတော့ ပြည်သူ့တရားစီရင်ရေးဟာ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်နဲ့အတူ ပြောင်းလဲသွားပါတယ်။ နဝတ/နအဖ ခေတ်တွေမှာ တရားစီရင်ရေးဆိုတာ အုပ်ချုပ်သူတွေရဲ့ တခါတရံ လက်ကိုင်တုတ်၊ တခါတရံ အသုံးချခံ အဆင့်ပါပဲ။
ထောက်လှမ်းရေး တပ်စွယ်မှူးဆိုတဲ့ ကြောက်လိုက်ရတဲ့ တပ်ကြပ်အဆင့်လောက်ကို မောင်မောင်ဘဘ ခေါ်ကြတဲ့အခြေအနေ၊ လွတ်လပ်တဲ့ တရားစီရင်ရေးဆိုတာ လူကြားကောင်း တရားနာကြားကောင်းရုံ အသုံးအနှုန်းသာ ဖြစ်ပါတယ်။ တရားစီရင်ရေးရဲ့ အခြေခံမူတွေ သဘောတရားတွေကလည်း စာအုပ်ထဲမှာ အိပ်ပျော်နေရတာ လေဖြတ်တဲ့လူနာ အိပ်ယာပူနာ ရတော့မယ့် အတိုင်းပါပဲ။
၁၉၈၈ အရေးအခင်းပြီးလို့ နဝတ စစ်အစိုးရလက်ထက်မှာ တိုင်းပြည်ပျက်စီးရတာဟာ ဝန်ထမ်းတွေ အကျင့်ပျက်လို့ လာဘ်စားလို့ဆိုပြီး ထမင်းရည်ပူကို လျှာလွှဲခဲ့ကြတယ်။ ခေါင်းဆောင်မှုညံ့ဖျင်းတာ၊ အရာရှိကြီးကြီးပိုင်းတွေ အကျင့်ပျက် ခြစားတာတွေတော့ တတ်နိုင်သမျှ နည်းနိုင်သမျှ နည်းနည်းပဲ ဖော်ပြခဲ့ကြပါတယ်။
တရားစီရင်ရေးကသာ အုပ်ချုပ်ရေးရဲ့ မတရားမှုတွေကို တည့်မတ်အောင် ဆောင်ရွက်နိုင်ခဲ့မှုတွေကို သာဓကယူပြီး တရားစီရင်ရေးရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေကို အုပ်ချုပ်ရေးပိုင်း တနည်းအားဖြင့် နဝတ/နအဖ ထိပ်ပိုင်းခေါင်းဆောင်တွေ ဝန်ကြီးတွေထက် ရာထူးနိမ့်သူ ဒါမှမဟုတ် သြဇာနာခံတဲ့သူတွေကိုပဲ နေရာပေးခဲ့တယ်။
ဥပဒေကျွမ်းကျင်သူတွေ၊ တရားစီရင်ရေးကို နားလည်သူတွေကိုတော့ လိုအပ်သလို အသုံးတော်ခံရအောင် ထားတယ်။ အထက်ရောက်နေတဲ့ စစ်ဗိုလ်တရားသူကြီးတွေအပြင် အလယ်အလတ် အပါးတော်မြဲ စစ်ဗိုလ်တွေကလည်း ရာထူးယူဖို့၊ နေရာယူဖို့၊ အတွင်းသတင်းပေးဖို့ အတူတကွ ပါလာကြပါတယ်။
