မြန်မာ အရပ်သားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဆွဲဆောင်ခြင်း၊ ဗျူရိုကရေစီ ယန္တရားကို အဆင်ပြေ ချောမွေ့အောင် လုပ်ဆောင်ခြင်း၊ အခြေခံ အဆောက်အအုံများ တိုးတက်အောင် လုပ်ဆောင် ခြင်းနှင့် လူငယ်များ၏ ကျွမ်းကျင်မှုနှင့် စိတ်အားထက်သန်မှုတို့ အပေါ် အခြေခံပြီး စီးပွားရေး တိုးတက်အောင် လုပ်ဆောင်ရန် အစိုးရ၏ အားထုတ်မှုကို ထပ်မံတွန်းအားပေးလိုက်သည်။
“ပြုပြင်ပြောင်းလဲမှုတွေ ဆက်လက်လုပ်ဆောင်ဖို့နဲ့ ရင်းနှီးမြှုပ်နှံမှုအတွက် သင့်တော်တဲ့ ပတ်ဝန်းကျင်ကို ဖန်တီးပေးဖို့ ကျမတို့ရဲ့ ကတိကဝတ်ကို ထပ်မံ အတည်ပြု ပြောကြားလိုတဲ့အတွက် ကျမ ဒီအခမ်းအနားကို တက်ရောက်ခဲ့တာ ဖြစ်ပါတယ်” ဟု နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က လွန်ခဲ့သောတပတ်က နေပြည်တော်တွင် ကျင်းပသည့် “မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံပါ” (Invest Myanmar Summit) အမည်ရှိ ထိပ်သီးဆွေးနွေးပွဲတွင် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူများနှင့် ပြည်တွင်း စီးပွားရေး ခေါင်းဆောင်များကို ပြောကြားခဲ့သည်။
ထိုဆွေးနွေးပွဲကို ပြည်ထောင်စုမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) က ပူးတွဲကျင်းပခဲ့ခြင်း ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းသည် နိုင်ငံ၏ စီးပွားရေးမူဝါဒကို ပိုမိုတောင့်တင်းအောင် လုပ်ဆောင်သော အဓိက အားထုတ်မှု ဖြစ်သည်ဟု လွတ်လပ်သော သုတေသီ ဦးနိုင်ကိုကိုက ပြောသည်။
“ဒီဆွေးနွေးပွဲက ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေး မူဝါဒအောင်မြင်ရေးနဲ့ ကမ္ဘာတဝန်း မရေရာမှုတွေကြားမှာ စီးပွားရေး အသွင် ကူးပြောင်းရေးအတွက် အရမ်းကို အရေးကြီးတယ်” ဟု ဦးနိုင်ကိုကိုက ပြောသည်။ “ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေးမူဝါဒဟာ စည်းမျဉ်းအခြေပြု ဈေးကွက်အခြေခံ စီးပွားရေး ပြိုင်ဆိုင်မှုနှစ်ခုစလုံးကို စတင် မိတ်ဆက်ပေးလိုက်တယ်” ဟုလည်း သူက ဆိုသည်။
အခြားသော သုတေသီများကမူ သတိထားပြီး ချီးကျူး ပြောဆိုကြသော်လည်း အားလုံး သဘောတူညီသော အချက်မှာ ထိုဆွေးနွေးပွဲသည် စီးပွားရေးကို ချဉ်းကပ်ရာတွင် အရေးပါသော အပြောင်းအလဲဖြစ်ကြောင်းနှင့် အတိတ်နှင့်လမ်းခွဲရန် အားထုတ်မှု ဖြစ်သည်ဟူသော အချက်ဖြစ်သည်။
