“ဒါဘယ်သူ့မြေလဲ…ဒို့မြေ” “ဒါဘယ်သူ့မြေလဲ..ဒို့မြေ” “ဒါဘယ်သူ့နိုင်ငံ..ဒို့နိုင်ငံ” “ဒါဘယ်သူ့နိုင်ငံ..ဒို့နိုင်ငံ” “တရုတ်ကျေးကျွန်၊ အဖြစ်မခံဘူး”။ နေပူကြဲကြဲအောက် ဝမ်ပေါင်ကုမ္ပ္ပဏီရှေ့၊ ဖျင်ကြမ်းလုံခြည်၊ ရာဘာဖိနပ်ပါးနဲ့ ချည်ထည် တပတ်နွမ်း အကျႌတွေဝတ်ပြီး ခမောက်ဆောင်း ထားတဲ့ အသားညိုညို၊ ပိန်ပိန်ပါးပါး အမျိုးသမီးတွေ…။ လက်သီးလက်မောင်းတန်း ကြွေးကြော်သံတွေကို အသံကုန်ဟစ်နေတဲ့မြင်ကွင်း။ အဲဒီ ကင်မရာ ရိုက်ချက်တွေက “နိုင်ငံတော်၊ ဝက်မှေး၊ ဝမ်ပေါင်၊ ကြေးနီ” သတင်းမှတ်တမ်းရဲ့ ဇာတ်ရှိန် အမြင့်ဆုံးအပိုင်းလ့ို ဆိုရမယ်။
လူတယောက် ဒါမှမဟုတ် သတ္တဝါတကောင်ရဲ့ အဓိက အသက်ရှင်သန်မှုမှာ စားရေး၊ လုံခြုံအောင်နေရေးဆိုတဲ့ အခြေခံအချက် ၂ ခုပဲ ရှိတယ်။အခု ကိစ္စဟာ အဲဒီ ၂ ချက်လုံးကို ထိပါးလာတဲ့ သေရေးရှင်ရေး တိုက်ပွဲနဲ့ တူနေတယ်။ ရွာပေါင်း ၄ ရွာနဲ့ လယ်ဧကပေါင်း ၇၀၀ ကျော် အပါအဝင် ရွာဦးက ဘုန်းကြီးကျောင်းလေးက အစ လွန်ခဲ့တဲ့ ၂ နှစ်လောက်ကတည်းက လူသူမသိ ဖျက်ဆီးခံလိုက်ရာက ဒီဇာတ်လမ်းတွေ စလာတာပဲ။ အခုလို မီဒီယာတွေနဲ့ ထိစပ်မှုမရသေးခင် တောင် ၃၃ လုံးဖြိုချ၊ လယ်ဧက ၅ ထောင်ကျော် ဖျက်ဆီးပြီး၊ ရွာပေါင်း ၄၀ ကျော် ရွှေ့ပေးရမယ့် စီမံကိန်းဆိုတာ သူတို့ ကြိုတင် မသိခဲ့ကြဘူး။ သိလိုက်တဲ့ အချိန်မှာတော့ ပေါက်ဆိန်နဲ့ ထွင်းရတော့မယ့် အခြေဆိုက်နေပြီ။
လက်ပံတောင်းတောင် ကြေးနီသတု္တစီမံကိန်း အကျိုးဆက်ကြောင့် ဇီးတော၊ ဆည်တည်း၊ ဝက်မှေး၊ ကံတော ရွာ ၄ ရွာက တောင်သူ လယ်သမားတွေ ကြုံတွေ့နေရတဲ့ ဒုက္ခတွေကို လွန်ခဲ့တဲ့ ၂ နှစ်လောက်ကတည်းက ဒါရိုက်တာ လွင်မှိုင်းနဲ့အဖွဲ့တွေ ကင်မရာ ၆ လုံး ကိုင်ပြီး အဲဒီဒေသမှာ အချိန်ပြည့် နေထိုင် မှတ်တမ်းတင် ရိုက်ကူးခဲ့တာလို့ House of Media and Entertainment (HOME) ကုမ္ပဏီရဲ့ ထုတ်လုပ်သူလည်းဖြစ် ရုပ်သံမဂ္ဂဇင်း တာဝန်ခံလည်းဖြစ်တဲ့ လူရွှင်တော် ကိုဇာဂနာက ပြောပြတယ်။
