လမ်းကြောင်းတလျောက် လုံခြုံရေးအခြေအနေ
လမ်းကြောင်းပေါ်ရှိ မန္တလေးနှင့် ပြင်ဦးလွင်သည် တိုင်းမြို့နှင့် ခရိုင်မြို့များဖြစ်ပြီး တိုင်း/ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့်အတူ မြန်မာနိုင်ငံရဲတပ်ဖွဲ့က လုံခြုံရေးတာဝန်ယူပါသည်။ မန္တလေးတွင် တပ်မတော်မှ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ) အခြေစိုက်ပြီး၊ ပြင်ဦးလွင်မြို့ တွင် တပ်မတော်တပ်ရင်း တပ်ဖွဲ့အများအပြားရှိသော တပ်မြို့ ဖြစ်သော်လည်း နယ်မြေလုံခြုံရေးတွင် တပ်မတော်မှ ဝင်ပါစရာ မလိုအပ်ပေ။ ကားလမ်းဖြတ်သန်း ရာတလျှောက်တွင် မန္တလေးနှင့် ပြင်ဦးလွင်လမ်းပိုင်းတွင် လုံခြုံရေးစိတ်ချရဆုံး ဖြစ်ပါသည်။ တပ်မတော်၏ လုံခြုံရေးအဆင့်သတ်မှတ်ချက်အရ အဖြူရောင်နယ်မြေများ ဖြစ်ပါသည်။ ဒေသအုပ်ချုပ်ရေးဖွဲ့စည်းပုံအရ မန္တလေးတိုင်းအတွင်း ရှိပါသည်။
ပြင်ဦးလွင် အထက်ပိုင်း နောင်ချိုမှစ၍ မူဆယ်အထိဒေသမှာ ရှမ်းပြည်နယ်တွင်း၌ ပါဝင်သည်။ ဒေသခံများက ရှမ်းပြည်မြောက်ပိုင်းဟု ခေါ်ဆိုလေ့ရှိကြသည်။ တောင်ကြီး၌ ပြည်နယ်ရုံးစိုက်ပြီး လားရှိုး၌ ဒုပြည်နယ်မှူး ရုံးစိုက်၍ ခရိုင် ၃ ခုဖွဲ့စည်းထားသည်။ ၎င်းတို့မှာ လားရှိုးခရိုင်၊ ကျောက်မဲခရိုင်နှင့် မူဆယ်ခရိုင်များဖြစ်ကြသည်။
(က) လားရှိုးခရိုင်
၁။ လားရှိုးမြို့ နယ်။
၂။ ကွန်လုံမြို့နယ်။
၃။ သိန္နီမြို့ နယ်
၄။ မိုင်းရယ်မြို့နယ်
၅။ တန့်ယန်းမြို့နယ်
(ခ) ကျောက်မဲခရိုင်
၁။ ကျောက်မဲမြို့နယ်
၂။ နောင်ချို မြို့နယ်
၃။ သီပေါမြို့နယ်
၄။ နမ့်ဆမ်မြို့နယ်
၅။ နမ္မတူမြို့နယ်
၆။ မန်တုံမြို့နယ်
(ဂ) မူဆယ်ခရိုင်
၁။ မူဆယ်မြို့နယ်
၂။ နမ့်ခမ်းမြို့နယ်
၃။ ကွတ်ခိုင်မြို့နယ်
ရှမ်းမြောက်ရှိ ခရိုင် ၃ ခုအတွင်းရှိ မြို့ နယ် ၁၄ ခုအနက် မြို့နယ် ၆ မြို့နယ်မှအပ မြို့ နယ် ၈ မြို့နယ်အား ဖြတ်သန်းသွားပါသည်။ ကျန် ၆ မြို့နယ်သည်လည်း အဆိုပါလမ်းမကြီးနှင့် ဆက်သွယ်ယှက်နွယ်လျက် ရှိပါသည်။
လုံခြုံရေးအရေးအနေနှင့် လားရှိုးတွင် ဒုပြည်နယ်ရုံးနှင့် ရဲတပ်ဖွဲ့၊ ရဲလုံထိမ်း တပ်ရင်းတရင်း ထားရှိသည်။ ထိ့ုအောက်တွင် ခရိုင်နှင့်မြို့နယ် အထွေထွေအုပ်ချုပ်ရေးနှင့် ရဲတပ်ဖွဲ့များ ရှိပါသည်။ သို့သော် အဆိုပါရဲတပ်ဖွဲ့ မြို့ပေါ်နှင့် မြို့နီးချုပ်စပ် တဝိုက်တွင် ထွေအုပ်နှင့်တွဲ၍ ဒေသအုပ်ချုပ်ရေး၊ ရာဇဝတ်မှု နှင့်တရားမမှု များအား ထိန်းကြောင်းသည့် တာဝန်ယူပါသည်။ သို့သော် ဒေသလုံခြုံရေးတာဝန်ကို ယူနိုင်ခြင်း မရှိပါ။ နောင်ချိုမှစ၍ မူစယ်၊ နမ့်ခမ်းအထိ ဒေသတခုလုံးတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၆ ဖွဲ့ လှုပ်ရှားလျက်ရှိသည်။
၎င်းအဖွဲ့များမှာ KIO/KIA (ကချင်ပြည်လွတ်လပ်ရေးအဖွဲ့/ကချင်ပြည်လွတ်လပ်ရေးတပ်မတော်)၊ PSLF/TNLA ( ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး/တအာင်းလွတ်မြောက်ရေးတပ်မတော်)၊ ULA/AA (ရခိုင်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်မတော်)၊ MNDAA ( မြန်မာနိုင်ငံအမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်မတော်/ကိုးကန့်) ၊ SSPP/SSA (ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော်)နှင့် RCSS/SSA ( ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ ရှမ်းပြည်တပ်မတော်) တိ့ုဖြစ်ကြသည်။
အထက်ပါ ၆ ဖွဲ့အနက် KIA/TNLA/AA/MNDAA/SSPP-SSA တို့မှာ အစိုးရနှင့် NCA ခေါ် တနိုင်ငံလုံပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာသဘောတူညီချက် လက်မှတ်ထိုးနိုင်ခြင်း မရှိသေးပါ။ ထိုအထဲမှ KIA/TNLA/AA/MNDAA အဖွဲ့ ၄ ဖွဲ့မှာ အစိုးရတပ်များနှင့် ၂၀၁၈ ခုနှစ်နှစ်ဆန်းအထိ အထက်ပါ လမ်းကြောင်းတလျောက် တိုက်ပွဲများပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။ လောလောဆယ် တရုတ်အစိုးရ၏ညှိနှိုင်းမှုကြောင့် တိုက်ပွဲများ ခေတ္တရပ်ဆိုင်းနေသော်လည်း မူစယ်-မန္တလေးကားလမ်း ကြောင်းတလျောက် ၎င်းတပ်ဖွဲ့များ လှုပ်ရှားစိုးမိုးထားနိုင်သည်ကိုတော့ ငြင်းပယ်၍မရပေ။
SSPP/SSA မှာလည်း NCA လက်မှတ်ရေးထိုးခြင်းမရှိဘဲ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွင် ပါဝင်နေသော်လည်း ယခုနှစ်ပိုင်း တွင် အစိုးရစစ်တပ်နှင့် တိုက်ခိုက်မှု ဖြစ်ပွါးခြင်း မရှိသလောက်နည်းပါးသည်။ တိုက်ပွဲများဖြစ်ပွါးခြင်းမရှိသော်လည်း လားရှိုး၊ သီပေါ၊ ကျောက်မဲကားလမ်းတလျောက် ၎င်းတပ်ဖွဲ့များ စိုးမိုးလှုပ်ရှားနိုင်စွမ်းရှိသည်ကို တွေ့ရသည်။
