ဆောင်းပါး

လူထု ကြီးပွားရေး စာအုပ်တိုက် ၇၅ နှစ် ပြည့်ပြီ

This article has been converted from Zawgyi One to Unicode


ကျနော် လူထုသတင်းစာနဲ့ ထဲထဲဝင်ဝင် မရှိခဲ့ပါဘူး။ ဘာလို့လဲ ဆိုတော့ ကျနော်က ၁၉၆၀ ဝန်းကျင်ကာလမှာ မွေးဖွားခဲ့သူဖြစ်ပြီး လူထုသတင်းစာက ၁၉၆၇ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့မှာ ရပ်စဲသွားလို့ပါ။ ဒါကြောင့် ကျနော် ၇ နှစ်သား၊ ၈ နှစ်သားမှာပဲ လူထုသတင်းစာ ရပ်သွားပြီပေါ့။ ဒါပေမယ့် လူထုသတင်းစာ ကိုတော့ မှတ်မိနေပါတယ်။ ကျနော်တို့နဲ့ တဝင်းတည်းနေတဲ့ ဦးကြီးဖြစ်သူက လူထုသတင်းစာ ယူပါတယ်။

ဦးကြီး ဖတ်ဖတ်နေတဲ့ သတင်းစာကို ပထမဆုံး သတိထား မိတာက သတင်းစာနာမည် ခေါင်းစည်းပါပဲ။ “လူထု” ဆိုတဲ့ စာလုံးကို ပန်းချီလက်ရေးနဲ့ ရေးထားတာကို ငယ်ငယ် ကတည်းက သိပ်သဘောကျတာပဲ။ ဒီစာလုံးကိုမြင်လိုက်ရင်ကို အားအင်တွေပြည့်သွားသလို၊ တက်ကြွသွားသလို ခံစားလိုက်ရတယ်။ ကလေးဆိုတော့ ဘာရယ် ညာရယ်တော့ မသိဘူးပေါ့။ ပထမ ကနဦးအစ ဦးကြီးက သတင်းစာခေါင်းစည်း စာလုံးကို လက်နဲ့ ထောက်ပြပြီး ဒါဘာလဲလို့ မေးတာပါ။ ၂ တန်း ၃ တန်း အရွယ်မို့ “လူထု” ဆိုတဲ့ စာလုံးကို မဖတ်တတ်စရာ မရှိပါဘူး။ ဒါပေမယ့် “လူထု” စာလုံးပန်းချီ လက်ရေးကို ကလေးမို့ မသိဘူး။ ဦးကြီးက စာလုံးတလုံးချင်းကို လက်နဲ့ထောက်ပြီး “ဒါက ဘာစာလုံးလဲ၊ လ မဟုတ်ဘူးလား” လို့မေးလိုက်မှ ချက်ချင်း မျက်စိထဲမြင်လာပြီး “လ … ရေး နှစ်ချောင်းငင် … လူ” လို့ပြော နိုင်တယ်။ “လူ” ဆိုတာ သိတာနဲ့ တပြိုင်နက် နောက်က စာလုံးကို “ထု” လို့ ဖော်နိုင်တော့တာပေါ့။ “လူထု”။ “လူထု”။

စာရေးဆရာ ဆူးငှက်သည် “တိမ်ယံအိပ်မက် မိုးထက်နရီ” ဝတ္ထုဖြင့် အမျိုးသား စာပေဆုနှင့် ၂၀၀၆ ခုနှစ် ရွှေအမြုတေ အခန်းဆက် ဝတ္ထုရှည်ဆု ဆွတ်ခူးရရှိ ခဲ့သူဖြစ်သည်။ မန္တလေး အခြေစိုက် စာရေးဆရာ တယောက် ဖြစ်ပြီး ဧရာဝတီ ဝက်ဘ်ဆိုက်တွင် မန္တလေးနှင့် ပတ်သက်သည့် ရသဆောင်းပါးများ၊ တခြား ဂျာနယ်နှင့် မဂ္ဂဇင်းများတွင် ဝတ္ထုတို၊ ဝတ္ထုရှည်နှင့် ဆောင်းပါးများကို ဆူးငှက်အပြင် တခြားသော ကလောင်ခွဲများဖြင့်ပါ အစဉ်တစိုက် ရေးသားနေသူ ဖြစ်သည် (ဓာတ်ပုံ – The Nature)

