“ဒိုင်း … ဒိုင်း … ဒိုင်း”
“ဒုန်း … ဒုန်း … ဒုန်း”
“ဝုန်း … ဝုန်း … ဝုန်း”
ကချင်ဒေသတွင် သေနတ်သံများ၊ အမြှောက်သံများ ဆူညံပွက်လောရိုက်နေသည်။ နေရာတကာ ပါလိုက်ရမှ ဆိုသော ဦးရုက္ခစိုးနှင့်အဖွဲ့ထိုဒေသသို့ ရောက်နေ၏။ ထိုနေရာတွင် သူတို့ထက်ဦးစွာ ရောက်နေသူမှာ သမ္မတ ဦးသိန်းဇိမ်ဖြစ်သည်။
“အပစ်ရပ် … အပစ်ရပ် … လို့ဆို” ဟူ၍ သမ္မတက အော်နေသော်လည်း သူ့အသံကို ဘယ်သူမှမကြား။ အော်ရတာ မောသွားသော သမ္မတက တိုက်ပွဲကို ငုတ်တုတ်ထိုင်ကြည့်နေ၏။
ထိုစဉ် “ငြိမ်းချမ်းရေးအတွက် သီချင်းတပုဒ်ရှိနေမယ် … ငြိမ်းချမ်းရေးအတွက် သီချင်းတပုဒ်ရှိနေမယ်” ဟူ၍ အသံသေး အသံကြောင် ပေါ်ထွက်လာ၍ ကြည့်လိုက်ရာ ယမ်းငွေ့များကြားတွင် ပုတက်တက် လူတဦးကို တွေ့လိုက်ရသည်။ တခြားသူ မဟုတ်၊ ပြန်ကြားရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးတာဝန် ပူးတွဲယူထားရသော ပြည်ထောင်စုဝန်ကြီး ဦးဆော်ကြမ်းဖြစ်သည်။
ရုက္ခစိုး။ ။ သူများတွေ ပစ်နေခတ်နေချိန်မှာ ဘယ့်နှယ် သီချင်းဆိုနေရာတုန်း ဝန်ကြီးရာ။ တော်တော် အူမြူးနေတယ် ထင်တယ်။
ဆော်ကြမ်း။ ။ မြူးတာပေါ့။ မြန်မာပြည်မှာ မျောက်မျိုးစိတ်သစ် တမျိုးတွေ့ပြီလေ။
ဖိုးရှုပ်။ ။ အဲဒါက ဘာအရေးကြီးလို့လဲ … ဟိုမှာ ပစ်နေပြီဗျ။ ပြောဦးလေ။
ဆော်ကြမ်း။ ။ ကျုပ်ပြောလို့ ဘယ်ရမလဲ။ သမ္မတတောင် ပြောမရတာ။ ပြောမရမယ့်အတူတူ လွှတ်သာထားလိုက်။
သိန်းဇိမ်။ ။ အိန္ဒြေရရ နေစမ်းပါ ဆော်ကြမ်းရာ။ ဘယ်လိုဖြစ်နေတာလဲ။
ဆော်ကြမ်း။ ။ သမ္မတကြီးကလည်းလေ … ကျနော်က သီချင်းလေးဆိုပြီး ငြိမ်းချမ်းရေးအတွက် ပံ့ပိုးပေးနေတာပါ။ ဒါနဲ့ မျောက်မျိုးစိတ်သစ် တမျိုးတွေ့ပြီနော်။
သိန်းဇိမ်။ ။ မျောက်မျိုးစိတ်သစ် တမျိုးထပ်တွေ့တာများ မင်းရဲ့ မတွေ့တာကြာတဲ့ ဆွေဟောင်းမျိုးဟောင်း ထပ်တွေ့တာ ကျနေတာပဲ။ ဘယ်နှခါပြောဦးမလို့လဲ။
ဆော်ကြမ်း။ ။ အခါတရာမက ပြောချင်တာ။ မြန်မာပြည်မှာ ကျနော် ယဉ်ကျေးမှုဝန်ကြီး တာဝန်ယူနေတဲ့ကာလ အတွင်း မျောက်မျိုးစိတ်သစ်ကို ထပ်တွေ့တာ ဆိုတော့ ဒီမျောက်ကို ဆော်ကြမ်းလို့ နာမည်ပေးရမှာဗျ။