RCSS/SSA ကတော့ အစိုးရနှင့် NCA ထိုးထားသည့်တပ်ဖွဲ့ဖြစ်သည်။ NCA ထိုးထားသော်လည်း ရှမ်းပြည်အလယ်ပိုင်းနှင့်တောင်ပိုင်းတွင် အစိုးရတပ်နှင့်တိုက်ပွဲများဖြစ်ပွါးမှု ရှိနေသေးသည်။ မြောက်ပိုင်းတွင်မူ RCSS နှင့် အစိုးရတပ်နှင့် တိုက်ပွဲဖြစ်ပွါးခြင်း မရှိပေ။ သို့သော် မြောက်ပိုင်းတွင် RCSS နှင့် TNLA တို့ တိုက်ပွဲဖြစ်ပွါးမှုများရှိသည်။ ၂၀၁၅ ခုနှစ်က စတင်ခဲ့သော RCSS နှင့် TNLA တို့၏ လက်နက်ကိုင်ပဋိပက္ခသည် ယနေ့တိုင် ဖြေရှင်းနိုင်ခြင်းမရှိဘဲ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေဆဲဖြစ်သည်။ ထို့ပြင် RCSS နှင့် SSPP/SSA ပါ တိုက်ပွဲများ ဖြစ်ပွားလာသည်ကို တွေ့မြင်ရသည်။
တပ်မတော်၏ လုံခြုံရေးယူထားမှု
နောင်ချိုမှစ၍ မူဆယ်အထိ ရှမ်းမြောက်ကားလမ်းမကြီးအား အဓိက နယ်မြေလုံခြုံရေးယူထားသည်မှာ တပ်မတော်မှဖြစ်သည်။ လားရှိုးတွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) အခြေစိုက်သည်။ ရမခ ဌာနချုပ်အခြေစိုက်ရာ လားရှိုးမြို့တွင် ထောက်ပံ့ရေး၊ ဆက်သွယ်ရေး၊ သံချပ်ကာ၊ အမြောက်တပ်၊ စစ်မြေပြင်အင်ဂျင်နီယာတပ်၊ လေကြောင်းရန် ကာကွယ်ရေးတပ်၊ AT ဝန်တင်လားတပ်၊ တိုင်းဗဟိုလေ့ကျင့်ရေးစသည့် စစ်လက်ရုံးတပ်ဖွဲ့များအပြင် ခလရ ၄၁၊ ခလရ ၆၈၊ ခမရ ၅၀၇ စသည့် ခြေလျင်နှင့် ခြေမြန်တပ်ရင်း ၅ ရင်းခန့် အခြေစိုက် တပ်စွဲထားသည်။
ကျောက်မဲတွင် အမှတ် ၁ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် (စကခ ၁) အခြေပြုသည်။ ထိ့ုပြင် ခလရ ၂၂ ၊ ခမရ ၅၀၁၊ ၅၀၂ စသည့်တပ်ရင်းများအပါ ရမခ လက်အောက်ခံ ၂ ရင်း စကခ ၁ လက်အောက်ခံ ၃ ရင်း စုစုပေါင်း ခြေလျင်/ခြေမြန် အခြေစိုက် တပ်ရင်း ၅ ရင်းရှိသည်။ အမြောက်တပ် (အမတ) ၂ ရင်းရှိသည်။ နောင်ချိုတွင် ရမခ လက်အောက်ခံ ခလရ ၁၁၄၊ ခလရ ၁၁၅ အပါ တပ်ရင်း ၃ ရင်း အခြေစိုက် တပ်စွဲထားသည်။ ကျောက်မဲမြို့၏ မြောက်ဘက်ရှိ နမ့်ဆမ်တွင်၊ မန်တုံတွင် ခလရ ၁၃၀၊ နမ္မတူတွင် ခလရ ၃၂၄ တပ်ရင်းများ အခြေစိုက်သည်။
သီပေါတွင် ခလရ ၂၃၊ ခမရ ၅၀၃၊ ခမရ ၅၀၄ ၊ အမှတ် ၅၀၀၃ သံချပ်ကာတပ်ရင်းတိ့ု အခြေစိုက်သည်။ သီပေါအနီး နမ့်လန်တွင် ခမရ ၅၀၅ ၊ ခမရ ၅၀၆၊ ခလရ ၂၄၃ စသည့် တပ်ရင်းများ အခြေစိုက်သည်။ မိုင်းရယ်တွင် ခလရ ၁၄၇ အခြေစိုက်သည်။
သိန္နီတွင် စကခ ၁၆ အခြေစိုက်သည်။ ခလရ ၆၉၊ ခလရ ၂၃၁ အပါ တပ်ရင်း ၃ ရင်းနှင့်အမတ ၁ ရင်း အခြေစိုက်သည်။ နန့်ဇလပ်တွင် ခမရ ၅၆၇၊ ခမရ ၅၆၈ တပ်ရင်း ၂ ရင်းအခြေစိုက်သည်။
ကွတ်ခိုင်တွင် ခလရ ၄၅၊ ခလရ ၂၄၁၊ ခလရ ၂၄၂ တပ်ရင်း ၃ ရင်းနှင့် အမြောက်တပ်ရင်း အခြေစိုက်သည်။ တာမိုးညဲတွင် ခလရ ၂၉၀ ၊ နန့်ဖတ်ကာတွင် ခလရ ၁၂၃ နှင့် နမ့်ခမ်းမြို့ နယ် မုန်းဝီး-မန်တပ်တွင် ခလရ ၁၄၄ အခြေစိုက်ပါသည်။ မူစယ်အနီး နမ့်လင်းတောင်ကြော ပွိုင့် ၄၅၆၁ တွင် အမြောက်တပ် အခြေပြုသည်။
ကွန်လုံတွင် ခမရ ၃၁၂ ၊ ခလရ ၁၂၇ နှင့် အမြောက်တပ်အပါ တပ်ရင်း ၃ ရင်း အခြေစိုက်သည်။ ဟိုပန်တွင် အခြေစိုက်တပ်ရင်း ၂ ရင်း ခန့်ရှိပါသည်။ ကွတ်ခိုင်၊ ကွန်လုံတွင် ရမခ လက်အောက်ခံ အခြေချ နည်းဗျူဟာ(နဗဟ) များ တပ်စွဲထားသည်။ ချင်းရွှေဟော် မြောက်ဖက် ကိုးကန့်ဒေသတွင် လောက်ကိုင် အခြေစိုက် ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (ဒကစ) တခုနှင့် လက်အောက်ခံ အခြေစိုက်တပ်ရင်း ၇ ရင်းခန့် (အမတ တပ်ရင်း တရင်း အပါ) သည် ကိုးကန့်ဒေသတွင် ဖြန့်ခွဲအခြေစိုက်ထားပါသည်။
အဆိုပါ အခြေစိုက်တပ်များအနက် စကခ ၁ နှင့် စကခ ၁၆ လက်အောက်ခံတပ်များသည် ရမခ နယ်မြေအတွင်း လိုအပ်သည့် စစ်ဆင်ရေးထွက်လေ့ရှိသည်။ ရမခ တိုင်းတပ်နှင့် ဒကစ လက်အောက်ခံတပ်များကတော့ မိမိအခြေစိုက်ရာ နယ်မြေတွင်သာ အဓိက လှုပ်ရှားပါသည်။ ရမခ နယ်မြေအတွင်း ရမခ ၊ ဒကစ(လောက်ကိုင်) လက်အောက်ခံတပ်ရင်းများ ၊ စကခ ၁ ၊ စကခ ၁၆ လက်အောက်ခံတပ်ရင်းများပေါင်းပါက ခြေလျင်/ခြေမြန်တပ်ရင်း ၄၀ ခန့်နှင့် လက်ရုံးတပ်များရှိသည်ကို တွေ့ရပါသည်။
သို့သော် အဆိုပါနယ်မြေခံတပ်များသည် မူစယ်- နောင်ချို ကြားတွင် လှုပ်ရှားနေသော တိုင်းရင်းသား လက်နက်ကိုင်တပ်များကို ထိန်းမထားနိုင်ပါ။ အခြားခြေမြန်တပ်မများ ထပ်မံဖြည့်တင်း၍ အလှည့်ကျဝင်ရောက် စစ်ဆင်ရေး တာဝန်ယူနေရသည်ကို တွေ့ရပါသည်။