“အခုမှ လက်ပံတောင်းတောင်၊ လက်ပံတောင်းတောင်နဲ့ ဖြစ်နေကြတာ။ တကယ့်တကယ် ဒီကိစ္စဖြစ်နေတဲ့ ၂ နှစ်လောက်ကတည်းက ရှိတဲ့ ကင်မရာလေးတွေ၊ ဟန်းဖုံးလေးတွေနဲ့ ရသမျှ မှတ်တမ်းတင်တာတွေ လုပ်ပြီး စခဲ့ရတာ၊ သူတို့ (စီမံကိန်း အလုပ်သမားတွေ) က ညမှ အလုပ်လုပ်တာ။ ဒါကို ကျနော်တို့ လူတွေလည်း လက်နှိပ်ဓာတ်မီးတွေထိုးပြီး ညပိုင်း သူတို့ အလုပ်လုပ်တဲ့အချိန် ခက်ခက်ခဲခဲ မှတ်တမ်းတင်ရိုက်ခဲ့ရတာ” လို့ ကိုဇာဂနာက ဆိုတယ်။
ပြသချိန် ၁ နာရီခွဲကျော်တဲ့ အဲဒီ ဗီဒီယို မဂ္ဂဇင်းမှာ ကဗျာ၊ ဇာတ်လမ်းတို၊ ဟာသ၊ ကာတွန်း၊ အင်တာဗျူး စတာတွေ ပါတယ်။ တခွေလုံးက အကောင်းချည်းမဟုတ်၊ ခပ်ညံ့ညံ့ရိုက်ချက်၊ တည်းဖြတ်မှုနဲ့ ခပ်ပေါ့ပေါ့ အင်တာဗျူးတို့လည်း ပါသေးတယ်။ တခွေလုံးခြုံကြည့်ရင် အဆိုးကြီး မဟုတ်သလို အကောင်းစားကြီးလည်း မဟုတ်။ ဝက်မှေး ဝမ်ပေါင် ကြေးစင်တောင် မှတ်တမ်းဟာ ရိုက်ကူးသူတွေရဲ့ အပင်ပမ်းခံ ရိုက်ချက်တွေ၊ စိတ်စေတနာနဲ့ တင်ပြမှုတွေ၊ အားကောင်းတဲ့ အင်တာဗျူးတွေကြောင့် ရုပ်လုံးကြွခဲ့ပေမယ့် တည်းဖြတ်မှုညံ့တယ်။ ပြီးတော့ သတင်းမှတ်တမ်း (News Documentary) အဆင့်ပဲ ရှိတယ်။ မှတ်တမ်းတင် သတင်းရုပ်ရှင် (Documentary Film) ဆိုတဲ့ အဆင့်တော့ မရှိသေးဘူး။ Documentary Film လက္ခဏာပြည့်ဖို့ဆိုရင် သမိုင်းနောက်ခံနဲ့ မှတ်တမ်းမှတ်ရာ အချက်အလက်တွေ လိုတယ်၊ ဘက်စုံ ထောင့်စုံက အင်တာဗျူးတွေ ပါရမယ်။ တောင်သူတွေအပြင် သက်ဆိုင်ရာ တရုတ်ကုမ္ပဏီ အရာရှိတွေ၊ မြန်မာ အာဏာပိုင်တွေ၊ သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားတွေ၊ သံဃာတော်တွေနဲ့ သုတေသီတွေ ပါသင့်တယ်။
အစိုးရ စီမံကိန်းတွေ၊ လူမှုရေး ကျန်းမာရေး ကလေးသူငယ်နဲ့ အမျိုးသမီးရေးရာ အလုပ်သမားပြဿနာ စတဲ့ အကြောင်းအရာတွေကို နောက်ခံသမိုင်း အချက်အလက်စုံ ရှုထောင့်စုံ၊ အကျိုးနဲ့အပြစ် အကောင်းနဲ့အဆိုးကို အချိန်တိုတိုလေးမှာ ကြည့်ရှုသူတွေ သေချာသိသွားဖို့ Documentary သတင်းမှတ်တမ်းတွေ လိုပါတယ်။