“အစိုးရရဲ့မူဝါဒတွေက စီးပွားရေး လုပ်ငန်းတွေကို အားပေးတယ်၊ ယှဉ်ပြိုင်မှုနဲ့ လွတ်လပ်သော ဈေးကွက် အောင်မြင်ရေးကို ခွင့်ပြုတယ်” ဟု နိုင်ငံတော်အတိုင်ပင်ခံ၏ စီးပွားရေးအကြံပေး အရာရှိချုပ် ရှောင်တန်နဲက ပြောသည်။
အစိုးရက လက်ရှိအချိန်အထိ ဆောင်ရွက်နေသော ပြုပြင်ပြောင်းလဲရေးများ၏ အရေးပါမှုကိုလည်း ဒေါ်အောင်ဆန်းစုကြည်က အလေးထား ပြောကြားခဲ့သည်။
“ပြုပြင်ပြောင်းလဲရေး အားလုံးဟာ အခြေခံအားဖြင့်တော့ အားလုံးအကျုံးဝင်တဲ့ စီးပွားရေးတိုးတက်မှုကို ရည်မှန်းတဲ့ ဈေးကွက် အခြေပြု စီးပွားရေး ဖော်ဆောင်ဖို့ လုပ်ထုံးလုပ်နည်းနဲ့ ဥပဒေဆိုင်ရာ ပတ်ဝန်းကျင်ကို ခေတ်မီအောင် လုပ်ဆောင်ရေးကို အာရုံစိုက်တယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
“ကမ္ဘာ့စီးပွားရေးနဲ့ ပိုမိုပေါင်းစည်းပြီး မြန်မာနိုင်ငံရဲ့ တိုးတက်မှုကို မြှင့်တင်ဖို့လိုအပ်တဲ့ စနစ်ပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲရေး တွေကိုလည်း လုပ်ဆောင်ပြီးဖြစ်ပါတယ်” ဟုလည်း သူက ဆက်လက်ပြောကြားခဲ့သည်။
မကြာသေးမီက ထုတ်ပြန်ခဲ့သော မြန်မာသေနင်္ဂဗျူဟာ တိုးတက်ရေး စီမံကိန်း (MSDP) သည် ထိုစီမံကိန်းကို အသေးစိတ် ဖော်ပြနေသည်။
“ဒီနေရာမှာ အစိုးရရဲ့ ချဉ်းကပ်ပုံနည်းလမ်းဟာ တန်းတူညီမျှ ယှဉ်ပြိုင်ရေးနဲ့ စည်းမျဉ်းအခြေပြု စီးပွားရေးစနစ် အပေါ်မှာ အခြေခံကြောင်း ထင်ရှားပါတယ်” ဟု ဦးနိုင်ကိုကိုက ပြောသည်။
“အရင် ခရိုနီ စနစ်နဲ့ ခရိုနီတွေဟာ ဒေါ်အောင်ဆန်းစုကြည် စီးပွားရေးမူဝါဒတွေရဲ့ စည်းမျဉ်းအခြေပြု ဈေးကွက် ယန္တရား၊ စွမ်းဆောင်ရည်နဲ့ ယှဉ်ပြိုင်မှုတွေနဲ့ အလုပ်မလုပ်နိုင်ကြဘူး။ နောက်ကွယ်မှာ ညည်းညူနေမယ့်အစား သူတို့တွေ လိုက်ပါ ပြောင်းလဲရလိမ့်မယ်” ဟုလည်း သူက ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းသည် ၂၀၂၀ ရွေးကောက်ပွဲမတိုင်မီ ရှေ့နှစ် ၂ နှစ်အတွင်း အစိုးရ၏ ထိပ်တန်းဦးစားပေး ၂ ခုတို့က စီးပွားတိုးတက်ရေးနှင့် ငြိမ်းချမ်ရေးဖြစ်ကြောင်း ပြသလိုက်ပြီး ဦးတည်ဘက် ပြောင်းသွားကြောင်းကိုလည်း ပြသနေသည်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်သော အစိုးရသည် လက်နက်ကိုင် ပဋိပက္ခ အဆုံးသတ်ရေးကိုသာ လွန်စွာ အာရုံစိုက်နေပြီး စီးပွားတိုးတက်ရေးကို လျစ်လျူရှုထားသည်ဟု စီးပွားရေး အသိုင်းအဝန်းက ခါးခါးသီးသီး ဝေဖန်ကြသည်။
