ရန်ကုန်မြို့ကြီးမှာ ဘယ်နေရာကို ကြည့်ကြည့် ကွမ်းတံတွေးအကွက် မကင်းတဲ့ အမှိုက်ပုံးတွေ၊ အမှိုက်အပြည့်ရှိနေတဲ့ အမှိုက်ကန်နဲ့ အမှိုက်ပုံးတွေကို တွေ့မြင်ကြရမှာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ်တွေကတည်းက “ရန်ကုန်ကိုလည်း စင်ကာပူလို ဖြစ်အောင်လုပ်မယ်” ဆိုတဲ့ အစိုးရတာဝန်ရှိသူတွေရဲ့ ပြောစကားကလည်း အခုအချိန်အထိ ဖြစ်မလာသေးတာကြောင့့် ရန်ကုန်မြို့ကြီးဟာ အမှိုက်ပြဿနာအပါအဝင် ပြဿနာပေါင်း များစွာနဲ့ အရောင်မထွက်နိုင်သေးတဲ့ မြို့ကြီးတခုလို့ ဆိုရမှာပါ။
လူဦးရေ ၆ သန်းကျော်လောက် ရှိနေတဲ့ ရန်ကုန်မြို့ရဲ့ အမှိုက်စွန့်ပစ်မှုက တနေ့တခြား ပိုပြီး များပြားလာတာကြောင့် အမှိုက်တွေကို သိမ်းဆည်းပေးကြမယ့် ဝန်ထမ်းအင်အား၊ စက်ယန္တရား အင်အားတွေကို တိုးချဲ့ဖို့အရေး တာဝန်ရှိသူတွေ ပြင်ဆင်နေကြရ တယ်လို့ သိရပါတယ်။
ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီရဲ့ အဆိုအရတော့ ရန်ကုန်မြို့မှာ လူဦးရေ တိုးပွားလာတာနဲ့အမျှ တနေ့ထက်တနေ့ အမှိုက်စွန့်ပစ်မှုတွေ များလာတာကြောင့် နေ့စဉ် အမှိုက်တန်ချိန် ၁၆၀၀ ကျော် သိမ်းဆည်း နေရတယ် လို့လည်း သိရပါတယ်။
ဒါပေမယ့် အမှိုက်စွန့်ပစ်ဖို့ နေရာက လုံလောက်မှု မရှိတော့တာကြောင့် အမှိုက်ပုံတွေက စွန့်ပစ်ပြီး အမှိုက်ဆွေး၊ အမှိုက်ဟောင်း တွေကို တူးဖော်ပြီး လျှပ်စစ်ဓာတ်ထုတ်ယူဖို့ ကိုရီးယားနိုင်ငံက လာရောက် ဆောင်ရွက်တော့မယ်လို့ သိရပါတယ်။
“အမှိုက်ပစ်တဲ့သူ များလာတော့ အမှိုက်ပုံးတွေ ဝယ်ရတယ်၊ ပုံးနဲ့ပြီးသလား ဆိုတော့လည်း မဟုတ်ဘူး၊ အမှိုက်ပုံးထဲက အမှိုက်တွေ သိမ်းမယ့်ကား၊ ဝန်ထမ်းတွေကအစ ပြင်ဆင်ရတာဆိုတော့ နောက်ဆုံး ဘတ်ဂျက် အဆင့်ကို ရောက်တာပါပဲ။ အခုတော့ အစစအရာရာ တိုးမြှှင့်ဖို့ တင်ပြထားရတယ်” လို့ဒုဌာနမှူး ဦးလှဝင်းအောင်က ဧရာဝတီကို ပြောပါတယ်။
“အမှိုက်ပစ်ရတဲ့ နေရာကလည်း လုံလောက်တယ်လို့ကို မရှိဘူး” လို့ ဦးလှဝင်းအောင်က ပြောတာကြောင့် ဌာန တာဝန်ရှိသူ တွေလည်း ရန်ကုန်မြို့ရဲ့ အမှိုက်ပြဿနာအတွက် စဉ်းစားရ ကျပ်နေကြပုံရပါတယ်။
၂၀၁၃ ခုနှစ်အတွင်းက ထုတ်ပြန်ခဲ့တဲ့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနဲ့ ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး ကော်မတီ (JICA) တို့ ပူးပေါင်းပြီး ဆောင်ရွက်မယ့် ရန်ကုန်မြို့တော် အဆင့်မြှင့်တင်ရေး စီမံချက် မှာတော့ ရန်ကုန်မြို့ရဲ့ အမှိုက်ပြဿနာကို ဖြေရှင်း ဖို့အတွက် နေ့စဉ် ထွက်ရှိတဲ့ အမှိုက်တွေကို ပြန်လည်သန့်စင်တာ၊ သုံးစွဲတာတွေ လုပ်သင့်တယ်လို့ အကြံပြု ထားတာ တွေ့ရပါတယ်။