အဲဒီ “လူထု”  စာလုံးက မျက်စိထဲမှာ စွဲသွားတယ်။ စွဲရုံတင်မကဘဲ ကြိုက်သွားတယ်။ လူထု သတင်းစာကို ၄၊ ၅၊ ၆ နှစ်သား အရွယ် ကျနော်က မှတ်မိသွားပြီး အခါကြီးရက်ကြီးတွေမှာဆိုရင် သတင်းစာမျက်နှာဖုံးမှာ ပန်းချီသရုပ်ဖော်ပုံတွေ ပါတော့ ဒီပုံတွေကိုလည်း သဘောကျနေတယ်။ အရောင်က စိုစို…။ တခါတရံ ထူးထူးဆန်းဆန်း အရောင်တွေနဲ့ ရုပ်ပုံတွေက အမြင်ဆန်း နေတယ်။ ပန်းချီ ဝါသနာပါစ ကျနော့် အဖို့ ဒီပန်းချီပုံတွေ ကူးဆွဲရတာ သဘောကျနေတယ်။ “လူထု” ဆိုတာ အမြင်ဆန်းတဲ့အရာ၊ တက်ကြွစေတဲ့အရာ၊ ကြည်နူး ဗဟုသုတ ရစေတဲ့အရာ … လို့ ကလေးတယောက်ရဲ့ အသိဉာဏ်ထဲမှာ စွဲမှတ်သွား ခဲ့တာပါပဲ။

လူထုသတင်းစာ ရပ်နားသွားပြီးတဲ့နောက် အလယ်တန်း၊ အထက်တန်း ကျောင်းသားဘ၀ စာလေးပေလေး ဖတ်ချင် ရှိလာလို့ ဦးလေးတွေ၊ အကိုတွေရဲ့ စာအုပ်စင်ပေါ်မွှေကြည့်တော့ ငယ်ငယ်က စွဲလန်းခဲ့တဲ့ “လူထု” တံဆိပ်နဲ့ စာအုပ်တွေကိုပဲ ဦးစားပေးကာ ယူကြည့်မိတယ်။ ပိုပြီး အဆင်ပြေသွားတာက အဲဒီအချိန် စာအုပ်စင်ပေါ်က တွေ့ရတဲ့ “လူထု” တံဆိပ်နဲ့ စာအုပ်အများစုက ပုံပြင်စာအုပ်တွေဆိုတော့ ပိုပြီး အံကိုက်ဖြစ်သွားတာပေါ့။ ပုံပြင်တွေ ဖတ်ပြီးတာနဲ့ “လူထု” တံဆိပ်နဲ့ စာအုပ်တွေ ဆက်ဖတ်ဖြစ်တာက “ကျနော်….” အစချီ စာအုပ်တွေပါ။ “ကျနော် မြင်းသမား”၊ “ကျနော် ဗျူရိုကရက်” စသည် ….။ နောက် … ကိုယ်က သဘင်လေး၊ ဂီတလေး ဝါသနာပါပြန်တော့ ဒေါ်ဒေါ် လူထုဒေါ်အမာရဲ့ စာအုပ်တွေကို လက်မလွှတ် နိုင်ခဲ့တော့ပါဘူး။ ပြောရရင် အခုထက်ထိ ခေါင်းအုံးဘေးမှာ ထားအိပ်ကာ တစွတ်စွတ် ဖတ်နေ ရဆဲပါပဲ။ ကျနော့် စာပေဘဝအတွက် အင်အားတွေ ဖြစ်စေခဲ့တဲ့ “သောင်းပြောင်းထွေလာ ရေးချင်ရာရာ” စာအုပ်တွေ၊ “အရက်သမား အမှားတထောင်”၊ “ဘိန်းဖြူသမား အမှားကမ္ဘာ” စာအုပ်တွေ။ လူထုဒေါ်အမာရဲ့ စာအုပ်တွေ။ မောင်မဲ- ခရီးသွား ဆောင်းပါးများ၊ ရွှေကိုင်းသား -မန္တလေး ……. စတဲ့ … စတဲ့ စာအုပ်တွေ။

