ဆောင်းပါး

လာအိုက တရုတ် ငှက်ပျောသီးတွေ ဆိုးသလား ကောင်းသလား

Want create site? Find Free WordPress Themes and plugins.

တရုတ်ရင်းနှီးမြုပ်နှံသူများ လာအိုနိုင်ငံမြောက်ပိုင်းရှိ တိတ်ဆိတ်ငြိမ်သက်သော ကျေးရွာကလေးသို့ ၂၀၁၄ ခုနှစ်က စတင် ရောက်ရှိလာသည်ကို ပြန်တွေးရင်း ကောင်ကျုးဗိုနူဆက် ပြုံးမိသည်။ သူတို့နှင့်အတူ ငွေဖောဖောသီသီ ပါလာသည် ဟု သူက ပြောသည်။

ထို တရုတ်လူမျိုးများက နှစ်ပေါင်းများစွာ မြေလွတ်မြေရိုင်း ဖြစ်နေသေ မြေအများအပြား ပါသည့် မြေကွက်များကို မြေငှားခကို တဟက်တာလျှင် ဒေါ်လာ ၇၂၀ အထိပေးသည် ဟု အသက် ၅၉ နှစ်အရွယ်ရှိ ကျေးရွာ အကြီးအကဲ ကောင်ကျုးဗိုနူဆက်က ပြောသည်။ သူတို့က ထိုမြေတွင် ငှက်ပျောစိုက်လိုကြသည်။

ဆင်းရဲနွမ်းပါးသော လာအိုတွင် ထိုငွေပမာဏမှာ များပြားလှသည်။ “သူတို့က ကျနော်တို့ကို ဈေးနှုန်းပြောပြီး အဆင်ပြေလားလို့မေးတယ်။ ကျနော်တို့က အိုကေတယ်လို့ ပြန်ပြောလိုက်တယ်” ဟုလည်း ၎င်းက ဆိုသည်။

မြစ်ကမ်းဘေးရှိ သွားရေးလားရေး လွယ်သောမြေများမှာ ထိုဈေးထက် နှစ်ဆပိုရသည်။ နောင် ၃ နှစ် ကြာသောအခါ တရုတ်တို့၏ ငှက်ပျောစီးပွား ဖြစ်ထွန်းခြင်းကြောင့် မထိခိုက်သူ အနည်းငယ်သာ ရှိတော့သည်။ လူတိုင်း ပြုံး မနေနိုင် ကြတော့ပေ။

တရုတ်တို့သည် လာအိုမြောက်ပိုင်းသို့ အလုပ်အကိုင်နှင့် ပိုမိုမြင့်မားသော လုပ်အားခများကို ဆောင်ယူလာခဲ့ကြ သော်လည်း စိုက်ခင်းများကို ပိုးသတ်ဆေးများ၊ အခြား ဓာတုပစ္စည်းများဖြင့် ညစ်ညမ်းစေခဲ့သည် ဟု ကျွမ်းကျင်သူများက ပြောသည်။

ဓာတုပစ္စည်းများ အလွန်အကျွံ သုံးစွဲခြင်းသည် အလုပ်သမားများ အတွက် ကျန်းမာရေး ထိခိုက်စေပြီး ရေအရင်း အမြစ်များကို ညစ်ညမ်းစေသည် ဟု အစိုးရ ကျောထောက်နောက်ခံပြု အဖွဲ့အစည်းတခုက အစီရင်ခံခဲ့ပြီး နောက် လာအိုအစိုးရက ငှက်ပျောစိုက်ခင်းသစ်များကို လွန်ခဲ့သောနှစ်က ပိတ်ပင်ခဲ့သည်။

တရုတ်နိုင်ငံနှင့် ကမ္ဘာ့ ကျန်အစိတ်အပိုင်းများကို ဆက်သွယ်ပေးသည့် ခေတ်သစ်ပိုးလမ်းမ၏ အကျိုးကျေးဇူးများကို တရုတ်နိုင်ငံက အမွှမ်းတင် ပြောဆိုသည်။ ထိုစီမံကိန်းအတွက် အဓိကကျသော ထိပ်သီးဆွေးနွေးပွဲကိုလည်း မေလ ၁၄-၁၅ ရက်များက ဘေကျင်းတွင် ကျင်းပခဲ့သည်။