နဝတ/နအဖ ခေတ်မှာ အာဏာရှင် စစ်ဗိုလ်တွေ၊ အာဏာရစစ်ဗိုလ်တွေ အပေါင်းပါတွေ၊ အပါးတော်မြဲတွေရဲ့ အသုံးချခံ တရားစီရင်ရေးဟာ အာဏာရှင်တွေ စိတ်တိုင်းကျရေးဆွဲတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာလည်းပဲ အနင်းချေခံ၊ အသုံးချခံပါပဲ။ စဉ်းစားကြည့်လေ၊ ခေတ်အဆက်ဆက် တရားစီရင်ရေး ဆောင်ရွက်ခဲ့တဲ့ တရားရုံးချုပ် အဆောက်အဦကို ဟိုတယ်လုပ်လိုက်တယ်၊ နေရာ မပေးပုံများကတော့ တရားစီရင်ရေးဆိုတာ ဟိုတယ်လုပ်ငန်းလောက် အရေးမပါဘူးပေါ့။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေလို့ အမည်တွင်စေတဲ့ ဥပဒေကို အာဏာရှင်တွေ စိတ်ကြိုက်ရေးဆွဲခဲ့ပြီး အချိန်တွေလည်း အတော်ယူခဲ့တာ မဟုတ်လား။ မပြီးနိုင်မစီးနိုင် ရေးဆွဲနေတဲ့ ဖွဲ့စည်းပုံအခြေခံ ဥဒေကြီးက ပြီးချင်တော့လည်း ချက်ချင်းပြီးသွားတာပါပဲ။ ဘယ်တုန်းကမှ ပြည်သူလူထုကို အလေးထားတာ မရှိခဲ့ပါဘူး။ အဲဒီ ဖွဲ့စည်းပုံဥပဒေကို အတည်ပြုပြန်တော့လည်း အတည်ပြုကြောင်း အမှန်မခြစ်ရင်ဖြင့် ဝန်ထမ်းဆိုရင် အလုပ်ပြုတ်နိုင်တယ်၊ အရပ်သားဆိုရင် စစ်ကြောမေးမြန်းခံရနိုင်ပြီး စီးပွားရေး၊ လူမှုရေး ဒုက္ခရောက်နိုင်တယ် … စသည်ဖြင့် စသည်ဖြင့် မကြားနိုးနား ခြိမ်းခြောက်မှုတွေပြုပြီး အတည်ပြုခဲ့ကြတာပါပဲ။
၂၀၀၈ ဖွဲ့စည်းပုံဥပဒေကို အာဏာရှင်စစ်အစိုးရက သူ့နည်းသူ့ဟန်နဲ့ အတည်ပြုပြီးတော့ ရွေးပြီးကောက်တဲ့ပွဲကြီး စပါတော့တယ်။ ဘယ်လောက်တောင်မှ ရွေးပြီးကောက်သလဲဆိုရင် ဝန်ကြီးဟောင်းတွေက ဥပဒေပြုရေးဆိုတဲ့ မဏ္ဍိုင်ကြီးရဲ့ လွှတ်တော်အမတ်တွေတဲ့၊ စီမံခန့်ခွဲရေးမဏ္ဍိုင်ဖြစ်တဲ့ သမ္မတနဲ့ အစိုးရအဖွဲ့က အပါးတော်မြဲတွေ၊ အိမ်တော်ပါတွေ၊ ဘောင်းတော်ညိမ့် စိတ်တော်သိတွေပဲ နေရာပေးထားတာသာ ကြည့်။
တရားစီရင်မှာရော ဘယ်သူတွေလဲ ကြည့်လိုက်တော့ စီမံအုပ်ချုပ်သူ၊ မူဝါဒနဲ့ ညွန်ကြားမယ့်သူက နှစ်သီးစား စစ်ဗိုလ်ကြီးများသာ ဖြစ်ကြပြီး လုပ်ငန်းဆောင်တာတွေ ချောမွေ့စေရန် ဥပဒေနားလည် ကျွမ်းကျင်သူ အရပ်သားများကို အကြံပေးစိစစ်တဲ့ အလုပ်အတွက် ရာထူးနဲ့နေရာလေးပဲ ကျေနပ်စေပါတယ်။