ကြွက်စုတ်။ ။ မရတော့ဘူး … အဲလဗစ် ပရက်စလေ ဆံပင်ပုံစံနဲ့ တူလို့ အဲလဗစ်လို့ ပေးလိုက်ပြီ။
ဆော်ကြမ်း။ ။ ဒါလေးများ … ဒီမျောက်ကို ကျုပ်ဆံပင်နဲ့တူအောင် အလှဖန်တီးရှင်တွေကို ခိုင်းလိုက်ပြီး ဆော်ကြမ်းလို့ နာမည်ပြောင်းလိုက်မှာပေါ့။
သိန်းဇိမ်။ ။ ဒုက္ခပါပဲကွာ … ဒီမှာ ငြိမ်းချမ်းရေးအတွက် အလုပ်လုပ်နေပါတယ် ဆိုမှ သူက တမှောင့်။
ကချင်ဒေသတွင် တဒုန်းဒုန်းနှင့် ပစ်နေဆဲဖြစ်သည်။
ရုက္ခစိုး။ ။ အပစ်ရပ်လို့ ဒီတိုင်းအော်နေရုံနဲ့တော့ မပြီးဘူးထင်တယ်နော် ဦးသိန်းဇိမ်။
သိန်းဇိမ်။ ။ မအော်လို့ … ကြားကနေ ဝင်တားလည်း ကျုပ်ပါ ပစ်ခံရလိမ့်မယ်လေ။ ဘယ်လိုလုပ်ရမလဲ။
ဖိုးရှုပ်။ ။ ဒါကတော့ ကချင်နဲ့ ထပ်ဆွေးနွေးမယ် ဆိုတဲ့အတိုင်း ထပ်ပြီး အသေးစိတ် ဆွေးနွေးရမှာပေါ့။ သူတို့ဘက်ကလည်း ပစ်ချင်လို့ ပစ်နေရတာမှ မဟုတ်ဘဲ။ သူတို့ လိုချင်တဲ့ပုံစံကို ညှိညှိနှိုင်းနှိုင်းနဲ့ ဆွေးနွေး ပေးမှပေါ့ဗျာ။
သိန်းဇိမ်။ ။ စိတ်ညစ်ပါတယ်။
ရုက္ခစိုး။ ။ စိတ်ညစ်နေလို့လည်း ပြီးမှာမဟုတ်ဘူး။ ဒုက္ခသည်တွေက တနေ့တခြား တိုးလာနေပြီ။ တတိုင်းပြည်လုံး အတိုင်းအတာနဲ့ အပစ်ရပ်ဖို့ ကြေညာမှပေါ့။
သိန်းဇိမ်။ ။ အဲဒီလိုလုပ်ဖို့က ကျုပ်တယောက်တည်းနဲ့ မပြီးဘူးလေ။ စစ်တပ်ကိုလည်း ပြောပြီးပြီပဲ။ ပြောလို့မှ မရတာ။
သမ္မတက စိတ်ပျက်လက်ပျက် ညည်းနေစဉ် ဦးဆော်ကြမ်းက “နောက်ဆုတ်ဖို့ ကြိုးစားရင်း ရှေ့တိုး … မိ” ဆိုသော သီချင်းကို အသံပြာကြီးဖြင့် အော်ဆိုပြန်သည်။
သိန်းဇိမ်။ ။ တိတ်တိတ်နေပါဆို … မောင်ဆော်ကြမ်းရယ်။ သီချင်းပဲ ဆိုနေတာပဲ။ မင်းအသံက မျောက်မင်းအူသံနဲ့ တူနေပြီ။
ဆော်ကြမ်း။ ။ ပျော်လို့ပါ သမ္မတကြီးရယ်။ မြန်မာပြည်မှာ မျောက်မျိုးစိတ်အသစ် ထပ်တွေ့တာ ပေါ့သေးသေးတော့ မဟုတ်ဘူးနော်။ ကမ္ဘာမှာ မြန်မာဟေ့လို့ အော်နိုင်တော့မယ်။
သိန်းဇိမ်။ ။ မင်းရဲ့ မျောက်က ဒီလောက်တောင် အရေးကြီးနေလား၊ ဒီမှာ ပြည်တွင်းငြိမ်းချမ်းရေး ရအောင် ဘယ်လို လုပ်ရမှန်းမသိ ဖြစ်နေရတဲ့ကြားထဲ။
သမ္မတက စိတ်ဆိုးဟန်ဖြင့် အော်လိုက်ရာ ဦးဆော်ကြမ်းက အနည်းငယ် ကိုယ်ရှိန်သတ်သွားသည်။ သို့သော် မျောက်က ကသလို တွန့်လိမ် ကနေတာကိုတော့ မရပ်။