ဒီတော့ “လူထု” ဆိုတဲ့ ဒီဇိုင်း တံဆိပ်လေးနဲ့ ပါတဲ့စာအုပ်ဆိုရင် ကိုယ့်အတွက် အသုံးတည့်တယ်၊ အကျိုးရှိတယ်၊ အထောက်အကူ ဖြစ်တယ် ဆိုတဲ့ ယုံကြည်မှု တခု ရရှိပါတော့တယ်။ ဒီမှာ စကားစပ်လို့ ပြောရရင် … ၁၉၃၈ ခုနှစ် ဝန်းကျင်က စတင်တီထွင် အသုံးပြုခဲ့တဲ့ ဒီ “လူထု” ဆိုတဲ့ ဒီဇိုင်းတံဆိပ်ဟာ အခုထက်ထိ ခေတ်မီနေတုန်းပါပဲ။ ဒီ ဒီဇိုင်းကို ရေးဆွဲပေးသူက ပန်းချီဆရာကြီး ဦးဘရင်ကလေး လို့လည်း သိရပါတယ်။ အလားတူ ၁၉၂၅ ဝန်းကျင်က ပန်းချီဆရာကြီး ဦးဘသက် တို့ရေးဆွဲခဲ့တဲ့ “မြို့မ” ဆိုတဲ့ မြို့မ တူရိယာ အသင်းရဲ့ တံဆိပ်ကလည်း အခုထက်ထိ ခေတ်မီနေဆဲပါ။

တကယ်တော့ “လူထု” ရဲ့ မူလအစဟာ “ကြီးပွားရေး” ဖြစ်ပါတယ်။ ကြီးပွားရေး စာအုပ်တိုက်ကို ၁၉၃၈ ခုနှစ် ဇူလိုင်လမှာပဲ (အဲဒီအချိန်က) ကြီးပွားရေး ကိုလှက ရန်ကုန် ၃၈ လမ်း၊ အမှတ် ၂၂၇၊ မြေညီထပ်မှာ စတင်တည်ထောင်ခဲ့တာပါ။ ကြီးပွားရေး စာအုပ်တိုက်ရဲ့ ပထမဆုံး ထုတ်ဝေတဲ့ စာအုပ်က ကာတွန်းဦးဘဂျမ်းရဲ့ “ကိုပြူးနဲ့ မပြုံး” ရုပ်ပြကာတွန်း ဖြစ်ပါတယ်။ ရန်ကုန်မြို့မှာတင် “ကြီးပွားရေး” စာအုပ်တိုက်က စာအုပ် ၁၈ အုပ် ထုတ်ဝေခဲ့တယ်။ ၁၉၄၀ ပြည့်နှစ် ရောက်တော့ ကြီးပွားရေး ကိုလှက မန္တလေးသူ သပိတ်မှောက် ကျောင်းသူ မအမာနဲ့ အကြောင်းပါပြီး “ဆံထုံးနောက် သျှောင်ပါ” ကာ မန္တလေး ရောက်လာပါတယ်။ ၈၄ လမ်း၊ လက်ဆည်ကန်ရပ်မှာ ပြောင်းရွှေ့နေထိုင်ပြီး ၁၉၄၂ ခုနှစ် ဂျပန်ဝင်လာတော့  မိသားစုက မန္တလေး မြောက်ဘက် ကပိုင်ရွာမှာ ပြောင်းရွှေ့ စစ်ရှောင်နေထိုင်ရတယ်။ ကပိုင်မှာ စစ်ရှောင်ကြရပေမယ့် ကြီးပွားရေး စာအုပ်တိုက်က ထုတ်ဝေမှု မရပ်နားခဲ့ပါဘူး။ ကိုလှ – မအမာ တို့ရဲ့ သားဦးလေးအတွက် “ဆုထူးပန် ယောက်ျား” ဆိုတဲ့ စာအုပ်အပါအဝင် စာအုပ်နှစ်အုပ် ထုတ်ဝေခဲ့ပါသေးသတဲ့။