ပိုးလမ်းမသစ် အစီအစဉ်၏ စီမံကိန်းများတွင် လာအိုနိုင်ငံ စိုက်ပျိုးရေး လုပ်ငန်း တိုးတက်မှုလည်း အပါအဝင်ဖြစ် သော်လည်း ငှက်ပျောစိုက်ပျိုးရေး လုပ်ငန်း စီးပွားဖြစ်ထွန်းမှုသည် ၂၀၁၃ ခုနှစ်မှ စတင် ကြေညာသော ထိုအစီအစဉ် ထက်ပင် ပိုမိုစောစီးသည်။

တရုတ်ပိုင် လာအိုငှက်ပျောစိုက်ခင်းထဲမှာ လုပ်ငန်းခွင်ဆင်းနေတဲ့ သားအမိ

ရပ်ဝန်းတခု၊ လမ်းတခု အစီအစဉ်အရ အိမ်နီးချင်းများ အနေဖြင့် ၎င်းတို့၏ ဈေးကွက်များကို တရုတ် ရင်းနှီးမြှုပ်နှံသူများ အတွက် ဖွင့်ပေးရန် တရုတ်နိုင်ငံက တိုက်တွန်းသည်။ ကောင်ကျုးဗိုနူဆက် ကဲ့သို့သော ကျေးရွာသားများ အတွက်မူ ထိုကိစ္စမှာ အကောင်းနှင့် အဆိုး ရောထွေးနေသည်။

“တရုတ် ရင်းနှီးမြှုပ်နှံမှုက ကျနော်တို့ကို ပိုကောင်းတဲ့ ဘဝအရည်အသွေး ရစေတယ်။ ကောင်းကောင်း စားရတယ်၊ နေရတယ်” ဟု သူက ပြောသည်။

သို့သော် သူနှင့် သူ့အိမ်နီးချင်းများ အပါအဝင် မည်သူမျှ ငှက်ပျောခြံများတွင် လုပ်ကိုင်ကြတော့မည် မဟုတ်သလို ဆေးဖျန်းစဉ် အတွင်း ငှက်ပျောခြံများ အနီးသို့ပင် အရဲစွန့် မသွားကြတော့ပေ။ ငှက်ပျောခြံများမှ စီးထွက်လာသော ဓာတုပစ္စည်းကြောင့် ရေညစ်ညမ်းနေမည်ကို စိုးရိမ်ပြီး အနီးရှိ မြစ်အတွင်းတွင်လည်း ငါးမဖမ်းကြတော့ပေ။

တရုတ်တို့၏ စိတ်မသက်မသာ ဖြစ်ခြင်း

တရုတ်စိုက်ခင်း ပိုင်ရှင်နှင့် မန်နေဂျာ အများအပြားတို့က လက်ရှိ ငှားရမ်းသည့် သက်တမ်းကုန်လျှင် အစိုးရက ငှက်ပျော ဆက်လက် စိုက်ပျိုးမှု ပိတ်ပင်ခြင်းကြောင့် စိတ်အနှောင့်အယှက် ဖြစ်ကြသည်။

ဓာတုပစ္စည်း သုံးရန် လိုအပ်သောကြောင့်သာ သုံးခြင်း ဖြစ်ကြောင်း ပြောပြီး အလုပ်သမားများ ဓာတုပစ္စည်းကြောင့် ကျန်းမာရေး ထိခိုက်သည် ဟူသော အချက်ကို သူတို့က ငြင်းသည်။

“စိုက်ပျိုးရေး လုပ်ရင် ဓာတ်မြေသြဇာနဲ့ ပိုးသတ်ဆေးတော့ သုံးရမှာပဲ” ဟု လားအိုတွင် အကြီးကျယ်ဆုံး တရုတ် ငှက်ပျောစိုက်ပျိုးရေး လုပ်ငန်းတခုဖြစ်သည့် Jiangong Agriculture စိုက်ပျိုးရေးလုပ်ငန်း မှ လုပ်ငန်းခွင်မန်နေဂျာ ဝူယာရှင် (Wu Yaqiang) က ပြောသည်။

“ကျနော်တို့သာ ဒီကိုလာပြီး ဖွံ့ဖြိုးအောင် လုပ်မပေးရင် ဒီနေရာက တောင်ခေါင်းတုံးတွေ သက်သက်ပဲဖြစ်နေမှာပဲ” ဟု မတ်စောက်သော တောင်စောင်းတွင် ကီလို ၃၀ ခန့်ရှိသော ငှက်ပျောခိုင်များကို အခြေခံထုတ်ပိုးရေး စခန်းသို့ ပို့နေသော အလုပ်သမားများကို စောင့်ကြည့်ရင်း သူက ဆက်ပြောသည်။

