၂၀၁၂ နိုဝင်ဘာလတွင် ကျင်းပမည့် ဆူဇူကီး ဖလားပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ခြေစစ်ပွဲဝင်ရမယ့် ကမ္ဘောဒီယား၊ ဘရုနိုင်း၊ လာအို၊ အရှေ့တီမောနှင့် မြန်မာအသင်းတို့ရဲ့ ခြေစစ်ပွဲစဉ်များကို မြန်မာအသင်းက အိမ်ရှင်အဖြစ် အောက်တိုဘာလအတွင်း ရန်ကုန်မြို့ သုဝဏ္ဏကွင်းမှာ လက်ခံကျင်းပတော့မှာ ဖြစ်ပါတယ်။
အုပ်စုပတ်လည် ခြေစစ်ပွဲစဉ်တွေထဲက အသင်း ၂ သင်း တက်ရောက်မှာဖြစ်ပြီး မြန်မာအသင်းဟာ အဖွင့်ပွဲအဖြစ် ဘရူနိုင်း အသင်းနဲ့ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ ခြေစစ် ပွဲစဉ်တွေကို အောက်တိုဘာ ၅ ရက်နေ့ကနေ ၁၃ ရက်အထိ ကျင်းပသွားမှာ ဖြစ်ပြီး အုပ်စုဗိုလ်နဲ့ ဒုတိယ ရရှိသူက ဆူဇူကီး ဖလားပြိုင်ပွဲ ယှဉ်ပြိုင်ခွင့် ရရှိမှာဖြစ်ပါတယ်။
မြန်မာ အသင်းဟာ လွန်ခဲ့သော နှစ်များအတွင်းက ရလဒ် ဆိုးများနဲ့ရင်ဆိုင်ခဲ့ရ တာကြောင့် တိုက်ရိုက်ခြေစစ်ပွဲ အောင်မယ့် အခွင့်အရေးကို လက်လွှတ်ခဲ့ရပြီး ဖိလစ်ပိုင်အသင်းက အဆင့် သတ်မှတ်ချက်အရ မြန်မာအသင်းကို ကျော်လွန်ပြီး ခြေစစ်ပွဲ ဝင်စရာမလိုဘဲ ဆူဇူကီး ပြိုင်ပွဲကို ယှဉ်ပြိုင်ခွင့်ရရှိတာ ဖြစ်ပါတယ်။
မြန်မာ့ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်က “ကျနော်တို့ရဲ့ ရည်မှန်းချက် ကတော့ ခြေစစ်ပွဲ အောင်ပြီး ဆူဇူးကီး ဖလားမှာ ယှဉ်ပြိုင်ခွင့် တနေရာ ရရှိဖို့ဖြစ်ပါတယ်” လို့ ဘန်ကောက်မှာ ပြုလုပ်ခဲ့တဲ့ ဆူဇူကီး ဖလား အခမ်း အနားမှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
အခုလာမယ့် ၂၀၁၂ ဆူဇူကီးဖလား ပွဲစဉ်တွေကို ထိုင်းနဲ့ မလေးရှားအသင်းတို့က ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပသွားမှာဖြစ်ပြီး အကယ်၍ မြန်မာအသင်းက ခြေစစ်ပွဲစဉ်တွေမှာ အုပ်စုပထမ ရရှိပါက အုပ်စု (A) ပွဲစဉ်တွေ ကျင်းပမယ့် ထိုင်းမြေသို့ သွားရောက် ကစားရမှာဖြစ်ပြီး အုပ်စု ဒုတိယသာ ရရှိပါက အုပ်စု (B) မလေးရှားမှာ သွားရောက်ကစားရမှာ ဖြစ်ပါတယ်။
လက်ရှိအချိန်မှာ မြန်မာ အသက် ၂၂ အောက် လူငယ်အသင်းဟာ အာရှ အသက် ၂၂ အောက်ပြိုင်ပွဲကို ခြေစစ်ပွဲ အောင်မြင်ထားပြီး လက်ရွေးစင်အသင်းမှ ဝါရင့်ကစားသမားများနဲ့ တွဲဖက်ကာ ဆူဇူကီးဖလားကို ယှဉ်ပြိုင်လာဖွယ် ရှိတာကြောင့် ဒေသတွင်းနိုင်ငံတွေက ပြန်လည်စောင့်ကြည့်ရမယ့် အသင်း ဖြစ်နေပါတယ်။ လက်ရွေးစင်အသင်းကို ယခု မြန်မာ့ အသက် ၂၂ အောက် အသင်းကို ကိုင်တွယ်နေတဲ့ တောင်ကိုရီးယားနည်းပြ ပတ်ဆောင်ဟွာပဲ ကိုင်တွယ်သွားမှာဖြစ်ပြီး မြန်မာဘောလုံး ပရိတ်သတ်တွေက အရှေ့တောင်အာရှအတွင်း မြန်မာ့ဘောလုံး အသင်းအောင်မြင်မှု ပြန်လည်ရရှိဖို့ မျှော်လင့်နေကြပြီ ဖြစ်ပါတယ်။
၂၀၁၂ ဆူဇူကီးခြေစစ်ပွဲ ဝင်ရမည့်အသင်းများ
၁။ ကမ္ဘောဒီယား
၂။ အရှေ့တီမော
၃။ မြန်မာ
၄။ ဘရူနိုင်း
၅။ လာအို
၂၀၁၂ ဆူဇူကီးဖလား အုပ်စုဇယား
အုပ်စု (A)
၁။ ထိုင်း
၂။ ဗီယက်နမ်
၃။ ဖိလစ်ပိုင်
၄။ ခြေစစ်ပွဲအောင် (ပထမအသင်း)
အုပ်စု (B)
၁။ မလေးရှား
၂။ အင်ဒိုနီးရှား
၃။ စင်ကာပူ
၄။ ခြေစစ်ပွဲအောင် (ဒုတိယအသင်း)
ကိုးကား – aseanfootball.org