Invest Myanmar Summit သည် ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းများနှင့် အစိုးရအကြား ဆက်ဆံရေးကို တောင့်တင်း စေလိုသော UMFCCI ခေါင်းဆောင်မှုပိုင်းမှ လူငယ်လုပ်ငန်းရှင် အုပ်စု၏ အစီအစဉ်ဖြစ်သည်။
“ဒါဟာ ပုဂ္ဂလိက ကဏ္ဍရဲ့ စွမ်းအားနဲ့ အစီအစဉ်ကို သုံးပြီး မူဝါဒတွေ ဆုံးဖြတ်ရာမှာနဲ့ စီးပွားရေး လုပ်ငန်းတွေကို အားပေးတဲ့ ပတ်ဝန်းကျင် ဖန်တီးရာမှာ ပြည်တွင်းစီးပွားရေး လုပ်ငန်းတွေကို ထည့်သွင်းဖို့ အစိုးရကို အားပေးပြီး မြန်မာနိုင်ငံအတွက် စံနှုန်းသစ်ကို ထူထောင်ဖို့ ကြိုးစားလိုက်တာ ဖြစ်တယ်။ ဒါဟာ အစိုးရနဲ့ နိုင်ငံရဲ့ ပြည်တွင်းစီးပွားရေး အသိုင်းအဝန်းအကြား ပူးပေါင်းဆောင်ရွက်ရေး ခေတ်သစ်ရဲ့ အစဖြစ်မယ်လို့ မျှော်လင့်ပါတယ်” ဟု ဆွေးနွေးပွဲကို အဓိက စီစဉ်သူ ဦးဝေဖြိုးက ပြောသည်။
ထို ဆွေးနွေးပွဲကို ထူးခြားစေသည်မှာ ဒေသဆိုင်ရာ အစိုးရများ တက်ကြွစွာ ပါဝင်ခြင်း ဖြစ်ကြောင်းလည်း သူက ဆိုသည်။
ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်း၊ ရန်ကုန်၊ စစ်ကိုင်း၊ မန္တလေး၊ ဧရာဝတီနှင့် တနင်္သာရီ စသည့် ပြည်နယ်နှင့်တိုင်းအစိုးရ ၁၀ ခု တို့ ထိုဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည်။ ရင်းနှီးမြှုပ်နှံသူများကို ရည်ရွယ်သော လုပ်ငန်းများတွင် ကုန်ထုတ်လုပ်ငန်းများ၊ အထည်ချုပ်လုပ်ငန်းများ၊ လျှပ်စစ်နှင့် စွမ်းအင်၊ ခရီးသွားလုပ်ငန်း၊ ပညာရေး၊ အစားအစာ ပြုပြင်ထုတ်လုပ်ရေး၊ ငါးလုပ်ငန်း၊ ကျန်းမာရေး စောင့်ရှောက်မှု၊ အခြေခံအဆောက်အအုံနှင့် အိမ်ခြံမြေ လုပ်ငန်းများပါဝင်သည်။
အစိုးရ အရာရှိများ၏ သဘောထားများ ပြောင်းလဲလာသည်ကိုလည်း ဆွေးနွေးပွဲ တက်ရောက်သူ အများအပြား သတိထားမိကြသည်။
“ဒီဆွေးနွေးပွဲဟာ စိတ်လှုပ်ရှားစရာ အတွေ့အကြုံဖြစ်ပြီး စီးပွားရေး လုပ်ငန်းရှင်တွေရဲ့ စိတ်ဝင်စားမှုနဲ့ လိုအပ်ချက်တွေကို နားထောင်လိုတဲ့၊ ဖော်ရွေတဲ့ အစိုးရ အရာရှိတွေနဲ့ အတားအဆီးမရှိ တွေ့ခွင့်ရခဲ့တယ်” ဟု Great Golden Empire မှ ဒါရိုက်တာ၊ စီးပွားရေး လုပ်ငန်းအတိုင်ပင်ခံနှင့် လုပ်ငန်းရှင်တဦးဖြစ်သူ ချားလ် စတက်ဘာက ပြောသည်။
“စီမံကိန်းတွေနဲ့ စီးပွားရေး အခွင့်အလမ်းတွေကို လက်လှမ်းမီအောင် တင်ပြခဲ့တယ်။ ဒါကြောင့် ရင်းနှီးမြှုပ်နှံသူတွေဟာ စီမံကိန်း အကောင်အထည် ဖော်တာနဲ့ပတ်သက်ပြီး ပြည်နယ်ဝန်ကြီးတွေနဲ့ အလွယ်တကူ စကားပြောနိုင်တယ်” ဟု Asia Focus သို့ သူက ပြောသည်။