လက်ရှိ ကိုးကန့်ဒေသတွင် အခြေစိုက် ဒကစ လက်အောက်ခံတပ်ရင်းများအပြင် ချင်းရွှေဟော်၌ တပ်မ တခု၊ လောက်ကိုင်ဒေသတွင် တပ်မတခုဖြန့်ခွဲ၍ ဒေသလုံခြုံရေး ယူထားရသည်။ ထို့အတူ မူစယ်ဒေသ ၁၀၅ အနီးတွင်တပ်မ တခု အခြေပြု၍ မုန်းကိုးဒေသနှင့် မုန်းဟောင်ဒေသတိ့ုတွင် စစ်ဗျူဟာတခုစီ စစ်ဆင်ရေးဝင်ရောက်လျက် ရှိသည်။
ထို့ပြင် နမ့်ခမ်းဒေသတွင် တပ်မ ၁ ခုနှင့် ကျောက်မဲ-နမ့်ဆမ်ဘက်မှ တပ်မ ၁ ခု စစ်ဆင်ရေး ဝင်ရောက်ပြီး နယ်မြေလုံခြုံရေး ဆောင်ရွက်ပါသည်။ ပုံမှန်အချိန်၌တွင်ပင် တိုင်း/ဒကစ/စကခ ၁/စကခ ၁၆ စသည့် တိုင်းတပ်များအပြင် တပ်မ ၅ ခုခန့် စစ်ဆင်ရေး ဝင်ရောက်ပါသည်။ တပ်မတခုလျင် တပ်ရင်း ၈ ရင်းမှ ၁၀ ရင်းအထိ အသုံးပြုသဖြင့် တပ်ရင်း ၄၀ မှ ၅၀ ကြား ထပ်ဖြည့်ရသည်ကို တွေ့ရပါသည်။
သို့ဖြစ်ရာ ရမခ နယ်မြေတွင်း၌ လက်ရုံးတပ်များပါ ပေါင်းပါက တပ်ရင်းပေါင်း ၁၀၀ ခန့်ရှိပြီး အများစုမှာ နောင်ချို နှင့် မူစယ်ကြားရှိ ဒေသနှင့် လမ်းလုံခြုံရေးယူလျက်ရှိသည်ကို တွေ့ရသည်။ အဆိုပါ နယ်မြေ၌ တပ်အင်အားအပြင် တပ်မတော်က အသိမှတ်ပြုဖွဲ့စည်းထားသော ပြည်သူ့စစ်အင်အားများလည်း ရှိသေးသည်။
ပြည်သူ့စစ်များ
ပြည်သူ့စစ်များသည် အဆိုပါနယ်မြေ၌ တပ်အတွက် အရေးပါသော လက်နက်ကိုင်အင်အားစုများဖြစ်သည်။
နမ့်ခမ်းမြို့ တွင် ပန်ဆေးဦးကျော်မြင့် ဦးစီး ပန်ဆေး ပသစနှင့် နမ့်ခမ်း မြို့မ ပသစ၊ မူစယ်မြို့ တွင် ဦးအိုက်စမ်ဦးစီး မြို့မ ပသစ၊ မုန်းပေါ်တွင် ဦးမာမွန်း ဦးစီး မုန်းပေါ်ပသစ၊ ကွတ်ခိုင်မြို့ တွင် ယခင်က ဦးတီခွန်မြတ်ဦးစီးခဲ့သည် ကွတ်ခိုင်ပသစ၊ ကောင်းခါး ၌ ဦးမထုနော်ဦးစီး ကောင်းခါး ပသစ ၊ တာမိုးညဲ၌ ဦးမြင့်လွင် ခေါ် ဝမ်ကွေတာ ဦးစီး တာမိုးညဲ ပသစ ၊ ဦးဟန်ဝင်းနှင့် ဦးရန်နိုင်ဦးစီး ရှောက်ဟော်/ လုံထန် ပသစ၊ လားရှိုးအရှေ့ဖက်ရှိ ဦးဘိုမွန် ပသစ၊ သီပေါ အနီးရှိ စိန်ဂျော့ ပသစ စသည့် ပသစ အဖွဲ့များစွာရှိသည်။
ထို ပသစ အဖွဲ့များအနက် KDA ( Kachin Defence Army ) တဖြစ်လဲ ကောင်းခါး ပသစ မှာ အင်အားအများဆုံးဖြစ်ပြီး ရင်း ၅ ရင်း ဖြင့် အင်အား ၅၀၀ မှ ၈၀၀ ခန့်အထိရှိနိုင်သည်။ ကွတ်ခိုင် ဦးတီခွန်မြတ် ပသစ မှာ အင်အား ၁၀၀ ကျော်ခန့်၊ ဦးဝမ်ကွေတာ၏ တာမိုးညဲ ပသစ မှာ အင်အား ၂၀၀ ကျော် ၃၀၀ ခန့်ရှိနိုင်သည်။ ကွန်လုံရှိ ဟောရှောက်ရန် ဦးစီးသည့် အင်အား ၁၀၀ ကျော်ခန့်အား အထူးတိုက်ခိုက်ရေးရဲဟူသည့် အမည်ဖြင့် ဖွဲ့စည်းထားသည်ဟု သိရပါသည်။
ထို့အတူ ပန်ဆေး ပသစ မှာ အင်အား ၁၀၀ ခန့်၊ မုန်းဝီးမြို့မ ပသစမှာ အင်အား ဆယ်ဂဏန်းခန့်၊ မူစယ် အိုက်စမ် ပသစ မှာ အင်အား ၁၀၀ ခန့်၊ မိုင်းကျက်-မိုင်းယော်ဂွင်ရှိ ဘိုမွန်-မန်ပန် ပသစ မှာ အင်အား ၂၀၀ ခန့်၊သီပေါ- စိန်ကျော့ ပသစမှာ အင်အား ၂၀၀ ခန့် အသီးသီးရှိကြသည်ဟု ဆိုပါသည်။ သို့ဖြစ်ရာ ပသစ အင်အားစုစုပေါင်းမှာ ၂၀၀၀ ခန့်ရှိသည်ဟု သုံးသပ်ရပါသည်။
အဆိုပါ ပသစ များသည် ဒေသအုပ်ချုပ်ရေးအောက်တွင် မရှိဘဲ တပ်၏ တိုက်ရိုက်အုပ်ချုပ်မှုအောက်တွင် ရှိသည်။ ရမခ တိုင်း စစ်ဦးစီး(ပထမတန်း) ဗိုလ်မှူးကြီးတဦးက အဆိုပါ ပသစများနှင့်ပတ်သက်၍ တိုက်ရိုက်ကိုင်တွယ်သည်။ ပသစ များအား တပ်၏ အရံအင်အားအဖြစ် ထားသည်။ ပသစ များသည် ဒေသခံများဖြစ်ရာ ၎င်းပသစများမှတဆင့် တိုင်းရင်းသား လက်နက်ကိုင်များ၏ သတင်းထောက်လှမ်းနိုင်ရန် တပ်က ရည်ရွယ်အသုံးပြုသည်။
တဖက်ကလည်း တပ်သည် ပသစများ ထောက်ပံ့ခြင်း မပြုနိုင်၍၎င်း၊ ပသစ များအား မက်လုံးပေးသည့်အနေနှင့်၎င်း လောင်းကစားရုံ (casino) များကို နယ်စပ်မြို့များ၌ ဖွင့်လှစ်ရန် ခွင့်ပြုထားသည်။ ထိုင်းနယ်စပ် မြဝတီ၊ တာချီလိတ်တိ့ုကဲ့သို့ပင် တရုတ်နယ်စပ် မူစယ်တွင်လည်း ပသစများက လောင်းကစားရုံများ ဖွင့်လှစ်ခွင့်ရထားခဲ့ကြသည်။ မူစယ်၌ ပသစ ၇ ဖွဲ့ခန့်က လောင်းကစားရုံကြီးများ ပြုလုပ်ခွင့်ရထားပြီး လောင်းကစားရုံငယ် ရာနှင့်ချီ၍ ဖွင့်လှစ်ထားကြသည်။
ပသစများ၏ လက်နက်ကိုင်ဆောင်မှုသည် တပ်က တပ်ဆင်ပေးသည်ထက် မိမိဖါသာ ဝယ်ယူကိုင်ဆောင်ကြသည်ဟု ဆိုသည်။ နောက်ဆုံးဖြစ်ပွားခဲ့သော မူစယ်တိုက်ပွဲတွင် ပသစ များက ၄၀ မမ အာပီဂျီ လောင်ချာ ကိုင်တွယ်ပစ်ခတ်သည်ကို တွေ့ရသည်။ အများစုမှာ အော်တိုမောင်းပြန်ရိုင်ဖယ်များ ကိုင်ဆောင်ကြသည်ကို တွေ့ရသည်။ ပသစ များသည် နယ်မြေလုံခြုံ ရေးတွင် မိမိဖါသာ သီးသန့်လုပ်ဆောင်နိုင်ခြင်း မရှိပါ။
တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ
မူစယ်-မန္တလေး ကားလမ်းမကြီးတလျောက်အပါ အဝင် ရှမ်းမြောက်တခွင်တွင် အခြေပြု လှုပ်ရှားနေသော တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များမှာ အောက်ပါအတိုင်းဖြစ်သည်။
KIA
ရှမ်းပြည်မြောက်ပိုင်းတွင် နှစ် ၆၀ နီးပါး အခြေချ စိုးမိုးလှုပ်ရှားနေခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ဖြစ်သည်။ လက်ရှိတွင် တပ်မဟာ ၄၊ တပ်မဟာ ၆ နှင့် တပ်မဟာ ၁၀ ဟူ၍ တပ်မဟာ ၃ ခုဖွဲ့စည်းပြီး ဖြန့်ခွဲလှုပ်ရှားနေသည်။ တပ်ရင်း ၃ ရင်းပါ တပ်မဟာ ၄ သည် နမ့်ခမ်း၊ မူဆယ်၊ ကွတ်ခိုင် ကားလမ်း ဝဲယာနှင့် ရွှေလီချိုင့်ဝှမ်းဒေသတွင် လှုပ်ရှားသည်။ အဆိုပါ တပ်မဟာ ၄ သည် ဖွဲ့စည်းခဲ့သည်မှာ ကြာမြင့်ပြီဖြစ်ပြီး ရှမ်းမြောက်တွင် အစောဆုံးဖွဲ့စည်းခဲ့သည့် တပ်မဟာဖြစ်သည်။ တပ်ရင်း ၃ ရင်းပါ တပ်မဟာ ၆ သည် မုန်းကိုး၊ ဖေါင်းဆိုင်၊ မုန်းပေါ်ကြီး၊ မုန်းဟောင်၊ မုန်းယားဒေသများတွင် လှုပ်ရှားသည်။ တပ်မဟာ ၆ အား ၂၀၁၀ နောက်ပိုင်းမှ တိုးချဲ့ ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။
တပ်ရင်း ၂ ရင်းပါ တပ်မဟာ ၁၀ ကို ၂၀၁၈ ခုနှစ် အတွင်းမှ တိုးချဲ့ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ တပ်ရင်းသစ် ဖွဲ့စည်းခြင်းမရှိဘဲ မူလရှိပြီးတပ်မဟာမှ တပ်ရင်း ၂ ရင်းကို ထုတ်နှုတ်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ တပ်မဟာ ၁၀ သည် သိန္နီ-ကွန်လုံကားလမ်း ဝဲယာရှိ ဒေသများတွင် လှုပ်ရှားသည်။ သို့ဖြစ်ရာ ဆက်သွယ်ရေးကားလမ်း ဝဲယာတွင် တိုက်ရိုက်ဆက်စပ်နေသော တပ်မဟာများမှာ တပ်မဟာ ၄ နှင့် တပ်မဟာ ၁၀ ဖြစ်သည်။
လက်ရှိအချိန်တွင် KIA တပ်မဟာ ၄ သည် နန့်ဖတ်ကာ၊ ကွတ်ခိုင်၊ တာမိုးညဲ မြို့ သုံးပွင့်ဆိုင်ကြားရှိ ကုန်းဝိန်း Kong Wing တောင်ကြောပေါ်တွင် အခြေပြု ထားသည်။ မူစယ်နှင့်နန့်ဖတ်ကာကြားကားလမ်းတလျှောက်တွင် KIA ရင်း ၉ အခြေပြု လှုပ်ရှားသည်။ နန့်ဖတ်ကာ၏ အရှေ့မြောက်ဖက် (ကားလမါး၏အရှေ့ဖက်) Dak Lek Bum တောင်ကြောတွင် ရင်း ၉ ဌာနချုပ် အခြေပြု ပြီး ၁၀၅ မိုင်နှင့် နန့်ဖတ်ကာ ကြားရှိ Sin lum Bum တောင်အပါကားလမ်းဝဲယာရှိတောင်ကြောများတွင် KIA ရင်း ၉ လက်အောက်ခံ တပ်ခွဲများ ဖြန့်ခွဲလှုပ်ရှားသည်။ နန့်ဖတ်ကာ၊ မုန်းဝီး၊ ကွတ်ခိုင်ကြားရှိ ရွှေလီချိုင့်ဝှမ်းဂွင်ဒေသတွင် KIA ရင်း ၈ မှ တပ်ခွဲများ ဖြန့်ခွဲလှုပ်ရှားသည်။ ထိုဒေသမှာ မူဆယ် ကားလမ်း၏ အနောက်ဘက်ခြမ်းတွင်ဖြစ်ပြီး ကားလမ်း အားစိုးမိုးနိုင်ပါသည်။
သိန္နီ-ကွန်လုံကားလမ်း၏ ဝဲယာတွင်အခြေပြုလှုပ်ရှားသည်မှာ KIA တပ်မဟာ ၁၀ မှတပ်များဖြစ်သည်။ သိန္နီနှင့်ကွန်လုံကြား (သိန္နီမှ ၄၈ ကီလိုမိုင် အကွာတွင်ရှိသော) နားတီး ၏တောင်ဖက် လွယ်မင်ကန်တောင်ကြောတွင် KIA ရင်း ၁၇ မှ အခြေပြု လှုပ်ရှားသည်။ ထို့အတူ ကားလမ်းမြောက်ဘက် မုန်းစီးဒေသတွင်လည်း KIA’ရင်း ၂ မှ အခြေပြု လှုပ်ရှားပါသည်။ ထို့ပြင် KIA တပ်မဟာ ၃ ခုလုံးမှ တပ်ရင်းတပ်ဖွဲ့များသည် မုစယ်-မန္တလေးကားလမ်းအား အချိန်မရွေးနှောက်ယှက်တိုက်ခိုက်နိုင် သည့် အကွာအဝေးတွင်ရှိနေပါသည်။
TNLA
TNLA တပ်ဖွဲ့သည် ၂၀၁၂ မှစ၍ ပြန်လည်စုဖွဲ့လှုပ်ရှားခဲ့သောတပ်ဖွဲ့ဖြစ်သော်လည်း အချိန်တိုအတွင်းတွင် အင်အားကြီးထွား လာခဲ့ပြီး တအာင်းဒေသတွင်း၌ သြဇာကြီးမားသောအဖွဲ့အစည်းအဖြစ် ရပ်တည်နိုင်ခဲ့ပါသည်။ လက်ရှိ TNLA တပ်ဖွဲ့တွင် တပ်မဟာ ၆ ခုဖွဲ့စည်းထားပြီး အောက်ပါအတိုင်းဖြန့်ခွဲလှုပ်ရှားနေပါသည်။
TNLA တပ်မဟာ ၁ လက်အောက်တွင် ရင်း ၁၀၁/၁၁၂/၄၇၈/၅၇၁/၈၇၆ စသည့် တပ်ရင်း ၅ ရင်းရှိသည်။ အဆိုပါ တပ်မဟာ ၁ သည် နမ့်ခမ်း-မုန်းဝီးဂွင်တွင် လှုပ်ရှားပြီး စုစုပေါင်းအင်အား ၆၀၀ ခန့်ရှိပါသည်။
TNLA တပ်မဟာ ၂ တွင် ရင်း ၂၅၆/၄၃၄/၆၆၆/၇၁၇/၉၈၇ စသည့် တပ်ရင်း ၅ ရင်း အင်အား ၆၀၀ ခန့်ရှိပြီး ကျောက်မဲ၊ နမ့်ဆန်၊ တော့ဆန်၊ နောင်ချို ၊ မိုးမတ်၊ မိုင်းလုံ၊ ကွန်ခါ စသည့်ဒေသများတံင် လှုပ်ရှားပါသည်။
TNLA တပ်မဟာ ၃ လက်အောက်တွင် ရင်း ၃၆၇/၆၈၃/၇၆၅/၇၇၃/၉၉၉ စသည့် တပ်ရင်း ၅ ရင်းရှိပြီး အင်အား ၆၀၀ ခန့်ရှိပါသည်။ အဆိုပါ တပ်မဟာ ၃ သည် မုန်းဝီးတောင်ဖက် ရွှေလီမြစ်ရိုးတလျောက်တွင် လှုပ်ရှားပါသည်။
TNLA တပ်မဟာ ၄ လက်အောက်တွင် ရင်း ၃၃၃ / ၅၇၇/၅၉၅/၆၆၁/၈၈၅ စသည့် တပ်ရင်း ၅ ရင်းရှိပြီး အင်အား ၆၀၀ နှင့် ၇၀၀ ကြားတွင်ရှိပါသည်။ ၎င်းတပ်မဟာသည် သိန္နီ-လားရှို းကားလမ်းအနောက်ဖက်မှ နမ္မတူအထိ လှုပ်ရှားပါသည်။