စစ်အာဏာရှင်ခေတ် တလျှောက်လုံး အစိုးရ ဝါဒဖြန့်မှတ်တမ်းတွေ၊ စေတီပုထိုးနဲ့ ကမ္ဘာလှည့် ခရီးသွားတွေအတွက် ရည်ရွယ်တဲ့ ရုပ်သံမှတ်တမ်း စတာတွေပဲ တွေ့ခဲ့ရတယ်။ နောက်တော့ ၁၉၈၈ အရေးခင်းအပြီး Barefoot Students Army (ဖိနပ်မဲ့ကျောင်းသားစစ်သည်) လို မှတ်တမ်းခွေတွေ ပေါ်လာတယ်။ နောက်ပိုင်း ဘီဘီစီ၊ စီအင်န်အင်န်နဲ့ အယ်လ်ဂျားဇီးယားတို့လို မီဒီယာတွေက ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကင်းမဲ့မှုတွေ၊ ၂၀၀၇ ရွှေဝါရောင်မှာ ဘားမား VJ လို မှတ်တမ်းရုပ်ရှင်တွေအထိ နိုင်ငံတကာအာရုံကို ဖမ်းစားနိုင်ခဲ့တဲ့ မှတ်တမ်းတင်ရုပ်သံတွေ ပေါ်လာခဲ့တယ်။ ဒါပေမယ့် အများအားဖြင့် နိုင်ငံခြားသားတွေ လုပ်ကြတာဖြစ်တယ်။ နိုင်ငံတကာက နယ်စပ်က ပြည်သူတွေ၊ ဒုက္ခသည်တွေ၊ ခလေးငယ်တွေ၊ ဒုက္ခသည်စခန်းတွေ၊ အမျိုးသမီးတွေဘဝကို ပိုသိနိုင်အောင် အားထုတ်တဲ့ မှတ်တမ်းခွေတွေ ဖြစ်တယ်။
အခြေခံလူတန်းစား ဘဝသရုပ်ဖော် မှတ်တမ်းခွေတွေ၊ ဇာတ်လမ်းတိုတွေ လည်း ပြည်တွင်းမှာ ပေါ်ခဲ့ဖူးတယ်။ “ထူးထူးခြားခြား သတိထားမိတာက ၁၉၈၅ ခုနှစ်က ဆရာဦးဝင်းတင်ဝင်း T&T က ရိုက်တဲ့ မြန်မာ့ယဉ်ကျေးမှု ဆိုင်ရာတွေ၊ ခရီးသွား လှည့်လည်မှု အစီအစဉ်တွေ၊ ပုဂံနဲ့ နိုင်ငံတဝှမ်းစေတီပုထိုး သမိုင်းတွေ၊ AV မီဒီယာ (Audio-Vitual Media) ဆိုပြီး လုပ်တာ တော်တော်ကောင်းတယ်။ ခက်တာက အဆင့်ဆင့်သော ဆင်ဆာများရဲ့ ဒုက္ခပေးမှုကြောင့် အရင်းတောင် ပြန်မရနိုင်ဘဲ အညွန့်ကျိုးသွားတယ်” လို့ ကိုဇာဂနာက ရှင်းပြတယ်။
အခု နောက်ပိုင်း ရန်ကုန်ဖလင် ကျောင်းဆင်းတွေအပါအဝင် လူသစ်တန်းတွေက အခြေခံလူတန်းစား ဘဝတွေကို ရိုက်ကူးတင်ပြတာ သိပ်ကောင်းတယ်။ တင်ပြပုံ၊ ရိုက်ချက်၊ တည်းဖြတ်ပုံ၊ နောက်ခံအသံတွေ အဆင့်အတန်းရှိတယ်။ ခက်တာက အဲဒီလို မှတ်တမ်းခွေတွေဟာ ဝါသနာပါသူ၊ အားပေးသူ အသိုင်းအဝိုင်း သေးသေးလေး ကြားထဲကနေ ကျယ်ကျယ်ပြန့်ပြန့် ထွက်မလာနိုင်သေးဘူး။ အားပေးအားမြှောက်ပြုပေးမယ့် နယ်ပယ် မရှိသေးဘူး။