“ဒါပေမယ့် ရင်းနှီးမြှုပ်နှံသူတွေကို ဆွဲဆောင်ဖို့ဆိုရင် မြန်မာနိုင်ငံအနေနဲ့ လုပ်စရာတွေ အများကြီး ရှိနေသေးတယ်။ ရှင်းရှင်းလင်းလင်း ထိထိရောက်ရောက် ရှိပြီး မြန်ဆန်တဲ့ စီမံကိန်း အကောင်အထည် ဖော်မှု လိုအပ်နေသေးတယ်” ဟုလည်း သူက ဆိုသည်။
မြန်မာနိုင်ငံသည် စီးပွားရေးလုပ်ငန်းများကို တံခါးဖွင့်ထားပေးကြောင်း ဒေါ်အောင်ဆန်းဆုကြည်မှ အစ အစိုးရ အရာရှိများ အားလုံးအပါအဝင် အစိုးရက အကြိမ်ကြိမ် ပေးလိုက်သည့် အဓိက သတင်းစကားကို အလေးမထားသူ များလည်း ရှိနေသည်။
ဗျူရိုကရေစီ ယန္တရား၏ ခေါင်းမာမှု၊ ရန်လိုမှု တို့နှင့် ပတ်သက်ပြီး တီးတိုးဝေဖန်နေသော ပြည်တွင်း ပြည်ပ စီးပွားရေးသမား အမျာအပြားလည်း ရှိနေသည်။
ထိုအချက်များသည် စီးပွားရေး ပြုပြင်ပြောင်းလဲရေးနှင့် တံခါးဖွင့်ပေးရေးအတွက် အကြီးမားဆုံး အတားအဆီးများ ဖြစ်နေသည်ဟု ထင်ရှားသော ပြည်တွင်း စီးပွားရေးလုပ်ငန်း အမှုဆောင် တဦးက ပြောသည်။ နေ့စဉ် ဆက်ဆံနေရသော အစိုးရဝန်ထမ်းများနှင့် ဆက်ဆံရေး ထိခိုက်မည် စိုးသောကြောင့် သူ၏အမည်ကို မဖော်ပြရန် ထို စီးပွားရေး လုပ်ငန်း အမှုဆောင်က ရှင်းပြသည်။
“ဒါမျိုးတွေကို အရင်ကလည်း ကြားဖူးတယ်” ဟု ဟောင်ကောင်အခြေစိုက် New Asia Property Consultants မှ ဒါရိုက်တာ တိုနီ ပစ်ကွန်ကပြောသည်။ “မြန်မာနိုင်ငံက ညီလာခံကြီးတွေ ကျင်းပတာမျိုးကို သိပ်ကြိုက်တာ။ စကားတွေ အများကြီးပြောပြီး အလုပ်ကျတော့ သိပ်မလုပ်ဘူး။ နောက်တော့ ဘာမှဖြစ်မလာဘူး” ဟု သူက ပြောသည်။
“ရင်းနှီးမြှုပ်နှံသူတွေအတွက် မြန်မာနိုင်ငံဟာ လတ်တလောတော့ စိတ်ဝင်စားစရာ မကောင်းသေးဘူး။ ရခိုင်ပြည်နယ် မြောက်ပိုင်းက စီးပွားရေးပြဿနာ ကြောင့်လည်းပါသလို စီးပွားရေး ပြုပြင်ပြောင်းလဲမှုနဲ့ စီမံကိန်းတွေ အတည်ပြုမှုမှာ မဆုံးနိုင်အောင် နှောင့်နှေး နေတာတွေကြောင့်လည်း ပါတယ်” ဟု သူက ဆိုသည်။
သို့သော် မြန်မာနိုင်ငံမှ လက်ရှိ ရင်းနှီးမြှုပ်နှံမှု ရာသီဥတုအခြေအနေကို လူတိုင်း အဆိုးမြင်ကြသည်တော့ မဟုတ်ပေ။ မကြာသေးမီကမှ ထူထောင်ခဲ့သည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းသစ်ဖြစ်သော Ascent Capital Partners သည် မြန်မာနိုင်ငံ၏ စီးပွားရေး အလားအလာနှင့် အကျိုးအမြတ် ရနိုင်ခြေတို့နှင့် ပတ်သက်ပြီး လွန်စွာ စိတ်အားထက်သန်နေသည်။ ထိုလုပ်ငန်းသည် မြန်မာနိုင်ငံတွင် အခြေစိုက်ပြီး နိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် စီးပွားဘက်များထံမှ ရန်ပုံငွေ ဒေါ်လာ သန်း ၅၀ ရှာထားပြီး ဖြစ်နေသည်။