မြန်မာပြည်သူတွေက ၂၀၀၈ ဖွဲ့စည်းပုံနဲ့ လွှတ်တော်နှစ်ရြပ်ဖစ်တဲ့ ဥပဒေပြုအဖွဲ့၊ စီမံခန့်ခွဲရေးအဖွဲ့ဖြစ်တဲ့ဲ
သမ္မတနဲ့ အစိုးရအဖွဲ့၊ တရားစီရင်ရေးဆိုတဲ့ မဏ္ဍိုင်ကြီး ၃ ခုကို အပြောင်းအလဲကို လိုလားနေတဲ့
စိတ်ဆန္ဒတွေနဲ့ မတွန်းလှန်နိုင်တဲ့ အခြေအနေတွေကြောင့် မချစ်သော်လည်း အောင့်ကာနမ်းလိုက်ရတာပါ။
ပြည်ထောင်စု လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်က လူတွေက ပြည်သူ့ကိုယ်စားပြု ပြည်သူ့ကိုယ်စားလှယ် အစစ်အမှန်တွေ ဖြစ်ရဲ့လား။ ဘယ်သူက ဘယ်သူ့ကို ဘယ်လမ်းကြောင်းရောက်အောင် ဦးဆောင်မှုတွေ၊ တွန်းပို့မှုတွေ လုပ်နေတာလဲ။ စဉ်းစားကြည့်ကြပါဦး။
စေ့စေ့တွေးရင်တော့ ရေးရေးပေါ်လာမှာပါ။ လွှတ်တော်က တိုင်းပြည်အနာဂတ် ကောင်းစားမယ့် ဥပဒေတခုမှ မပြဋ္ဌာန်းနိုင်သေးဘူး။ အသစ် မပြဋ္ဌာန်းနိုင်လို့ ပြည်သူလူထုကို ထိခိုက်နစ်နာစေပါတယ်ဆိုတဲ့ ဥပဒေတွေ၊ ဖိနှိပ်ပါတယ်ဆိုတဲ့ ဥပဒေတွေကိုလည်း မဖျက်သိမ်းနိုင်သေးပါဘူး။ ဘာ့ကြောင့် အသစ်မပြဋ္ဌာန်းနိုင်တာလဲ၊ ဘာ့ကြောင့် မဖျက်သိမ်းနိုင်ရတာလဲ။ ထပ်ပြီး အသုံးချစရာ ရှိသေးလို့လား၊ အသုံးချဦးမှာလား။
အစိုးရအဖွဲ့ ဝန်ကြီးအသစ်တွေကိုလည်း ဘာစီမံကိန်း၊ ညာစီမံကိန်း ရှိပါသလား၊ ဘာပေးမလား၊ ညာပေးမလားလောက်သာ ဝေဖန်မေးမြန်းတယ်။ တကယ်ထောက်ပြရမယ့် အချက်တွေကျ မပါဘူး။ ဝန်ကြီးဟောင်းများက လွှတ်တော် ကိုယ်စားလှယ်ကြီးများ ဖြစ်တာကြောင့်ထင်ရဲ့ … ကိုယ်ရှုးကိုယ် ပတ်မှာစိုးပြီး အရင်ဝန်ကြီးတွေ လုပ်သွားတာပါ၊ အရင်ဝန်ကြီးတွေ အလုပ်မလုပ်တာ ဆိုတာတွေကို မသိမသာလေး ယဉ်ယဉ်ကျေးကျေး ပါးပါးနပ်နပ် မေးကြ ဖြေကြတယ်။