လာအိုမှ တရုတ်ငှက်ပျော စိုက်ပျိုးသူများ ကြုံတွေ့နေရသည့် ပြဿနာများကို အတိအကျ မသိကြောင်းနှင့် သူတို့သည် ရပ်ဝန်းတခု၊ လမ်းကြောင်းတခု အစီအစဉ်နှင့် တိုက်ရိုက်ပတ်သက်သည် ဟု မယူဆကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရသူ ဂျန်ရှောင် (Geng Shuang) က ပြောသည်။

“မူအရ ပြောရရင် တရုတ်ကုမ္ပဏီတွေ ပြည်ပမှာ ရင်းနှီးမြှုပ်နှံ လုပ်ကိုင်ကြတဲ့ အခါ သက်ဆိုင်ရာနိုင်ငံ ဥပဒေ လုပ်ထုံးလုပ်နည်းတွေကို လိုက်နာဖို့၊ သူတို့ရဲ့ စီးပွားရေး လုပ်ငန်း၊ လူမှုတာဝန်တွေကို ထမ်းဆောင်ဖို့နဲ့ သက်ဆိုင်ရာ သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ဖို့ တာဝန်ရှိပါတယ်” ဟု ကြာသာပတေးနေ့က ကျင်းပသောပုံမှန် သတင်းစာရှင်းလင်းပွဲတွင် သူက ပြောသည်။

ယခုဆောင်းပါး အတွက် ဖြေကြားပေးရန် ရိုက်တာသတင်းဌာနက လာအိုနိုင်ငံ စိုက်ပျိုးရေးဝန်ကြီးကို မေတ္တာရပ်ခံခဲ့ သော်လည်း လတ်တလော ပြန်ကြားခြင်း မရှိခဲ့ပေ။

စုစုပေါင်း ဒေါ်လာ ၆ ဒသမ ၇ ဘီလီယံ တန်ကြေးရှိ စီမံကိန်းပေါင်း ၇၆၀ ကျော်ဖြင့် တရုတ်နိုင်ငံသည် လူဦးရေ ၆ ဒသမ ၅ သန်းရှိသော ကုန်းတွင်းပိတ် လာအိုနိုင်ငံတွင် အကြီးမားဆုံးသော ပြည်ပရင်းနှီးမြှုပ်နှံသူ ဖြစ်သည်ဟု တရုတ်နိုင်ငံပိုင် မီဒီယာ၏ အဆိုအရ သိရသည်။

တရုတ်နိုင်ငံ၏ သြဇာကို တရုတ်လူမျိုးများက ဈေးဝယ်စင်တာများနှင့် အကောင်းဆုံး ဟိုတယ်များ ဖွင့်လှစ်ထားသည့် မြိုတော် ဗီယန်ကျင်းတွင် အပြင်းအထန် ခံစားနေရသည် သာမက ဆယ်စုနှစ်များစွာ မပြောင်းမလဲ ရှိခဲ့သော ကျေးလက် ဒေသများအထိပင် ပျံ့နှံ့နေသည်။

တရုတ်ပိုင် လာအိုငှက်ပျောစိုက်ခင်းထဲက လုပ်ငန်းခွင်

ငှက်ပျောခေတ်

တရုတ်ငှက်ပျော ရင်းနှီးမြှုပ်နှံသူများသည် ပြည်တွင်းတွင် မြေမလုံလောက်သောကြောင့် လာအိုသို့ ၂၀၁၀ ခုနှစ်ခန့်က စတင် ဝင်ရောက်လာကြပြီး အများအပြားက လာအိုနိုင်ငံ၏ အသေးငယ်ဆုံးနှင့် လူဦးရေ အနည်းဆုံး ပြည်နယ်ဖြစ်သည့် ဘိုကီယို ပြည်နယ်သို့ ရောက်လာကြသည်။

နောင်နှစ်များတွင် လာအိုနိုင်ငံ၏ ငှက်ပျောသီးတင်ပို့မှုမှာ ၁၀ ဆတိုးလာပြီး နိုင်ငံအတွက် ပြည်ပဝင်ငွေ အများဆုံး ရှာပေးသော ထွက်ကုန် ဖြစ်လာသည်။ ငှက်ပျောသီး အားလုံးနီးပါးကိုလည်း တရုတ်နိုင်ငံသို့ တင်ပို့သည်။

ကောင်ကျုးဗိုနူဆက် ကဲ့သို့သော လာအိုလူမျိုးစုများ အတွက်မူ တရုတ်စိုက်ပျိုးသူများက ၎င်းတို့ကိုယ်တိုင် စိုက်ပျိုးလျှင် ရသောဝင်ငွေထက် ပိုသော မြေငှားခကို ပေးသည်။