TNLA တပ်မဟာ ၅ လက်အောက်တွင် တပ်ရင်း ၅ ရင်းရှိပြီး အင်အား ၇၀၀ ခန့်ရှိပါသည်။ မူဆယ်၊ ကွတ်ခိုင်၊ သိန္နီ ကားလမ်း အနောက်ဖက်ခြမ်းတွင် လှုပ်ရှားပါသည်။
TNLA တပ်မဟာ ၆ လက်အောက်တွင် ရင်း ၃၃၃/၅၇၇/၅၉၅/၆၆၁/၈၈၅ စသည့် တပ်ရင်း ၅ ရင်းရှိပြီး အင်အား ၆၀၀ ခန့်ရှိပါသည်။ ၎င်းတပ်မဟာ ၆ သည် သိန္နီ-ကွန်လုံကားလမ်း တောင်ဖက်၊ သိန္နီ-လားရှို းကားလမ်းအရှေ့ဘက် မှ သံလွင်မြစ်အထိ မုန်းကျက်-မုန်းယော်ဂွင်အတွင်း၌ လှုပ်ရှားပါသည်။
TNLA တပ်ဖွဲ့တွင် တပ်မဟာ ၆ ခု တပ်ရင်း ၃၀ ရှိပြီး တပ်ရင်းတရင်း လျင် အင်အား ၁၀၀ ကျော်ခန့်ရှိသည်။ ရှမ်းမြောက်ရှိ တိုင်းရင်းသားလက်နက် ကိုင်တပ်ဖွဲ့များတွင် မူစယ်-မန္တလေး ကားလမတလျောက် အစိုးမိုးနိုင်ဆုံး တပ်ဖွဲ့ဖြစ်သည်။ ကားလမ်း ဝဲယာတောင်ကြောများတွင် တအာင်းပလောင်ရွာ များစွာရှိရာ တအာင်းလူထု၏ထောက်ခံမှုရရှိနေသော TNLA သည် မူစယ်-မန္တလေးကားလမ်းတလျှောက်တွင် အများဆုံးစိုးမိုးလှုပ်ရှားနိုင်သောတပ်ဖွဲ့ဖြစ်သည်။
MNDAA (ကိုးကန့်)
MNDAA ကိုးကန့်တပ်ဖွဲ့သည် ၎င်းတိ့ုကိုးကန့်ဒေသမြောက်ပိုင်း ဟုန်အိုင်ဒေသတွင် တပ်အချို့ဖြင့် ခံစစ်ဆင်နေသည်နှင့် တပြိုင်တည်း တပ်အင်အားအချို့သည် သံလွင်မြစ်အနောက်ဘက်ကမ်းတွင် လှုပ်ရှားလျက်ရှိပါသည်။ MNDAA ကိုးကန့် တပ်မဟာ ၅၁၁ မှ တပ်ရင်း ၂ ရင်း အင်အား ၃၀၀ မှ ၄၀၀ ခန့်သည် မုန်းစီး-နားလယ်ဒေသ နမ့်ကျွမ်းတဝိုက်တွင် KIA/TNLA တိ့ုနှင့်ပူးတွဲ၍ အခြေပြု လှုပ်ရှားလျက်ရှိပါသည်။ အဆိုပါနေရာသည် ကွန်လုံ-သိန္နီကားလမ်းမြောက်ဘက် ကားလမ်းနှင့်အလှမ်းမဝေးဘဲ ကားလမ်းကို ခြိမ်းခြောက်နိုင်သည့်နေရာတွင်ရှိပါသည်။
ထိ့ုပြင် MNDAA ကိုးကန့်တပ်မဟာ ၅၁၁ မှ တပ်ရင်းတရင်းခွဲခန့်နှင့် တပ်မဟာဌာနချ ုပ် သည် မုန်းကိုးဒေသတွင် KIA တပ်မဟာ ၆ နှင့်အတူတကွရှိပါသည်။ မူစယ်-မန္တလေး ကားလမ်း၏မြောက်ဖက်ခြမ်းတွင် စုဖွဲ့နေသော အင်အားများဖြစ်ပါသည်။
AA
ရှမ်းပြည်မြောက်ပိုင်းသည် AA တပ်ဖွဲ၏အခြေခံဒေသမဟုတ်ပေ။ သို့သော် AA တပ်ဖွဲ့သည် KIA ၏အကူအညီဖြင့် KIA ဌာနချုပ် လိုင်ဇာတွင် အခြေပြု၍ တပ်တည်ဆောက်လျက်ရှိသည်။ တရုတ်နယ်စပ်တွင် တည်ဆောက်ပြီးသော ၎င်းတပ်ဖွဲ့များ ရခိုင်ပြည်နယ်မြောက်ပိုင်းနှင့် ချင်းပြည်နယ်တောင်ပိုင်း လူခွဲ၍ စေလွှတ်လျက်ရှိသည်။ ဤသို့စေလွှတ်သည့် တပ်များမှာ ယခုအခါ အင်အား ၂၀၀၀ ခန့်ရှိပြီဟုဆိုသည်။
သို့သော် လက်ရှိတရုတ်နယ်စပ်တလျှောက်တွင်လည်း အင်အား ၂၀၀၀ ခန့် ကျန်ရှိနေသေးပြီး ၎င်း၏ စစ်ရေး မဟာမိတ်များဖြစ်သော KUA/TNLA/MNDAA နှင့်အတူပူးတွဲ စစ်ဆင်ရေး များတွင် ပါဝင်ပေးလျက်ရှိသည်။ သို့ဖြစ်ရာ AA သည် ၎င်း၏တပ်ဖွဲ့များကို စစ်ဆင်ရေးလိုအပ်ချက်အရ၎င်း စစ်ရေး အတွေ့အကြုံ ရရှိစေရန်အတွက်ရည်ရွယ်၍၎င်း ကချင်ပြည်နယ် လိုင်ဇာမှသည် ရှမ်းပြည်မြောက်ပိုင်း နှင့် ကိုးကန့်ဒေသအထိ စေလွှတ်သည်ကို တွေ့ရသည်။
သို့သော် AA အနေနှင့် ဒေသအား ထိန်းချုပ်စိုးမိုးမရှိဘဲ ၎င်းမဟာမိတ်များ စစ်ဆင်ရေးလိုအပ်ချက်ရှိမှာသာ ဝင်ရောက်ပါဝင်ပေးသည့် တပ်ဖွဲ့ဖြစ်သည်။ ရှမ်းပြည်မြောက်ပိုင်း စစ်ဆင်ရေးများတွင် အင်အား ၅၀၀ ခန့်အထိ ပါဝင်သည်ဟု အတည်ပြုဆဲသတင်းများက ဆိုပါသည်။ သို့သော် တိုက်ပွဲများစစ်ဆင်ရေးများ တိုက်ပွဲများ မရှိပါက AA တပ်ဖွဲ့သည် နယ်မြေစိုးမိုးရေးတွင်ပါဝင်လှုပ်ရှားခြင်းမရှိပါ။ ၎င်း၏မဟာမိတ်တပ်ဖွဲ့များကသာ ဆောင်ရွက်ပါသည်။
SSPP/SSA
SSPP/SSA တပ်ဖွဲ့ဝင်များ လှုပ်ရှားစိုးမိုးသည့် ဧရိယာမှာ လားရှိုး၊ သီပေါ ၊ ကျောက်မဲနှင့်နောင်ချို ကားလမ်း ဝဲယာ တွင်ဖြစ်သည်။ နောက်ချို၏ မြောက်ဖက်နှင့်တောင်ဖက်၊ နောင်ချိုနှင့် ကွန်ခါကြား၊ သီပေါ အရှေ့ဘက် နားမွန်-ပုံ့တုံစသည့်ဒေသများတွင် SSPP/SSA တပ်ဖွဲ့များ အဓိကလှုပ်ရှားသည်။ သီပေါဒေသတွင် အင်အား ၃၀၀ မှ ၄၀၀ ခန့်ရှိပြီး နောင်ချိုဒေသတွင် အင်အား ၂၀၀ မှ ၃၀၀ ခန့်ထိ လှုပ်ရှားလေ့ရှိသည်။ လားရှိုး-သိန္နီဂွင်တွင်လည်း အင်အားအချို့ လှုပ်ရှားနေသည်ဟုသိရသည်။
SSPP/SSA တပ်မဟာ ၁ နှင့် လားရှိုး၊ သိန္နီဂွင်တွင် တပ်မဟာ ၁၅၃ လှုပ်ရှားနေသည်။ အဆိုပါတပ်မဟာ ၃ ခုသည် SSPP/SSA တပ်မ ၉၉၉ ၏ လက်အောက်ခံတပ်မဟာများ ဖြစ်သည်ဟု ဆိုသည်။ တပ်မဟာ တခုလျင် တပ်ရင်း ၃ ရင်းပါဝင်ပြီး တပ်ရင်းတရင်းလျင်အင်အား ၁၀၀ ကျော်ခန့်ရှိသည်ဟု သိရှိရပါသည်။ ထိုတပ်မဟာ ၃ ခုအနက် လားရှိုး-သိန္နီဂွင်တွင် လှုပ်ရှားစိုးမိုးနိုင်စွမ်းအားနည်းသည်ဟု ဆိုကြပါသည်။