၈၈ အရေးအခင်းပြီးတော့ ရုံးပြင်ကနားတွေမှာ ချိတ်ထားတဲ့ ဆောင်ပုဒ်တွေကို မှတ်မိကြဦးမှာပေါ့။ လာဘ်ပေးလာဘ်ယူ ဒို့ရန်သူ၊ လာဘ်ပေးရန်မလို ဆိုတာတွေလေ။ အဲဒီလိုဆောင်ပုဒ်တွေနဲ့ စတင်ဦးဆောင်ခဲ့တဲ့ စစ်အစိုးရကြီးဟာ မျိုးချစ်စိတ်အပြည့်နဲ့ တိုင်းပြည်ကြီးကို တည်ထောင်ပြုပြင်လိုက်ကြတာ အတိုင်းတိုင်းအပြည်ပြည်က ကြွေးမြီတွေ လျော်ပစ်တာတောင်မှ မြန်မာပြည်သား တဦးမှာကြွေး ၄ သိန်းဆပ်ဖို့ ရှိနေတာပါကလား။ ပါမစ်အရောင်းအဝယ်နဲ့ လုပ်စားတဲ့ Permit economy ရဲ့ သဘောသဘာဝအတိုင်း ခွင့်ပြုချက်ရဖို့ အခွင့်ထူးခံတွေကို ချဉ်းကပ်ရင်း ချမ်းသာသူက ထားစရာမရှိ၊ ဆင်းရဲသူက စားစရာမရှိတဲ့ စီးပွားရေးကွာဟချက် မြင့်မားမှုကို ခါးစည်းခံရင်းနဲ့ ဒီအခြေအနေ ရောက်လာတာပါပဲ။
ဆိုလိုချင်တာကတော့ အဂတိလိုက်စားမှု၊ လာဘ်စားမှု၊ ဌာနတွင်း ခြစားမှု ဆိုတာတွေဟာ ရိုးရာအစဉ်အလာ ဂါရဝပြုမှု ကျေးဇူးတုန့်ပြန်မှုတွေနဲ့ ရောထွေးယှက်တင်ပြီး ရောင်းစားသူရောင်စား၊ ကောင်းစားသူ ကောင်းစားတော့တာပါပဲ။ ဒီလို တိုင်းပြည်နဲ့အဝှမ်း ညစောင့်၊ သန့်ရှင်းရေး၊ မင်းစေပြာတာအစ ရပ်ကွက်လူကြီးအလယ် ထိပ်ခေါင်အဆိုးဆုံး လာဘ်စားမှုကို အပြည့်အဝ လက်ခံကျင့်သုံးခဲ့ကြပါတယ်။ Need driven corruption & greed driven corruption စသည်ဖြင့် စီးပွားရေးပညာရှင် ဒေါက်တာ ဦးမြင့်ကလည်း ခွဲခြမ်းစိတ်ဖြာလေ့လာပြီး ရေးသားခဲ့ပါသေးတယ်။
ဒီလို ထုနဲ့ထည်နဲ့ လာဘ်စားသူတွေထဲမှာ တရားသူကြီး ဆိုသူတွေကရော ဘာသားနဲ့ထုထားလို့ ကျန်ခဲ့မှာတုန်း။ တရားသူကြီးဆိုတာက မကျေနပ်သူ နှစ်ဖက်မှာ တဖက်ကို အနိုင်ပေးဆုံးဖြတ်ရတာ များတယ်။ ဘောလုံးပွဲလို သရေကျလို့
အချိန်ပိုကန်ရတာလည်း မရှိတော့ ရှုံးသူက မကျေနပ်ကြဘူးပေါ့။ တရားစီရင်ရေး လုပ်ငန်းစဉ်ဆိုတာ များသောအားဖြင့် ရှည်ကြာတတ်တယ်။ ဒါတွေကို နားလည်သည်းခံနိုင်ဖို့ဆိုတာ ဥပဒေယဉ်ကျေးမှု (Legal Culture) ရှိမှဖြစ်မယ်။ ဥပဒေယဉ်ကျေးမှုမြင့်တဲ့ တိုင်းပြည်တွေမှာ တရားစီရင်ရေးကို အချိန်ကြန့်ကြာမှု စရိတ်မြင့်မားမှုကြောင့် “တရားခွင်ပြင်ပ တခြားနည်းနဲ့ ဖြေရှင်းမှု” (Alternative Dispute Resolution – ADR) ကို ပူးတွဲပြီး ကျင့်သုံးနေကြတယ်။