မောင် သို့မဟုတ် ခမူ ကဲ့သို့သော တောင်ပေါ် လူမျိုးစုများ အတွက်မူ ငှက်ပျောသီးခေတ်သည် ပိုမိုကောင်းမွန်သော လုပ်အားခ ဖြစ်သည်။

ငှက်ပျောသီး ခူးချိန်တွင် တနေ့လျှင် အနည်းဆုံး ၁၀ ဒေါ်လာ ရကြပြီး တခါတရံ ထိုထက် ၂ ဆ ပိုရသည်။ ထိုပမာဏသည် ကမ္ဘာ့ဘဏ်၏ အဆိုအရ ၂၀၁၅ ခုနှစ်က တဦးချင်း ပျမ်းမျှဝင်ငွေမှာ ၁၇၄၀ သာရရှိသော လာအိုနိုင်ငံတွင် များပြားသော ငွေဖြစ်သည်။ သူတို့သည် ဓာတုပစ္စည်း များနှင့် အထိတွေ့ရဆုံးသော သူများလည်း ဖြစ်သည်။

တရုတ်လူမျိုး ငှက်ပျောစိုက်ပျိုးသူ အများစုသည် Cavendish ငှက်ပျောမျိုးကို စိုက်ပျိုးကြပြီး ထိုငှက်ပျောမျိုးမှာ စားသုံးသူများ နှစ်ခြိုက်သော်လည်း ရောဂါရနိုင်သည်။

မောင် နှင့် ခမူ အလုပ်သမားများသည် ငှက်ပျောပင်များကို ပိုသတ်ဆေးများ လောင်းပေးရပြီး ပေါင်းပင်များကို paraquat ကဲ့သို့သော ပေါင်းသတ်ဆေးဖြင့် သတ်ပေးရသည်။ paraquat ပိုးသတ်ဆေးကို ဥရောပသမဂ္ဂနှင့် လာအို အပါအဝင် အခြားသော နိုင်ငံ အများအပြားတွင် ပိတ်ပင်ထားသည်။

ထိုငှက်ပျောသီးများကို တရုတ်သို့ တင်ပို့သည့် ခရီးတွင် မပျက်ဆီးစေရန် မှိုသတ်ဆေးလည်း စိမ်ရသည်။

သီးနှံပြောင်းလဲခြင်း

အချို့သော ငှက်ပျောခြံ လုပ်သားများသည် အားနည်းပြီး ပိန်ခြောက်လာကာ ကိုယ်ပေါ်တွင် အစက်အပျောက်များ ပေါ်လာတတ်သည် ဟု လာအိုနိုင်ငံ မြောက်ပိုင်း အခြေစိုက် အကျိုးအမြတ် မယူသော အဖွဲ့အစည်းဖြစ်သည့် ဖွံ့ဖြိုးမှုနှင့် အသိပညာဆိုင်ရာ လူမှုအဖွဲ့ (Community Association for Mobilizing Knowledge in Development – CAMKID) မှ ဒါရိုက်တာ ဖုန်စိုင်းမန်နီဗောင်ဇိုင် (Phonesai Manivongxai) က ပြောသည်။

CAMKID ၏ လုပ်ငန်းများ အနက် တစိတ်တဒေသမှာ အလုပ်သမားများကို ဓာတုပစ္စည်း အသုံးပြုမှု အန္တရာယ်များနှင့် ပတ်သက်၍ ပညာပေးရေး ဖြစ်သည်။ “ကျမတို့ လုပ်ပေးနိုင်တာက သူတို့တတွေ ပိုသိလာအောင် လုပ်ပေးဖို့ပဲ ရှိတယ်” ဟု သူက ပြောသည်။

ထိုလုပ်ငန်းမှာ တောင်တက်ခရီးကြမ်း ကဲ့သို့ ဖြစ်နေသည်။ ပိုးသတ်ဆေး အများစုမှာ တရုတ်နှင့် ထိုင်းနိုင်ငံတို့မှ လာကြပြီး ထိုနိုင်ငံများ၏ ဘာသာစကားများဖြင့်သာ သတိပေး လမ်းညွှန်ချက်များ ရေးသားထားကြသည် ဟု ရိုက်တာ သတင်းဌာနက စုံစမ်းသိရသည်။ ထိုစာများကို လာအိုဘာသာဖြင့် ရေးသားထားလျှင်ပင် မောင်နှင့် ခမူ အချို့မှာ စာမတတ်သူများ ဖြစ်ကြသောကြောင့် နားလည်မည် မဟုတ်ပေ။