မည်သို့ပင်ဖြစ်စေ SSPP/SSA တပ်များသည် မူစယ်-မန္တလေးလမ်းမကြီးတွင် လားရှိုး နှင့် နောင်ချို ကြားကားလမ်းပိုင်းအား စိုးမိုးနိုင်သည်ဟ ုဆိုရပါမည်။ တချိန်တည်းတွင် SSPP /SSA ၏ဗဟိုဌာနချ ုပ်သည် ဝမ်ဟိုင်းတွင်ရှိရာ အထက်ပါတပ်မဟာ ၃ ခုသည် ဌာနချ ုပ်လုံခြုံရေးအတွက် ရှေ့ကာအဖြစ် အရေးပါသောတပ်များအဖြစ် လှုပ်ရှားနေသောတပ်ဖွဲ့များလည်း ဖြစ်ပါသည်။
RCSS/SSA
လက်ရှိ မြောက်ပိုင်းတွင် RCSS တပ်ဖွဲ့လှုပ်ရှားနေသောနေရာများအနက် တခုမှာ နမ့်ခမ်းနှင့် မူစယ်ကြား၊ မူစယ်နှင့် ကြူ ကုတ်ကြားရှိ ရှမ်းရွာများတွင် အခြေပြု လှုပ်ရှားလျက်ရှိသည်။ သို့သော် တပ်က ခွင့်မပြု၍ အရပ်ဝတ်ဖြင့် လှုပ်ရှားနေကြပြီး တခါတရံမှ ယူနီဖေါင်းဝတ် သေနတ်ကိုင်၍ လှုပ်ရှားကြသည်။ အများအားဖြင့် အရပ်ဝတ်ဖြင့်၎င်း ၊ မူစယ်မြို့တွင် စီးပွါးရေးလုပ်ငန်းလာလုပ်နေသော စိန်ကျော့ ပသစ အသွင်ယူ၍၎င်း လှုပ်ရှားနေလေ့ရှိသည်။ နမ့်ခမ်း-မူစယ်-ကြူကုတ်ပန်ဆိုင်းဒေသတွင် အရပ်ဝတ်ဖြင့် လှုပ်ရှားနေသော RCSS အင်အား ၁၀၀ ခန့်ရှိသည်ဟုသိရသည်။ အရပ်ဝတ်ဖြင့်သာ လှုပ်ရှားနေ၍ ဤဒေသတွင် TNLA နှင့် လက်နက်ကိုင်ပဋိပက္ခ မရှိပါ။
ရှမ်းမြောက်၌ RCSS/SSA တပ်ဖွဲ့များ လှုပ်ရှားနေသော ဒုတိယနေရာမှာ နမ္မတူ-မန်စံ- လားရှို းကားလမ်း၏တောင်ဖက်၊ ပြည်ထောင်စုလမ်းမဟု ခေါ်သည့် မန္တလေး-မူဆယ်ကားလမ်း၏ အနောက်မြောက်ဖက် မန်စံရေကျ အနီးတွင်ဖြစ်ပြီး RCSS/SSA တပ်ဖွဲ့မှ အင်အား ၁၀၀ ခန့် လှုပ်ရှားလျက်ရှိသည်။
တတိယလှုပ်ရှားသည့်နေရာမှာ ကျောက်မဲအနီး တော့ဆန်ရွာနှင့်နမ့်တွေ့ကြားရှိ ဟူကွယ်-ဟူစွမ်ရွာများတဝိုက်တွင်ဖြစ်ပြီး အင်အား ၃၀၀ မှ ၄၀၀ ခန့်ထိ လှုပ်ရှားနေသည်။ RCSS တပ်ဖွဲ့များ စတုတ္ထလှုပ်ရှားသည့်နေရာမှာ ကျောက်မဲ-သီပေါ ကားလမ်းမြောက်ဖက် အူမူးဒေသ၊ ပန်ခါးတောင်-ထန်စမ့်တောင်ဒေသတွင်ဖြစ်သည်။ ထိုဒေသတွင် RCSS/SSA မှအင်အား ၂၀၀ မှ ၃၀၀ ခန့်ထိ လှုပ်ရှားသည်။ တတိယနေရာနှင့် စတုတ္ထနေရာ ၂ ခုမှနီးပြီး RCSS တပ်ဖွဲ့များ အပြန်အလှန်ကူးလူး တပ်ရွှေ့လေ့ရှိသည်။ အဆိုပါနေရာ ၂ ခုပေါင်းအင်အားမှာ ပုံမှန်အားဖြင့် ၆၀၀ မှ ၇၀၀ ကြားတွင်ရှိသည်ဟု သိရှိရပါသည်။
RCSS/SSA သည် အစိုးရနှင့် NCA ထိုးပြီးသားအဖွဲ့ဖြစ်သည်။ မူစယ်-နမ့်ခမ်းအနီးရှိ တပ်ဖွဲ့များ လှုပ်ရှားမှုသည် NCA သဘောတူညီချက်နှင့် မကိုက်ညီ၍ အရပ်ဝတ်နှင့်တရားမဝင်လှုပ်ရှားနေသည်ဟု ဆိုရပါမည်။ ဒုတိယ၊ တတိယနှင့် စတုတ္ထနေရာများတွင် RCSS/SSA တပ်များ ဝင်ရောက်သည်မှာ ၂၀၁၅ ခုနှစ်နှောင်းပိုင်းမှ ဖြစ်ပြီး ဤသို့ ဝင်ရောက်မှုသည် NCA နှင့် ညီ၊ မညီ မေးခွန်းထုတ်စရာ ဖြစ်သော်လည်း RCSS တပ်ဖွဲ့များနှင့် NCA လက်မှတ်မထိုးသေးသည့် TNLA နှင့် နယ်မြေထိမ်းချုပ်ခွင့်အတွက် တိုက်ပွဲများဖြစ်ပွါးနေ၍ အစိုးရတပ်က လက်ရှောင်နေသည်ဟု ဆိုရပါမည်။
သို့ဖြစ်ရာ လားရှိုး၊ ကျောက်မဲနှင့် သီပေါတဝိုက်တွင် RCSS/SSA နှင့် TNLA တပ်ဖွဲ့များသည် နယ်မြေထိန်းချုပ်ခွင့်ရရေး အတွက် ၂၀၁၅ ခုနှစ်မှ စ၍ မကြာခဏတိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွါးလျက်ရှိပြီး အချို့ တိုက်ပွဲများသည် ရက်အတန်ငယ် ကြာသည်အထိဖြစ်ပွါးပြီး ဒေသတွင်း၌ မတည်ငြိမ်မှု ဖြစ်ပွါးသည်။ ၎င်းတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွါးသည့်နေရာသည် တရုတ်မြန်မာနယ်စပ်နှင့်ဝေးသောလည်း ပြည်ထောင်စုလမ်းမကြီး၏ သီပေါ၊ ကျောက်မဲ၊ နောင်ချိုကားလမ်းပိုင်း၏ လုံခြုံရေးအား ထိခိုက်စေသည်ကတော့ အမှန်ပင်ဖြစ်သည်။
ကားလမ်းလုံခြုံရေး စဉ်းစားမှုပေးသည့်အချက်တချက်
၂၀၁၈ ခုနှစ်အတွင်း နယ်စပ်ကုန်သွယ်ရေးမှ နွားအရှင်များ တရုတ်ပြည်သို့ မူစယ်နယ်စပ်ဂိတ် ပို့ဆောင်ကုန်သွယ်ရန် မြန်မာအစိုးရမှ ခွင်ပြုခဲ့သည်။ တကယ်ဆိုလျှင် ယခင် မြန်မာအစိုးရက တရားဝင်ခွင့်မပြုသည့်ကာလကလည်း နွားအရှင်များကို တရုတ်ပြည်သို့ မှောင်ခိုတင်ပို့နေသည်သာဖြစ်သည်။ ထိုစဉ်က မှောင်ခိုတင်ပို့နေသူများသည် လမ်းကြောင်းတွင်ရှိသည့် အစိုးရစစ်တပ်နှင့်ရဲအား လိုင်းကြေး ခေါ် လာဘ်ငွေပေး၍လည်းကောင်း၊ တိုင်းရင်းသား လက်နက်ကိုင်များအား ဆက်ကြေးခေါ် အခွန်ပေး၍၎င်း ဖြတ်သန်းကြသည်။