“ကျနော်တို့က မြန်မာနိုင်ငံ အလားအလာကို ယုံကြည်တယ်” ဟု ထိုလုပ်ငန်းကို တည်ထောင်သူ စင်ကာပူနိုင်ငံသား လင် ချောင်ချောင်က ပြောသည်။ “ရင်းနှီးမြှုပ်နှံသူတွေ ရင်ဆိုင်ရတဲ့ စိန်ခေါ်မှုတွေအားလုံးကို ကျနော်တို့သိပေမယ့် မြန်မာနိုင်ငံရဲ့ ရေရှည် အလားအလာကို ကျနော်တို့ အကောင်းမြင်တယ်” ဟု သူက ဆိုသည်။
“အစပိုင်းမှာတော့ အလားအလာကို အသိအမှတ်မပြုကြတာ မျိုးတွေ ရှိပါတယ်။ ဒါပေမယ့် လက်ရှိ ခေါင်းဆောင်မှုပိုင်းမှာ စွမ်းအားနဲ့ လေသံ အပြောင်းအလဲရှိတယ်။ စီးပွားရေးရဲ့ အရေးပါမှုကို အသိအမှတ်ပြုမှုရှိတယ်။ ဘာတွေလိုနေတယ်ဆိုတာ အများကြီး ပိုနားလည်လာတယ်” ဟုလည်း သူက ပြောသည်။
သေနင်္ဂဗျူဟာကျသော တည်နေရာဖြစ်သည့် အိန္ဒိယနှင့် တရုတ်နိုင်ငံများကြားတွင် တည်ရှိခြင်း၊ ဘင်္ဂလား ပင်လယ်အော်နှင့် ကပ္ပလီ ပင်လယ်များနှင့် ထိစပ်နေခြင်းတို့ကြောင့် မြန်မာနိုင်ငံသည် ဒေသတွင်း ဈေးကွက်များကို နိုင်ငံတကာ ကုန်သွယ်ရေးလမ်းကြောင်းနှင့် ချိတ်ဆက်ပေးနိုင်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က ရင်းနှီး မြှုပ်နှံသူများကို ပြောခဲ့သည်။
“အခုအချိန်မှာ မြန်မာနိုင်ငံဟာ ရင်းနှီးမြှုပ်နှံမှုအတွက် သင့်တော်တဲ့ အခြေအနေတွေကိုသာမက၊ ကြိုတင်မှန်းဆနိုင်ပြီး အဆင်ပြေချောမွေ့ ဖော်ရွေတဲ့ ပတ်ဝန်းကျင်ကိုပါ ဖန်တီးဖို့ ကတိပြုထားတာ ထင်ရှားတယ်လို့ ထင်ပါတယ်။ ရင်းနှီးမြှုပ်နံှမှုတွေဟာ တာဝန်သိဖို့၊ သဘာဝပတ်ဝန်းကျင်၊ လူမှုရေးနဲ့ အုပ်ချုပ်ရေးတွေနဲ့ ပူးပေါင်းဆောင်ရွက်မယ့် ရင်းနှီမြှုပ်နှံမှုနဲ့ စီးပွားရေး လုပ်ဆောင်မှုတွေကို ဖော်ဆောင်ဖို့ ရင်းနှီးမြှုပ်နှံသူတွေကို ကျမတို့ တောင်းဆိုနေတာပါ” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။