၁၉၄၅ ခုနှစ် ဇူလိုင်လမှာတော့ ကြီးပွားရေးတိုက်က “လူထုဂျာနယ်” ကို စတင် ထုတ်ဝေခဲ့တယ်။ ဂျပန်ခေတ်မှာ ထုတ်ဝေတဲ့ ဂျာနယ်ပါပဲ။ အစစအရာရာ ရှားပါးတဲ့ ခေတ်မှာ အခက်အခဲ အမျိုးမျိုးကြားကနေ ခေတ်တာဝန်ကို ထမ်းဆောင် လိုက်တာပါပဲ။ စက္ကူဖြူ မရှိတော့ မီးခြစ်ပုံး ထုပ်ပိုးစက္ကူ အပြာတွေနဲ့တောင် လူထုဂျာနယ်ကို ထုတ်ဝေခဲ့ပါသတဲ့။ လူထုဂျာနယ် ထုတ်ဝေတာနဲ့ပင် အယ်ဒီတာ ကိုလှဟာ လူထုဦးလှ ဖြစ်ခဲ့ပါပြီ။ ၁၉၅၉ ခုနှစ် ဇန်နဝါရီလမှာတော့ လူထုဂျာနယ် ရပ်နားလိုက်ပါတယ်။ လူထုဂျာနယ် ထုတ်ဝေခဲ့တဲ့ နေရာက အခု ဝင်းလိုက် ရုပ်ရှင်ရုံ ပေါက်နဲ့ တောင်ဘက်က ဦးချမ်းစားပွဲရုံ နေရာမှာပါတဲ့။

၁၉၄၆ ခုနှစ် ဧပြီ ၁၉ ရက်နေ့မှာတော့ လူထုသတင်းစာကို စတင်ထုတ်ဝေနေပါပြီ။ အယ်ဒီတာချုပ်များ အနေနဲ့ ဆရာကြီး ရွှေဥဒေါင်း၊ လူထုဦးလှ၊ လူထု ဒေါ်အမာတို့ ဖြစ်ကြပါတယ်။ လူထုသတင်းစာဟာ ဆရာကြီး သခင်ကိုယ်တော်မှိုင်း ကိုင်စွဲခဲ့တဲ့ လယ်သမား အလုပ်သမားအရေး၊ စာပေယဉ်ကျေးမှု၊ အမျိုးသားရေးနဲ့ ငြိမ်းချမ်းရေးမူ ၄ ချက်ကို တသွေမတိမ်း တလျှောက်လုံး ကိုင်စွဲခဲ့တာပါ။ ဒါကြောင့် အာဏာရ အစိုးရ အသီးသီးရဲ့ ငြိုငြင်ခြင်းကို အမြဲခံခဲ့ရပါတယ်။ ဒါကြောင့် ဆရာကြီးရွှေဥဒေါင်း၊ လူထုဦးလှ အပါအဝင် အယ်ဒီတာတွေ ထောင်ချခြင်း ခံရတယ်၊ အစိုးရက သတင်းစာတိုက်ကို မိုင်းဗုံးခွဲ ဖျက်ဆီးတာလည်း ခံခဲ့ရပါတယ်။ လူထုသတင်းစာဟာ …အဲဒီကာလ တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်စာရင်းကို ချက်ချင်းပဲ တိုက်ကနေ အသံချဲ့စက်နဲ့ ကြေညာပေးတာမျိုးကအစ … ဝါဒဖြန့် ကြော်ငြာ၊ ကာမ အားတိုးဆေးကြော်ငြာမျိုး လက်မခံတာအလယ်…၊ ပြည်တွင်းငြိမ်းချမ်းရေး၊ နယ်ချဲ့စနစ် ဆန့်ကျင်ရေး၊ ဗီယက်နမ် ကျူးကျော်စစ် ဆန့်ကျင်ရေးမျိုး အထိ ဆောင်ရွက်ခဲ့တယ်။ အလားတူ ကြီးပွားရေး စာအုပ်တိုက်ကလည်း တကယ့် အကျိုးရှိမယ့် နိုင်ငံရေး၊ စာပေ ယဉ်ကျေးမှု၊ အလုပ်သမား လယ်သမား အရေးနဲ့ ငြိမ်းချမ်းရေးဆိုင်ရာ စာရွက်စာတမ်းတွေကိုပဲ သတ်သတ်မှတ်မှတ် ထုတ်ဝေခဲ့ပါတယ်။