ယခု တရားဝင် သွားသည့်ကာလတွင် စစ်တပ်နှင်ရဲအား သီသန့် လိုင်းကြေးမပေးတော့သည့် နောက်ပိုင်း ၂၀၁၈ ခုနှစ်အတွင်း သီပေါနှင့်ကျောက်မဲကြား မောင်ဖုန်းတောင်နှင့်ကုန်းသာရွာအနီးတိ့ုတွင် အဆိုပါနွားကား အပစ်ခံရမှု ကားမောင်းသူများ သေဆုံးရမှု ၈ ကြိမ်ဖြစ်ပွါးခဲ့သည်။
ဤသို့ဖြစ်ပွါးခြင်းနှင့်ပတ်သက်၍ အစိုးရဘက်က တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ (ထိုလမ်းပိုင်း၌ SSPP/SA နှင့် RCSS/SSA) ကို အပစ်ဖိ့ုသည်။ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များကလည်း စစ်တပ်နှင့်ရဲက လိုင်းကြေးမရ၍ ပစ်သည် ဟု ပြန်လည်စွပ်စွဲသည်ကိုလည်း ကြားရ သည်။ တောတောင်တွင် မည်သူပစ်ခတ်သည်ကို သက်သေရရန် ခက်ခဲသည်ဖြစ်ရာ မည်သည်ဘက်က တာဝန်ရှိသည်ဆိုသည်ကို ပြောဆိုရန်ခက်ခဲသည်။
မည်သို့ပင်ဖြစ်စေ ဤဖြစ်ရပ်မှ သက်သေပြသည်မှာ မူဆယ်-မန္တလေးကားလမ်းမကြီး၌ လားရှိုးအောက်ဖက်၌ပင် လမ်းလုံခြုံရေး စိတ်ချရမှု မရှိကြောင်း တွေ့ရသည်။ မူဆယ်ကားလမ်းမကြီး လုံခြုံရေးပြသနာကို ကြည့်မြင်ရာ နယ်စပ်ဒေသလုံခြုံရေးသက်သက် ပြဿနာသာမဟုတ် နယ်စပ်နှင့် အလှမ်းဝေးသည့်နေရာတွင်လည်း ကြုံတွေ့ရသည့် ပြဿနာလည်း ဖြစ်သည်ကို သတိပြုရန်လိုသည်။
ဆိုလိုသည်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ပြသနာသည် တရုတ်နယ်စပ်တွင်သာ ဖြစ်နေသည် မဟုတ်သည့်ပြင် တပ်မတော် နှင့် ရဲ စသည့် လုံခြုံရေးတပ်ဖွဲ့များနှင့်ပတ်သက်၍လည်း ထည့်သွင်းစဉ်းစားရန် လိုအပ်သည်ကို ပြသနေသည်။
လုံခြုံရေးအခြေအနေသုံးသပ်ချက်
တပ်မတော် နှင့် ပြည်သူ့စစ်များစွာချထားသော်လည်း တိုင်းရင်းသားလက်နက်ကိုင်များနှင့် ထိပ်တိုက်ရင်ဆိုင်နေရဆဲဖြစ် သည်။ ရဲတပ်ဖွဲ့သက်သက်နှင့် တိုင်းရင်းသားလက်နက်ကိုင်များကို ရင်ဆိုင်နိုင်ခြင်းမရှိပေ။ ထို့ကြောင့် ကားလမ်း တလျောက်နယ်မြေများအား လုံခြုံရေးအဆင့်အတန်းအရ အညို ရောင်နှင့်အမည်းရောင်အဆင့်အတန်းသတ်မှတ်ထားသည်။ တပ်မတော်၏ လုံခြုံရေးအဆင့်အတန်း သတ်မှတ်ချက်အရ အဖြူရောင်ဆိုလျှင် အစိုးရနှင့် တပ်က အပြည့်အဝချုပ်ကိုင်မှု အောက်တွင်ရှိပြီး အညိုရောင်အဆင့်အတန်းဆိုပါက တပ်နှင့် တိုင်းရင်းသားအဖွဲ့များ အပြန်အလှန်ထိန်းချ ုပ်နိုင်ပြီး အမည်းရောင်ဆိုပါက တိုင်းရင်းသားအဖွဲ့များက အပြည့်အဝထိန်းနိုင်သည့် ဒေသများဖြစ်သည်။
နောင်ချို ၊ ကျောက်မဲ၊ သီပေါ၊ လားရှိုး၊ သိန္နီ၊ ကွတ်ခိုင်၊ နန့်ဖတ်ကာ၊ မူစယ်မြို့များသည် တကယ်တမ်းအားဖြင့်ဆိုလျင် အညိုရောင်နယ်မြေများဖြစ်သည်။ တပ်မတော် နှင့်ပသစများ လုံခြုံရေးယူထားနိုင်ပြီး အုပ်ချုပ်ထားနိုင်သည် ဆိုသော်လည်း တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ အရပ်ဝတ်ဖြင့် အချိန်မရွေးဝင်ထွက်နိုင်သော မြို့များဖြစ်သည်။ လက်နက်ကိုင် တပ်ဖွဲ့များ အဆိုပါမြို့များအား အပြီးအပိုင် မတိုက်ခိုက်နိုင်သော်လည်း နှောင့်ယှက်ပစ်ခတ်နိုင် ထိန်းချုပ်တိုက်ခိုက်နိုင်သည့် အခြေအနေတွင်ရှိသည်။
လုံခြုံရေးအရ တပ်က အပြည့်အဝ တာဝန်ယူနိုင်ခြင်း မရှိပေ။ မြို့တွင်း ငြိမ်ဝပ်ပိပြားရေးနှင့် ရာဇဝတ်မှု များကိုသာ ကိုင်တွယ်နိုင်စွမ်းရှိသည့် ရဲတပ်ဖွဲ့ဝင်များဆိုလျင် မူစယ်၊ ကွတ်ခိုင်၊ နန့်ဖတ်ကာ၊ သိန္နီ မြို့များတွင် ည ၁၀ နာရီ ကျော်လျင် လုံခြုံ ရေးစိတ်မချရ၍ စခန်းပြင်မထွက်တော့ပါ။ လားရှိုးကဲ့သို့ မြို့ကြီးသည်ပင်လည်း ရဲတပ်ဖွဲ့အင်အား စုစည်းပြီးမှာသာ ညဘက်လှုပ်ရှားလေ့ရှိသည်။ အင်အားအနည်းငယ်နှင့် စခန်းအပြင် မထွက်ကြပါ။ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များက ညအချိန် အရပ်ဝတ်နှင့်လက်နက်ကိုင်ဆောင်ကာ မြို့များတွင်းသို့ ဝင်ထွက်လှုပ်ရှားကြသည်။
ထိ့ုအတူပင် မူဆယ်-မန္တလေးကားလမ်းတလျောက်အားလည်း တပ်က လမ်းလုံခြုံရေး အပြည့်အဝမယူနိုင်ပါ။ ၎င်းတပ်ဖွဲ့များ သွားလာချိန်တွင် လုံခြုံရေးတာဝန် တစုံတရာယူနိုင်သော်လည်း အရပ်သားလူထုကားကြီးကားငယ်များသွားလာသော အချိန်တွင် လုံခြုံရေးယူပေးနိုင်ခြင်းမရှိပါ။ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ အချိန်မရွေး သွားလာလှုပ်ရှားနိုင်စွမ်း ရှိပါသည်။
တပ်သည်လည်း ညဘက်တွင် ၎င်းတိ့ုစခန်းချထားသည့် နေရာများမှထွက်၍ လှုပ်ရှားခြင်းမပြုပါ။ လားရှိုးမြို့ရှောင်လမ်းသည်ပင် ညဘက်၌ အစိုးရဘက်က လုံခြုံရေးယူနိုင်စွမ်း မရှိရာ မူဆယ်-မန္တလေးကားလမ်း တလျှောက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ သွားလာလှုပ်ရှားနိုင်စွမ်းရှိသည်ကို တွေ့ရသည်။