အခု တပြည်လုံး အုံးအုံးကြွက်ကြွက် ဖြစ်နေတဲ့ လက်ပံတောင်းတောင်လို၊ ဧရာဝတီမြစ်ဆုံလို၊ အစိုးရစီမံကိန်းတွေ အကျိုးဆက်တွေကို Documentary Film တွေက ထိရောက်တဲ့ ကဏ္ဍကနေ ဆောင်ရွက်နိုင်တဲ့ အခြေအနေတွေရှိပါတယ်။ ကျနော်တို့ အိမ်နီးချင်း အိန္ဒိယနိုင်ငံက လှုပ်ရှားမှုပုံစံကို သတိရမိတယ်။ အိန္ဒိယရဲ့ ပြည်နယ်ကြီး၂ခုဖြစ်တဲ့ Madhya Pradesh နဲ့ Maharashtra ပြည်နယ်တွေကို ဖြတ်သန်းစီးဆင်းနေတဲ့ နာမာဒါးမြစ် (Narmada River) နဲ့ နာမာဒါးဆည် စီမံကိန်းအကြောင်းပါ။
အိန္ဒိယရဲ့ မြစ်ကြီး ၅ သွယ်မှာ ပဉ္စမမြောက် အရှည်ဆုံးမြစ် မိုင် ၈၀၀ ကျော်ရှည်ပြီး အိန္ဒိယတောင်နဲ့မြောက် နယ်စည်းခြားထားတယ်။ ဟိမဝန္တာတောင်ကို မြစ်ဖြားခံ စီးဆင်းလာတဲ့ နာမာဒါးမြစ်နဲ့ ထိစပ်တဲ့ လွင်ပြင်ဧရိယာက စတုရမ်းမိုင် ၆ သောင်းခွဲကျော်တယ်။ ကျယ်ပြန့်တဲ့ လယ်ယာတွေ၊ တောင်တွေ၊ တောတွေ၊ သစ်ကြီးဝါးကြီး၊ရေတံခွန်တွေ၊ တောရိုင်းတိရိစ္ဆာန် မျိုးစိတ်ထောင်နဲ့ချီ ကျက်စားတဲ့အရပ်ကို အစိုးရက ရေကာတာဆောက်တယ်။ ကြီးမားတဲ့ ရေအားလျှပ်စစ် စီမံကိန်းကြီးပါ။ ကမ္ဘာ့ဘဏ်က ဒေါ်လာသန်း ၄၅၀ ချေးပြီး ဆောက်တယ်။ အကျိုးဆက်က သစ်တောတွေနဲ့ လယ်မြေဧက သန်းနဲ့ချီ ပျက်ဆီးခဲ့တယ်။ လယ်သမား ၃ သိန်းကျော် အိုးအိမ်မဲ့ ဖြစ်ကုန်တယ်။
စီမံကိန်းဦးဆောင်တဲ့ အစိုးရနဲ့ ပြည်နယ်အစိုးရ အဖွဲ့တွေရဲ့ အလွဲသုံးစားမှု ၊ လာဘ်စားမှုတွေက ဒုနဲ့ဒေး။ ၁၉၈၀ လောက်စလို့ အငြင်းပွားနေတာ အခုထိ မပြီးသေးဘူး။ ရေကာတာကြီး ပြီးသွားပေမယ့် မူလစီမံကိန်း အတိုင်း ပြည်နယ် ၄ ခုအတွက် ရေအားလျှပ်စစ်က မလုံလောက်။ သောက်သုံးရေ ပြဿနာက မပြေလည်။ ဆင်းရဲမှုပြဿနာ၊ ကျန်းမာရေးပြဿနာ၊ အလုပ်လက်မဲ့ ပြဿနာတွေလည်း မပြတ်။ နောက်ပိုင်း အစိုးရဝန်ကြီးတွေက အဖြစ်အပျက်ရဲ့ သမိုင်းတောင် မသိတော့ဘူး။
ဒါတွေကို လွန်ခဲ့တဲ့ နှစ် ၂၀ ကျော်ကတည်းက လူထုလူတန်းစားတွေရဲ့ လက်ရှိအခြေအနေတွေ၊ သမိုင်းကြောင်းတွေနဲ့ နစ်နာမှုတွေ ဘေးထွက်ဆိုးကျိုးတွေကို မှတ်တမ်းခွေတွေ ရိုက်ကူးတယ်။ လူထုအခြေပြုအဖွဲ့အစည်း NGO တွေ၊ လူထုလှုပ်ရှားမှု မှတ်တမ်းတင် အဖွဲ့တွေ၊ လှုပ်ရှားမှုဖော်ဆောင်ရေး အဖွဲ့တွေ၊ မီဒီယာတွေ၊ အစိုးရ အတိုက်အခံ နိုင်ငံရေးအဖွဲ့တွေ၊ ပါတီနဲ့အမတ်တွေ ပူးပေါင်းပြီး လှုပ်ရှားတယ်။ Video Press Show သတင်းစာရှင်းလင်းပွဲတွေ လုပ်တယ်။ ပါလီမန်အမတ်တွေကို ချဉ်းကပ်စည်းရုံးတယ်။ ပါလီမန်တွင်း အခြေအတင် ဆွေးနွေးပွဲတွေ၊ ဆုံးဖြတ်ချက်တွေ ပေါ်လာအောင် ဝိုင်းဝန်းကြတယ်။ အဲလို ပြည်သူ၊ မီဒီယာနဲ့ နိုင်ငံရေးသမားတွေ ဟန်ချက်ညီညီ ပူးပေါင်းလှုပ်ရှားတော့ အစိုးရက ပြသနာကို မဖြစ်မနေ ဖြေရှင်းပေးရတော့တယ်။
ကျနော်တို့ မြန်မာတွေ ဗီဒီယိုတို့၊ ရုပ်ရှင်တို့ဆိုရင် စိတ်အပမ်းဖြေစရာ၊ ပျော်စရာ ဇာတ်လမ်း ဇာတ်ကွက်တွေနဲ့၊ မင်းသမီး၊ မင်းသားချောချော၊ အဝတ်အစား လှလှ တောက်တောက် ပြောင်ပြောင်တွေကိုပဲ သဘောကျ တတ်တာကလည်း မဆန်းပါဘူး။ စိတ်ထွက်ပေါက်ကလည်း ဒါပဲရှိတာကိုး။ နုံချာချို့တဲ့ပြီး ထမင်းကြမ်းကို ဇီးထုတ်လေးနဲ့ ဟင်းလုပ်စားနေရပေမယ့် ကိုရီးယား မင်းသမီး မင်းသား ချောချောတွေနဲ့ ထည်ဝါတဲ့ လူနေမှုပုံစံတွေကို ကြည့်ပြီး စိတ်ကူးယဉ်ကြရတဲ့ ဘဝ။ ကိုယ့်ဘ၀ ဆင်းရဲမွဲတေမှုကို စိတ်ဆင်းရဲခံပြီး ပြန်ကြည့်မှာလည်း မဟုတ်။
ဘယ်လိုပဲဖြစ်ဖြစ် မျှော်လင့်စရာ အကောင်းတခုက မနှစ်က ကိုဇာဂနာတို့ ဦးဆောင်ပြီး ဒေါ်အောင်ဆန်းစုကြည် သိဒိ္ဓတင်ပေးလိုက်တဲ့ “လွတ်လပ်ခြင်း အနုပညာ ရုပ်ရှင်ပွဲတော်” အပြီး ရွက်ပုန်းမှတ်တမ်းခွေတွေနဲ့ ဇာတ်လမ်းတိုတွေ အလျှိုလျှိုပေါ်လာတာပါ။ ဒီအတွက် ကိုဇာဂနာနဲ့ အားထုတ်နေသူတွေကို ကျေးဇူးတင်ရမယ်။ အဲဒီ လှုပ်ရှားမှုဟာ မြန်မာပြည်ရဲ့ Documentary Film နဲ့ Short Film တသစ်ဆန်း ဦးမော့စေဖို့ နိဒါန်းဖြစ်လိမ့်မယ်။
“လုပ်စရာရှိတာက အများကြီး တပြိုင်နက်တည်း မျိုးဆက်သစ်တွေပါ မွေးထုတ်ရင်း အလုပ်တွဲလုပ်ကြတယ်။ ကျနော်တို့ထက် တော်တဲ့သူတွေတောင် ရှိနေပြီ။ ဒါဟာ တိုင်းပြည်အတွက် ဝမ်းသာစရာပေါ့” လို့ ကိုဇာဂနာကလည်း ပြောတယ်။ Documentary ပါဝါနဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ်က ပြဿနာတွေကို ဒီနေ့မီဒီယာလောကက လူငယ်တွေ ထိထိရောက်ရောက် မီးမောင်းထိုးနိင်မယ်လို့ မျှော်လင့်မိပါတယ်။