၁၉၆၇ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့မှာ “လူထု”သတင်းစာကို ထုတ်ဝေခွင့်လိုင်စင် ထပ်မံချထားမပေးလို့ ရပ်နားလိုက်ရတယ်။ ဒါဟာ အဲဒီအချိန် အာဏာရ တော်လှန်ရေးကောင်စီ အစိုးရရဲ့ နှိပ်ကွပ်မှုပါပဲ။ နောက် … ကြီးပွားရေး စာအုပ်တိုက်အနေနဲ့ စာအုပ်စာတမ်းတွေ ထုတ်ဝေနေမှုဟာ ၁၉၈၄ ခုနှစ် မတ်လ ဦးကျားကြီးဝင်း မီးဘေးကြောင့် ပုံနှိပ်တိုက်နဲ့ စာအုပ်ဂိုထောင် မီးထဲပါသွားပြီး သဘာဝဘေးကြောင့် အရှိန် ရပ်တန့်ခဲ့ရပါသေးတယ်။ ဒါပေမယ့် ဂျပန်ခေတ်လိုမှာပင် ကပိုင်ရွာကနေ ရရာ စက္ကူနဲ့ စာအုပ်ထုတ်ခဲ့တဲ့၊ အစိုးရက မိုင်းခွဲဖျက်ဆီးတဲ့ကြားက သတင်းစာ ထုတ်ခဲ့တဲ့ ဇွဲလုံ့လနဲ့ စေတနာကြောင့် “လူထု ကြီးပွားရေး” စာအုပ်တိုက်မှာ လူထုဦးလှ၊ လူထု ဒေါ်အမာ ဇနီးမောင်နှံ စိုက်ထူခဲ့တဲ့ အောင်လံက တလူလူ လွင့်ဆဲပါ။ ဒီနှစ် ၂၀၁၃ ခုနှစ် ဇူလိုင်လဆိုရင် “လူထု ကြီးပွားရေး” စာအုပ်တိုက် ၇၅ နှစ် သက်တမ်းပြည့်ပါပြီ။

ဒါကြောင့် အခု သြဂုတ်လ ၁၄ ရက်နဲ့ ၁၅ ရက်နေ့တွေမှာ လူထုကြီးပွားရေး စာအုပ်တိုက် တလျှောက်လုံး ရပ်တည်ခဲ့တဲ့ ပင်မနေရာ လက်ဆည်ကန်ရပ်ကွက်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း (၈၄လမ်း)၊ ၃၃ လမ်းထောင့် အမှတ် ၂၂၁ နေရာမှာ ၇၅ နှစ်ပြည့် အထိမ်းအမှတ် စာအုပ်ပြပွဲ ခင်းကျင်းပြသခဲ့ပါတယ်။ လူထုကြီးပွားရေးတိုက်က နှစ်အလိုက် ထုတ်ဝေခဲ့တဲ့ လူထု ဂျာနယ်၊ လူထုသတင်းစာ အပါအဝင် စာအုပ်စာတမ်းတွေ၊ စာရွက်စာတမ်းတွေ၊ ဓာတ်ပုံ မှတ်တမ်းတွေ ပြည့်ပြည့် စုံစုံ ပြသမှာပါ။ သြဂုတ်လ ၁၄ရက် ၁၅ရက်၊ မနက် ၉နာရီကနေ ညနေ ၅နာရီ အထိ ပြသခဲ့တဲ့ လူထုကြီးပွားရေး စာအုပ်တိုက် ၇၅ နှစ်ပြည့် အထိမ်းအမှတ် စာအုပ်ပြပွဲဟာ မန္တလေးသမိုင်း၊ မန္တလေး နိုင်ငံရေးသမိုင်းကိုပါ လှစ်ဟ ပြသ သိရှိစေမှာပါ ဆို မမှားပါဘူး။

“လူထုကြီးပွားရေး” စာအုပ်တိုက် အဓွန့်ရှည်ပါစေ။

Loading