တရုတ်ပိုင် လာအိုငှက်ပျောစိုက်ခင်းထဲက လုပ်ငန်းခွင်

ဖုန်စိုင်းမန်နီဗောင်ဇိုင် ပြောသော အခြား ပြဿနာတခုမှာ အလုပ်သမားများသည် ၎င်းတို့ သောက်သုံးရေကို ညစ်ညမ်းစေသော ဓာတုပစ္စည်းများနှင့် နီးကပ်စွာ နေထိုင်ကြခြင်း ဖြစ်သည်။

လာအိုဈေးကွက်တွင် ထိုင်းနိုင်ငံလုပ် အဆိပ်ပြင်းသည့် ပေါင်းသတ်ဆေး (paraquet) များ ရောင်းချနေသည်ကို ရိုက်တာ သတင်းဌာနက တွေ့ရှိခဲ့သည်။

သို့သော် ရိုက်တာ သတင်းဌာနနှင့် ပြောဆိုခဲ့သည့် အချို့သော အလုပ်သမားများက အကောင်းအဆိုး ရောပြွမ်း နေခြင်းကို လက်ခံကြသည်။ ဓာတုပစ္စည်းများ အတွက် စိုးရိမ်သလို လုပ်အားခ များများရခြင်းကြောင့် ကလေးများကို ကျောင်းထားနိုင်သည် သို့မဟုတ် အစားကောင်းကောင်း စားနိုင်သည်ဟု ပြောကြသည်။

ငှက်ပျော စိုက်ရာတွင် ဓာတုပစ္စည်း အသုံးပြုခြင်းကို အစိုးရက ဖြိုခွဲခြင်းသည်လည်း အန္တရာယ် ဓာတုပစ္စည်းများ လုံး၀ ပျောက်ကွယ်သွားမည် ဟု အာမခံချက် မရှိပေ။

ထုတ်လုပ်မှု မြင့်မား လာသောကြောင့် ငှက်ပျောဈေးများ ကျဆင်းလာသောကြောင့် အချို့သော တရုတ် ရင်းနှီး မြှုပ်နှံသူများသည် ဖရဲသီးကဲ့သို့ အခြား ဓာတုပစ္စည်း အသုံးများသော သီးနှံများကို စိုက်ပျိုးလာကြသည်။

ဘိုကီယိုရှိ ငှက်ပျောစိုက်ခင်းများ၏ ၂၀ ရာခိုင်နှုန်းခန့် အထိကို ရှင်းလင်းလိုက်ပြီးပြီဟု လိုင်လင်းငှက်ပျော စိုက်ခင်းကို ပူးတွဲပိုင်ဆိုင်သူ အသက် ၄၆ နှစ် အရွယ် ဇန်ဂျင်ဂျမ်းက ပြောသည်။ သူနှင့် ပြိုင်ဘက် စိုက်ပျိုးသူအချို့သည် မြန်မာနှင့် ကမ္ဘောဒီးယားဘက်သို့ ခြေဆန့်ကြသည် ဟုလည်း သူက ဆက်ပြောသည်။

သို့သော် သူ့တွင် ပြောင်းရွှေ့ရန် အစီအစဉ် မရှိဟု ပြောသည်။ လာအိုနိုင်ငံ အပေါ် ပတ်ဝန်းကျင် ထိခိုက်မှုသည် မဖွံ့ဖြိုး သေးသော နိုင်ငံများ ဖြတ်သန်း ကြရသည့် လမ်းသာ ဖြစ်ပြီး ဒေသခံများသည် တရုတ်များကို ကျေးဇူးတင်ရမည် ဟု သူက ပြောသည်။

“ငါတို့ ဘဝတွေ ဘယ်လို တိုးတက်လာလဲ ဆိုတာ သူတို့ မစဉ်းစားဘူး။ သူတို့က ဒါတွေကို ကောင်းကင်ဘုံက ပေးတယ် ထင်နေကြတာ။ ဘဝဆိုတာ သူ့ဘာသာ တိုးတက်လာတာ မဟုတ်ဘူး” ဟု သူက ပြောသည်။ ။

(Reuters သတင်းဌာနတွင် တင်ပြထားသည့် Cash and Chemicals: for Laos, Chinese Banana Boom a Blessing and Curse ဆောင်းပါးကို ဘာသာပြန်သည်။)

Did you find apk for android? You can find new Free Android Games and apps.
Loading