လာဘ်စားသူချင်းတူပေမယ့် တိုင်းပြည်ကို ဖွတ်ကြောပြာစု ခရုဆံကျွတ်ဖြစ်အောင်တော့ မလုပ်ခဲ့ကြပါဘူး။ လုပ်ခွင့်လည်း မရခဲ့ကြပါဘူး။ ဒါပေမယ့် ပြည်သူ့လွှတ်တော်ထဲက ပြောခွင့်လိုင်စင်ရသူ တချို့ကတော့ ပြောလိုက်ကြတာ တရားစီရင်ရေးကြောင့်ပဲ မြန်မာနိုင်ငံကြီး ချောက်ထဲက မတက်နိုင်တော့သလို။
လွတ်လပ်တဲ့ တရားစီရင်ရေးတို့၊ ဥပဒေပြုရေး၊ တရားစီရင်ရေး၊ အုပ်ချုပ်ရေးတို့ အပြန်အလှန် ထိန်းညှိရေး ဆိုတာတွေကို နားကလည်းမလည် သို့ပေမယ့် တွင်တွင်ပြောပြီး တလွဲလုပ်ဆောင်နေတာဟာ အတော်ကြီးကို စိတ်ပျက်စရာ ကောင်းပါတယ်။
သေချာ ပြန်ဆန်းစစ်မယ်ဆိုရင်ဖြင့် ၈၈ အရေးအခင်းအပြီး နဝတ/နအဖ ခေတ်မှာ ဝန်ထမ်းတွေ လာဘ်စားလို့ တိုင်းပြည်ကြီး ချောက်ထဲကျခါနီး လက်တလုံးအလိုမှာ မလွှဲမရှောင်သာသဖြင့် သိမ်းချင်၍ သိမ်းလိုက်ရတဲ့ တိုင်းပြည် အာဏာယူမှုအတွက် ဆင်တဲ့အကွက်တွေနဲ့ တူမနေပေဘူးလား။
နဝတ/နအဖ စစ်အစိုးရက ဦးနေဝင်း အစိုးရကို ကူးချပေမယ့် တချို့ကိစ္စတွေမှာကျတော့ ခေတ်ချင်းက မတူလေတော့ ပိုတာတွေရှိသလို လိုတာတွေလည်း ရှိပြန်ရော။ နိုင်ငံတကာမှာ သတင်းဖြန့်ချိရေးလုပ်ငန်းတွေ Media Business တွေရဲ့ အရေးပါအရာရောက်မှုကို ကောင်းကောင်းနားလည်ပြီး ကောင်းကောင်း အသုံးချနိုင်အောင် အသေးစိတ် အစီအစဉ်ချနိုင်ခဲ့တယ်။
ပြန်ပြီးဆန်းစစ်ကြည့်လေ၊ မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားကို အကန့်အသတ်နဲ့ ထားတယ်။ မြဝတီရုပ်မြင်သံကြားကို စစ်တပ်နောက်ခံ အင်အားနဲ့ ထူထောင်တယ်။ ပရော်ဖက်ရှင်နယ် မကျတဲ့ ဂျာနယ်တွေကို ယခင် လူကြီး သားသမီး ဆွေမျိုးရင်းခြာများ၊ ပတ်သက်ရာ ပတ်သက်ကြောင်းများက ထုတ်ဝေခွင့်ရထားတယ်။
တိုင်းပြည်ကို ကယ်တင်ချင်သူတွေ၊ စောင့်ရှောက်ချင်သူတွေကတော့ ရှေ့မျက်နှာ နောက်ထားပြီး မာနတရားကို အများအတွက်ဆိုပြီး ချိုးနှိမ်လို့ပဲဖြစ်ဖြစ် ချဉ်းကပ်ပြီး တတ်အားသရွေ့ ဆောင်ရွက်ကြပါတယ်။ ထိရောက်တာလည်းရှိရဲ့၊ မထိရောက်တာက များပါရဲ့။
ဆိုလိုချင်တာကတော့ ဂျာနယ်တွေစာစောင်တွေ ထုတ်ဝေခွင့်ကို ချုပ်ကိုင်ရတာ သိပ်ပြီးတွက်ခြေကိုက်တယ်။ လုပ်ငန်းတွေကို စိတ်တိုင်းကျ ကျော်အောင်ညာတဲ့ ကြော်ငြာတွေ ထည့်ချင်တိုင်း ထည့်လို့ရတယ်။ ဇနီး၊ ခင်ပွန်း၊ သားသမီး မြေးမြစ်တွေရဲ့ အာဏာစီးပွား ပေါင်းစည်းညီညာတဲ့ အလှူမင်္ဂလာ၊ လက်ထပ်မင်္ဂလာ၊ ဝမ်းမြောက်ကြောင်းကြော်ငြာ စတာစတာတွေကို ဝေဝေဆာဆာ မြိုင်မြိုင်ဆိုင်ဆိုင်ကြီး ကြော်ငြာလို့ ကောင်းတယ်။ လုပ်ပိုင်ခွင့်ရ သူဌေးကြီးများရဲ့ အလှူတော်မှတ်တမ်း ကမ္ဗည်းထိုးပြီး ဘွဲ့ထူးဂုဏ်ထူးတွေ၊ အဆောင်အယောင်တွေ ချီးမြောက်ကြောင်းလည်း ကြော်ငြာလို့ရတယ်။
တိုင်းပြည်ရဲ့ မဏ္ဍိုင်ကြီးလေးရပ်မှာ ဥပဒေပြုရေးက အုပ်ချုပ်ရေးကို လှမ်းကိုင်ချင်တာရယ်၊ ပြည်သူတွေအပေါ် မရိုးသားတာရယ်ကြောင့် အာဏာရှင်တွေ မုန်းတီးနာကျည်းခဲ့တဲ့ သတင်းလောကကို လက်နက်သဖွယ် အသုံးပြုပြီး ဦးနေဝင်း မုန်းတီးခဲ့တဲ့ တရားစီရင်ရေးကို နင်းချေနေတာလား၊ သို့တည်းမဟုတ် ပြည်သူတွေကို လှည့်စားနေတာလား။ ဘယ်ကိုဦးတည်ပြီး ဘာတွေလုပ်နေကြတာလဲ။
ဦးနေဝင်းက တရားစီရင်ရေးကို မုန်းသလို သတင်းသမားတွေကိုလည်း မုန်းပါတယ်။ ဘယ်လိုပင် သတင်းအမှောင်ချထားပေမယ့် တိုင်းပြည်အပေါ်၊ လူမျိုးအပေါ်၊ သတင်းပညာအပေါ် သစ္စာရှိသူတွေကြောင့် အာဏာရှင်တွေ ပြောင်းခဲ့ရတယ်။ ကံဆိုးတာက အာဏာရှင်တွေဟာ ပုဂ္ဂိုလ်တွေသာ ပြောင်းတယ်၊ အစဉ်အလာနဲ့ မူမပြောင်းတာပါပဲ။ ဦးနေဝင်းက သတင်းသမားတွေကို ထောင်ချတယ်၊ ပြည်နှင်တယ်၊ ထုတ်ဝေမှုတွေ ကန့်သတ်တယ်၊
အမွေခံ အာဏာရှင် နဝတ/နအဖက သတင်းလောကကို ဗိုင်းရပ်စ်ထည့်တယ်။
အခုအခါတော့ မဏ္ဍိုင်ကြီးလေးရပ် အမြန်တည့်မတ်နိုင်ပြီး ပြည်သူပြည်သားအကျိုး သယ်ပိုးနိုင်ကြစေချင်ပါတယ်။
(ဤအတွေးအမြင်ပါ အချက်အလက်များမှာ စာရေးသူ၏ အာဘော်သာ ဖြစ်ပါသည်)