သိန်းဇိမ်။ ။ နေပါဦး မောင်ဆော်ကြမ်းရယ် … မင်းက မင်းလုပ်ရမယ့်အလုပ်မလုပ်ဘဲ ဘာကိစ္စ မျောက်ကို စိတ်ဝင်စား နေရတာလဲ။ ပြန်ကြားရေးတာဝန်၊ ယဉ်ကျေးမှု တာဝန်တွေ အများကြီးနော်။ စာနယ်ဇင်းကိစ္စတွေကော ပြီးပြီလား။
ဆော်ကြမ်း။ ။ စာနယ်ဇင်းကတော့ သိတဲ့အတိုင်းပဲလေ။ အကုန်လွှတ်ပေးလိုက်ရင် မျောက်သစ်ကိုင်းလွတ် ဖြစ်သွားမှာပေါ့။
ဦးရုက္ခစိုးက “လာပြန်ပြီ ဒီမျောက်” ဟု စိတ်ထဲက တွေးလိုက်သည်။
ဆော်ကြမ်း။ ။ ဘာပဲဖြစ်ဖြစ် မျောက်လည်း လျှောက်သာ ပျားလည်း စွဲသာဖြစ်အောင် လုပ်ရမှာပဲ။
သိန်းဇိမ်။ ။ ရှဥ့်လည်း လျှောက်သာ ပျားလည်း စွဲသာ လုပ်ပါကွာ။
ဆော်ကြမ်း။ ။ ကျနော်က မျောက်တွေကိုချစ်လို့ စကားပုံ အသစ်ထွင်လိုက်တာပါ။
သိန်းဇိမ်။ ။ ယဉ်ကျေးမှုကိစ္စကော။
ဆော်ကြမ်း။ ။ အဲဒါပြောမလို့ … သမ္မတကြီးက ပွမ်နေတာနဲ့ မပြောရတာ။ ယဉ်ကျေးမှုကိစ္စကတော့ မျောက်အုံးသီး ရသလိုပဲ ဟဲဟဲ။
သိန်းဇိမ်။ ။ လုပ်ပြန်ပြီ ဒီမျောက်။
ဆော်ကြမ်း။ ။ သမ္မတကြီးက ပြည်တွင်း ငြိမ်းချမ်းရေးကိစ္စနဲ့ အလုပ်ရှုပ်နေတုန်း ကျနော်က အမျိုးသား ကဇာတ်ရုံကြီးကို ပုဂ္ဂလိကဆီ လက်လွှဲရောင်းလိုက်ပြီ။
သိန်းဇိမ်။ ။ ဘာပြောတယ်။ မင်းဘာသာမင်း အဲဒီလိုလုပ်လို့ရမလား။
ဆော်ကြမ်း။ ။ သြော် သမ္မတကြီးက ပြည်တွင်းငြိမ်းချမ်းရေး ကိစ္စတွေ၊ တရုတ်နဲ့ အမေရိကန်ကြား အဆင်ပြေအောင် နေရတာတွေနဲ့ ရှုပ်နေတာမဟုတ်လား။ အဲဒါကြောင့် ကျနော့်ဘာသာ ကျနော့်နည်း ကျနော့်ဟန်နဲ့ ရှင်းပေးလိုက်တာပါ။ မဟုတ်ရင် ဒီဟာကြီးက ဒီတိုင်းထားရတာ နှမျောစရာကြီး။
သိန်းဇိမ်။ ။ ဟာ မဖြစ်သေးပါဘူး။ အမျိုးသားဇာတ်ရုံကြီးက နှစ်နိုင်ငံချစ်ကြည်ရေး အတွက် တရုတ်က ဆောက်ပေး ထားတာကွ။
ဆော်ကြမ်း။ ။ သြော် သမ္မတကြီးရယ် … မျောက်သားစားချင်ရင် မျောက်မျက်နှာမကြည့်နဲ့ ဆိုတဲ့ စကားလည်း ရှိတာပဲ ဟာပဲ ဟာပဲ ဟာကို။
ဦးဆော်ကြမ်းက ခပ်ချွဲချွဲ ပြောလိုက်ရာ သမ္မတဦးသိန်းစိန် ကျွဲမြီးတိုသွားသည်။ ထိုစဉ် …
“ဒိုင်း ဒိုင်း ဒိုင်း” “ဒုန်း ဒုန်း ဒုန်း” ဆိုသည့်အသံများ အဆက်မပြတ် ထွက်ပေါ်လာပြန်သည်။ ယမ်းနံ့များကလည်း မိုးမွှမ်နေသည်။