ဒါပေမယ့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ သန့်ရှင်းရေးဌာနကတော့ သူတို့ဌာနအနေနဲ့ JICA နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အစီအစဉ်တွေ မရှိသေးဘူးလို့ ဖြေပါတယ်။
ရန်ကုန်မြို့တော် အဆင့်မြှင့်တင်ရေး စီမံချက်မှာ ပါဝင်တဲ့ JICA ရဲ့ သုံးသပ်ချက်မှာတော့ နောင်လာမယ့် ၂၀၄၀ ပြည့်နှစ် ဆိုရင် ရန်ကုန်မြို့မှာရှိတဲ့ စီးပွားရေး လုပ်ငန်းတွေနဲ့ အိမ်တွေက ထွက်ရှိတဲ့အမှိုက် ပမာဏက တနေ့ကို တန်ချိန် ၁၄၀၀၀ နီးပါး ဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။
ရန်ကုန်မြို့လယ်ခေါင် ဖြစ်တဲ့ ပန်းဘဲတန်း၊ လသာ၊ ဗိုလ်တထောင်၊ ကျောက်တံတား၊ လမ်းမတော်နဲ့ ဒဂုံမြို့နယ်တွေရဲ့ လမ်းအများအပြားမှာ ဆိုရင် အမှိုက်စို၊ အမှိုက်ခြောက် နာမည်တပ်ထားတဲ့ အမှိုက်ပုံးတွေ ရှိပေမယ့်လည်း လမ်းဘေး မှာတင် ကြုံသလို ပစ်ထားတဲ့ အမှိုက်ပုံငယ်တွေ အများကြီး မြင်နေရပါတယ်။
ဒါ့အပြင် မရမ်းကုန်း၊ သင်္ဃန်းကျွန်း၊ ရွှေပြည်သာ၊ လှိုင်သာယာ၊ ဘုရင့်နောင်၊ အင်းစိန်နဲ့ မင်္ဂလာဒုံမြို့နယ် စတဲ့ မြို့နယ်တွေမှာလည်း အမှိုက်တွေပြည့်လျှံနေတဲ့ အမှိုက်ကန်တွေ ရှိနေတာကြောင့် ဖြတ်သွားဖြတ်လာရုံနဲ့ ဆိုးရွားတဲ့ အနံ့အသက် တွေကို ရှုရှိုက်နေရတယ် လို့လည်း မြို့သူမြို့သားတွေက ပြောဆိုနေကြပါတယ်။
အမှိုက်ပုံးတွေ ရှိတယ် ဆိုပေမယ့်လည်း အမှိုက်ပစ်ချင် သူတွေက စည်းကမ်းတကျပစ်မယ် ဆိုရင်တောင် အဲဒီအမှိုက်ပုံးနား ကပ်ဖို့ ခက်ခဲလောက်အောင် ညစ်ပတ် နံဟောင်နေတာဆိုတော့ လမ်းသွားလမ်းလာ တွေလည်း ဖြစ်သလို အမှိုက် စွန့်နေကြပုံ ရပါတယ်။ တချို့ ကျပြန်တော့လည်း အမှိုက်ပုံး အရေအတွက် တော်တော်နည်းတယ်၊ လမ်းသွားရင်း အမှိုက်ပုံးမှာ ပစ်ချင်လို့ ရှာရင် မတွေ့ဘူးလို့ ဝေဖန်သူတွေ ရှိပါတယ်။
“ကျမတို့ ရှင်းနေတာပဲ၊ ဘတ်စ်ကားပေါ်က ပစ်ချတဲ့အမှိုက်၊ လမ်းသွားလမ်းလာတွေရဲ့ အမှိုက်တွေကိုလည်း ရှင်းရတယ်၊ လမ်းဘေးအပင်တွေက ကျလာတဲ့ သစ်ရွက်မှိုက်တွေ ရှင်းနေရတာနဲ့တင် တနေ့တနေ့ အချိန်ကုန်တာပဲ၊ တခါတလေ ဘယ်သူချသွားမှန်း မသိတဲ့ အမှိုက်ထုပ်တွေက ပါသေးတယ်” လို့ ဒဂုံမြို့နယ်တွင်းက သန့်ရှင်းရေး ဝန်ထမ်းတဦးက ပြောပြပါတယ်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေ၊ နည်းဥပဒေအရ ဘယ်သူမှ ရေမြောင်းတွင်းဖြစ်စေ၊ အများပိုင် လမ်းပေါ် ဖြစ်စေ၊ နောက်ဖေး လမ်းကြားဖြစ်စေ အမှိုက် (သို့) စက်ဆုပ်ဖွယ်ရာ များကို လှဲချခြင်း၊ ပစ်ချခြင်း၊ သွန်ချခြင်း၊ ကျရောက် စေခြင်း၊ စွန့့်ပစ်ခြင်း မပြုလုပ်ရလို့ စည်းကမ်းထုတ်ထား ပေမယ့်လည်း ပြည်သူတွေဘက်က လိုက်နာ ဆောင်ရွက်တယ် ဆိုတာ မတွေ့ရ သလောက် ဖြစ်နေပါတယ်။