သို့သော် အထူးသဖြင့် အနောက်တိုင်းမှ ရင်းနှီးမြှုပ်နှံသူများသည် ရခိုင်ပြည်နယ် ပြဿနာကြောင့် မြန်မာနိုင်ငံတွင် ပါဝင်ပတ်သက်ရန် စိတ်ပူပန်နေသည်။ ရခိုင်ပြည်မှ စစ်ဖက်၏ အလွန်အကျွံ လုပ်ရပ်များကို အစိုးရက ထိန်းချုပ်ရန် ပျက်ကွက်သောကြောင့် ဥရောပသမဂ္ဂသည် မြန်မာနိုင်ငံကို ပေးအပ်ထားသော အခွန်ကင်းလွတ်ခွင့်ကို ပြန်လည် ရုပ်သိမ်းရန် စဉ်းစားနေသည်။ ထိုအရေးယူမှုတွင် မြန်မာနိုင်ငံအတွက် အကျိုးအမြတ်များသော အထည်ချုပ်လုပ်ငန်း ပါဝင်နေပြီး အလုပ်အကိုင် ထောင်ပေါင်းများစွာ ထိခိုက်သွားနိုင်သည်။
ထိုကြောင့်ပင် လိုအပ်ချက်အရ မြန်မာနိုင်ငံသည် အရှေ့တိုင်းကိုသာ မျက်နှာမူနေရသည်။ လွန်ခဲ့သော နှစ်အတွင်း တရုတ်၊ စင်ကာပူ၊ ထိုင်းနှင့် ဂျပန်တို့သည် ထိပ်တန်း ရင်းနှီးမြှုပ်နှံသည့် နိုင်ငံများဖြစ်နေသည်။ မြင်နိုင်သော အနာဂတ်ကာလ အတွင်း ထိုနိုင်ငံများသည်ပင် အဓိက ရင်းနှီးမြှုပ်နှံသူများ ဆက်လက်ဖြစ်နေမည်ဟု စီးပွားရေး အကြီးအကဲ ရင်းနှီး မြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးနှင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဥက္ကဋ္ဌ ဦးသောင်းထွန်းက ပြောသည်။
သို့သော် လက်ရှိအစိုးရသည် တိုင်းပြည်အတွက် အကျိုးရှိမည့် အလုပ်အကိုင်ဖန်တီးမည့်၊ အထူးသဖြင့် ကျေးလက်ဒေသ များတွင် ဆင်းရဲနွမ်းပါးမှု လျှော့ချမည့် ရင်းနှီးမြှုပ်နှံမှုကိုသာ စိတ်ဝင်စားကြောင်း သူက အလေးထားပြောသည်။
တိုက်ဆိုင်စွာ Great Wall အစားအသောက်လုပ်ငန်းနှင့် Hong Kong International Sugar Engineering တို့သည် စစ်ကိုင်းတိုင်း ကသာတွင် သကြားစက်နှင့် Biomass ဇီဝစွမ်းအင် စက်ရုံတည်ဆောက်ရန် ဒေါ်လာ သန်း ၂၀၀ တန် နားလည်မှု စာခွန်လွှာကို ဆွေးနွေးပွဲ ပထမနေ့တွင် လက်မှတ်ရေးထိုးလိုက် သောကြာင့် အာရှရင်းနှီးမြှုပ်နှံမှုများ၏ အရေးပါမှုကို မီးမောင်းထိုးပြလိုက် သကဲ့သို့ ဖြစ်နေသည်။
ထိုစီမံကိန်းအရ သကြားစက်သည် တနေ့လျှင် သကြားတန်ချိန် တသောင်း ထုတ်လုပ်နိုင်ပြီး ဇီဝစွမ်းအင်စက်ရုံသည် လျှပ်စစ်ဓာတ်အား ၆၀ မဂ္ဂါဝပ် ထုတ်လုပ်မည်ဖြစ်သည်။
လင်ချောင်ချောင်က ရင်းနှီးမြှုပ်နှံသူများအတွက် မြန်မာနိုင်ငံ၏ အလားအလာ တောက်ပနေသည်ဟု ယုံကြည်နေသည်။
“မြန်မာနိုင်ငံဟာ အလားအလာကြီးမားတဲ့ စီးပွားရေး အခြေခံတွေရှိတဲ့ အာရှက နောက်ဆုံး ရှေ့တန်း ဈေးကွက် နိုင်ငံဖြစ်တယ်။ ASEAN က အာရှရဲ့ နှလုံးသားမှာ ရှိသလို မြန်မာနိုင်ငံက အရှေ့တောင်အာရှရဲ့ အသည်းနှလုံးဖြစ်တယ်” ဟု သူက ပြောသည်။
(Bangkok Post ပါ Larry Jargan ၏ ‘Suukyinomics’ taking hold ကို ဘာသာပြန်ဆိုသည်။)