သိန်းဇိမ်။ ။ မင်းကိစ္စ နောက်မှရှင်းမယ် … လောလောဆယ် ငြိမ်းချမ်းရေး တည်ဆောက်မှု ကော်မတီ အရင်ဆုံး ဖွဲ့ရမယ်။
ပြောပြောဆိုဆို ဦးသိန်းဇိမ်က သူ့လက်ကိုင်ဖုန်းဖြင့် ဟိုဆက်ဒီဆက် လုပ်၍ အရေးတကြီး ဖုန်းများ ခေါ်နေသည်။
ဆော်ကြမ်း။ ။ လုပ်မနေပါနဲ့ သမ္မတရယ် … ငြိမ်းချမ်းရေး ကော်မတီတွေ၊ ငြိမ်းချမ်းရေး ကော်မတက်တွေ ဖွဲ့ပြီး မျောက်ပြဆန်တောင်းမယ့် ကိစ္စတွေ လက်လျှော့လိုက်ပါတော့။
သိန်းဇိမ်။ ။ ဘာကွ …။ ငါ အတည်လုပ်နေတာနော်၊ စိတ်တိုအောင်မလုပ်နဲ့။ မြန်မာအစိုးရ အဆက်ဆက်က မျောက်စိတ်လိုပဲ၊ အခု ငြိမ်းချမ်းမယ် လုပ်လိုက်၊ အခု ပြန်ပစ်လိုက် လုပ်ခဲ့တာတွေ များပြီ၊ တော်သင့်ပြီ။ ငါ့လက်ထက်မှာတော့ မျောက်ငါးပိ ကိုင်မိသလို တခါတည်း မပျောက်မပျက် စွဲစွဲမြဲမြဲ ဖြစ်သွားစေရမယ်။
ရုက္ခစိုး။ ။ မျောက်ဋီကာ ချဲ့တာတွေ တော်ပါတော့ဗျာ။
သိန်းဇိမ်။ ။ ကျုပ်လည်း ဆော်ကြမ်းလုပ်တာနဲ့ လူစင်စစ်က မျောက်ဖြစ်ပြီ ဦးရုက္ခစိုးရေ။ အင်းလေ တကယ်တော့ မျောက်ဖြစ်တာကမှ အေးချမ်းဦးမယ်။ တိုင်းပြည်တာဝန်လည်း မရှိဘူး၊ တိုင်းရင်းသား အရေးလည်း ပူစရာမလိုဘူး၊ ပြည်တွင်းစစ်ကိစ္စလည်း ဖြေရှင်းစရာ မလိုဘူး၊ နိုင်ငံရေးအကျဉ်းသားတွေလည်း လွှတ်စရာမလိုဘူး၊ အရင် အစိုးရ အဆက်ဆက်က ရှုပ်ထားသမျှ ရှင်းဖို့လည်း မလိုဘူး … ဘယ်လောက်ကောင်းလဲ။ အခုတော့ သိန်းဇိမ်တို့ ဒီမိုကရေစီ လမ်းပေါ်ရောက်အောင် တွယ်တက် နေရတာ မျက်ဖြူဆိုက်နေပြီ၊ ထိပ်လည်း ပိုပြောင်နေပြီ။ မျောက်က ဒီမိုကရေစီလည်း မလိုဘူးဗျ၊ မျောက်ဖြစ်ချင် လိုက်တာနော်။
ဦးသိန်းဇိမ်က အမှန်တကယ် စိတ်ပျက်လက်ပျက် ပြောလိုက်ခြင်းဖြစ်သည်။ ဦးဆော်ကြမ်းကမူ ခပ်အေးအေး အမူအရာဖြင့် အင်တာနက်ပေါ်တွင် နာမည်ကြီးနေသည့် “မျောက်ဖြစ်ချင်တယ်” သီချင်းကို ညည်းရင်း သူ့မူပိုင် မျောက်ကကို ကွေးနေအောင် ကကာ ထိုနေရာမှ ထွက်ခွာသွားလေတော့ သတည်း။ ။
ထွေရာလေးပါး ကဏ္ဍသည် Satire ခေါ် သရော်စာ ကဏ္ဍ ဖြစ်ပါသည်။ သတင်း အချက်အလက် အမှန်များအပေါ် အခြေခံရေးသားထားခြင်း မဟုတ်ပါ။