မြို့နေ လူထုရဲ့ ဘတ်စ်ကားပေါ်ကနေ ကွမ်းတံတွေးကြုံသလို ထွေးချတာ၊ စားကွင်းစားကျန်နဲ့ အမှိုက်တချို့ကိုပစ်ချတာ၊ မြို့လယ်ခေါင်က အထပ်မြင့်တိုက်တွေရဲ့ နောက်ဖေးလမ်းကြား တွေမှာ တိုက်မှာနေထိုင်ကြတဲ့ ပြည်သူတွေ ပစ်ချကြတဲ့ အမှိုက်၊ အညစ်အကြေး၊ လမ်းဘေးဈေးသည်တွေက ချထားခဲ့ကြတဲ့ အမှိုက်သရိုက်တွေနဲ့ ဈေးကြီးတွေက ထွက်လာတဲ့ အမှိုက်တွေ စတဲ့ အမှိုက်တွေက အမျိုးအစား စုံလင်နေတာကြောင့် သိမ်းရတဲ့ ဝန်ထမ်းတွေလည်း နိုင်နင်းပုံ မပေါ်တော့ ပါဘူး။
“ပြည်သူလူထုက အမှိုက်ကို စည်းကမ်းတကျ ပစ်တတ်တဲ့ အကျင့်လေး ထားမယ်ဆိုရင်တော့ အဆင်ပြေလာမှာပေါ့၊ အခုက အမှိုက်ဆိုတာနဲ့ စည်ပင်ကိုပဲ အပြစ်မြင်ချင်ကြတာ” လို့လည်း ပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ သန့်ရှင်းရေးဌာနရဲ့ ဒုဌာနမှူး ဦးလှဝင်းအောင်က သုံးသပ်ပါတယ်။
လတ်တလောမှာတော့ တာမွေ၊ ထောက်ကြန့်၊ သင်္ဃန်းကျွန်းနဲ့ လှိုင်သာယာစတဲ့ မြို့နယ်တွေမှာ အမှိုက်စွန့်ပစ်နည်း ပညာ ပေးတာ၊ လက်ကမ်းစာစောင်တွေ အခမဲ့ဖြန့်ဝေတာနဲ့ အမှိုက်အိတ်တွေ ဖြန့်ပေးတာတွေကို ဌာနက လုပ်ဆောင်နေပါတယ်။
“အမှိုက်ပစ်တဲ့ကန်တွေက အမြဲပြည့်နေတယ်၊ အနံ့အသက်တွေကလည်း မကောင်းတော့ သွားမပစ်ဖြစ်ဘူး။ မြေကွက်ရှိတော့ ကိုယ့်အိမ်မှာကို အမှိုက်ကို မီးရှို့၊ မြေမြှုပ်ပဲ၊ ရပ်ကွက်ထဲက လုပ်ပေးတဲ့ အမှိုက်လှည်းလာရင်တော့ တထုပ်ကို ၁၀၀ ကျပ် ပေးပြီး ပစ်လိုက်တယ်” လို့ မင်္ဂလာဒုံမြို့နယ်မှာ နေထိုင်သူ မလေးလေးက ဆိုပါတယ်။
စည်ပင်သာယာရဲ့ တရားဝင် သတ်မှတ်ထားချက်အရတော့ အမှိုက်ကန်တွေမှာ အမှိုက်စွန့်ပစ်ချိန်ဟာ မနက် ၆ နာရီကနေ မနက် ၁၀ နာရီ အထိနဲ့ ညနေ ၆ နာရီ ကနေ ည ၁၁ နာရီအထိ ဖြစ်ပြီးတော့ ဝန်ထမ်းတွေကတော့ အမှိုက်စွန့်ပစ်ချိန်
နောက်ပိုင်းမှာ အဆင်ပြေသလို သိမ်းဆည်းကြတယ်လို့ သိရပါတယ်။
အမှိုက်သိမ်းဆည်းဖို့ ခန့်အပ်ထားတဲ့ သန့်ရှင်းရေးဝန်ထမ်း က ၃၈၀၀ ဦးခန့်သာ ရှိနေတာကြောင့် မြို့ပြရဲ့ လူဦးရေ ၆ သန်းနဲ့သာ အချိုးကျ တွက်ချက်ကြည့်မယ် ဆိုရင် ဝန်ထမ်းတဦးက လူ ၂၀၀၀ ကျော်လောက်ရဲ့ စွန့်ပစ်အမှိုက်တွေကို လိုက်ပြီး သိမ်းဆည်းနေရတဲ့ အနေအထားမှာ ရှိနေပါတယ်။
ရန်ကုန်မြို့ကြီး အမှိုက်ကင်းစင်မြို့တော် ဖြစ်လာဖို့အတွက် စည်ပင်သာယာရေး ကော်မတီနဲ့ ပြည်သူလူထု က တဘက်နဲ့ တဘက် အပြစ်မြင်နေကြမယ့်အစား ပူးပေါင်းဆောင်ရွက်ဖို့ အချိန်ရောက်နေပြီလို့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ သန့်ရှင်းရေး ဌာနက ဒုဌာနမှူး ဦးလှဝင်းအောင်က သုံးသပ်ပါတယ်။