ဤသို့သော အခြေအနေအောက်တွင် နမ့်ခမ်း၊ မူစယ်၊ နန့်ဖတ်ကာ ၊ သိန္နီ၊ လားရှိုး၊ သီပေါ၊ ကျောက်မဲ၊ နောင်ချိုမြို့များရှိ စီးပွါးရေးလုပ်ငန်းရှင်များ၊ ကုန်သည်များသာမက သာမန်အရပ်သားများကိုပါ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက သတ်မှတ်ထားသည့် အခွန်ကောက်ခံသည်ကို ပို တွေ့ရပါသည်။
အဆိုပါလမ်းတွင် သွားလာနေသော မော်တော်ယာဉ်ကြီးယာဉ်ငယ်အားလုံးအားလည်းကောင်း၊ နယ်စပ်ကုန်သွယ်ရေးပြုလုပ်နေသော ကုန်သည်ကြီးငယ်များ အားလည်းကောင်း၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက သက်ဆိုင်ရာနယ်မြေအပိုင်းအခြားအလိုက် လှုပ်ရှားသည့် နယ်မြေပေါ် မူတည်၍ အခွန်ကောက်ခံကြသည်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ လှုပ်ရှားထိန်းချုပ်နိုင်စွမ်းကြောင့် မပေးရဲသူမရှိဘဲ အားလုံးလိုလို အခွန်ပေးဆောင်ကြသည်ကို တွေ့ရသည်။ မပေးသူအချို့ ရှိလာပါကလည်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များက ပြင်းပြင်းထန်ထန် အရေးယူမှုမျိုးရှိ၍ မပေးဘဲ မနေရဲကြပေ။ ဥပမာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့က ကောက်ခံသော အခွန်အားမပေးဘဲ အာခံသည့်မော်တော်ယာဉ်လိုင်းမျိုးပေါ်လာပါက ၎င်းယာဉ်လိုင်းမှ သိန်းထောင်ချီတန်သည် ယာဉ်တစီးခန့်အား မီးရှို့ပစ်လိုက်ပါက ဆုံးရှုံးမှုကြီး၍ နောင်မည်သူကမျှ မပေးဘဲ မနေရဲတော့ပေ။ လမ်းလုံခြုံရေးမှာ အပြည့်အဝမရှိသောကြောင့်ဖြစ်ပေသည်။
ပြီးခဲ့သော နှစ်များက တိုင်းရင်းသားလက်နက်ကိုင်များက နေ့ခင်းကြောင်တောင်ပင် ကားလမ်းအား ပိတ်ပြီး သွားလာ နေသော မော်တော်ယာဉ်များအား အခွန်ကောက်ခံမှုပြုလုပ်ခဲ့ရာ ၎င်းမှလမ်းလုံခြုံရေးအခြေအနေကို မြင်တွေ့နိုင်ပါသည်။ ထိ့ုအတူ ၂၀၁၆ ခုနှစ်က တိုင်းရင်းသားလက်နက်ကိုင်များက တပ်မတော်ကို စစ်ဆင်ရေးတရပ်ပြုလုပ်ခဲ့ရာ မူစယ်ကားလမ်း ၅ ရက်ခန့် ပိတ်၍ ကုန်သွယ်ရေးရပ်တန့်ခဲ့ဖူးသည်။ ၂၀၁၈ ခုနှစ်ထဲတွင်လည်း မူစယ် TNLA ကဝင်ရောက်နှောက်ယှက် တိုက်ခိုက်နိုင်သည်ကို တွေ့ရသည်။
လက်ရှိ ကားလမ်းတလျောက်ရှိ မြို့များတွင် တိုင်းရင်းသားအဖွဲ့များ၏ အခွန်ကောက်ခံမှု အခြေအနေမှာ မူစယ်နယ်စပ် ကုန်သွယ်ရေးမြို့တွင် KIA/TNLA/SSPP/RCSS အဖွဲ့ ၄ ဖွဲ့မှ အခွန်ကောက်ခံလျက်ရှိသည်။ KIA အနေနှင့် မူစယ်အပြင် ကွတ်ခိုင်၊ နန့်ဖတ်ကာ၊ သိန္နီ၊ ကွန်လုံတို့တွင် အခွန်ကောက်ခံနိုင်ပါသည်။
TNLA အဖွဲ့သည်လည်း နမ့်ခမ်း၊ ကွတ်ခိုင်၊ လားရှို း၊ ကျောက်မဲစသည့် ကားလမ်းပေါ်ရှိမြို့များအား အခွန်ကောက်ခံပါသည်။ SSPP အဖွဲ့သည် သိန္နီ၊ လားရှိုး၊ သီပေါ၊ ကျောက်မဲ၊ နောင်ချို မြို့ များတွင် အခွန်ကောက်ခံနိုင်ပါသည်။
RCSS အဖွဲ့သည် နမ့်ခမ်း၊ သိန္နီ၊ လားရှိုး၊ သီပေါ၊ ကျောက်မဲ၊ နောင်ချို မြို့များတွင် အခွန်ကောက်ခံနိုင်ပါသည်။ အဆိုပါအဖွဲ့များသည် ကားလမ်းပေါ်မြို့ များပေါ်မှသာ အခွန်ကောက်ခံသည်သာမက ကားလမ်းဝဲယာရှိ ၎င်းတို့ ထိန်းချုပ်နိုင်သောဒေသများ၌ အခွန်ကောက်ခံသည့်ပြင် အုပ်ချုပ်ရေးလုပ်ငန်းများပါ ဆောင်ရွက်နိုင်ကြပါသည်။
အဆိုပါ ကားလမ်းပေါ်တွင် အခွန်မကောက်သည့်အဖွဲ့မှာ AA နှင့် MNDAA အဖွဲ့ ၂ ဖွဲ့သာဖြစ်သည်။ ၎င်းအဖွဲ့များ၏ အုပ်ချုပ်ရေးနယ်မြေ မဟုတ်၍ မကောက်ခံခြင်းဖြစ်သော်လည်း KIA/TNLA စသည့် မဟာမိတ်အဖွဲ့များနှင့် စစ်ဆင်ရေး လိုအပ်ချက် ရှိပါက အဆိုပါ လမ်းကြောင်းတလျောက် ပူးတွဲ လှုပ်ရှားမှု ရှိပါသည်။
ချုပ်၍ဆိုရလျင် မန္တလေး-မူစယ် လမ်းမကြီးတလျောက်ရှိ တောလမ်း၊ တောင်ပေါ်လမ်းများ မဆိုထားနှင့် လမ်းတလျောက် မြို့များတွင်ပင် တိုင်းရင်းသားလက်နက်ကိုင်များက လှုပ်ရှားစိုးမိုးမှုများ ရှိနေပြီး အစိုးရနှင့် တပ်မတော်က လုံခြုံရေးအရ အပြည့်အဝ မထိန်းချုပ်နိုင်ပေ။ ထို့ကြောင့် အဆိုပါလမ်းလုံခြုံရေးနှင့် ပတ်သက်လျင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို မုချ ထည့်သွင်းစဉ်းစားရန် လိုအပ်ပါမည်။
ဆက်လက်ဖော်ပြပါမည်။
(မောင်မောင်စိုးသည် ဖက်ဒရယ်၊ တိုင်းရင်းသားရေးရာနှင့် နယ်စပ်ရေးရာများကို လေ့လာစမ်းစစ်သော သုတေသီတဦး ဖြစ်သည်။)
ဆက်စပ်ဖတ်ရှုရန် –
မြန်မာ-တရုတ် ကုန်သွယ်ရေးလမ်းမကြီး အခြေအနေ သုံးသပ်ချက် အပိုင်း – ၁
မြန်မာ-တရုတ် ကုန်သွယ်ရေးလမ်းမကြီး အခြေအနေ သုံးသပ်ချက် အပိုင်း – ၂