ရခိုင်ပြည်နယ်အတွင်း မငြိမ်မသက်မှုများသည် တခြားသော မျိုးနွယ်စုများနည်းတူ ကမန် တိုင်းရင်းသားများ၏ရိုးရာ ဓလေ့ ထုံးစံများ အပေါ်လည်း သက်ရောက်မှု ကြီးမားလှပါသည်။
လတ်တလော ရခိုင်ပြည်နယ်တွင် ရက္ခိုင့် တပ်မတော် (AA) နှင့် တပ်မတော်တို့ ၂၀၁၈ ခုနှစ် နိုဝင်ဘာလမှ စတင်၍ ဖြစ်ပွား ခဲ့သော တိုက်ပွဲများသည် ၆ လကျော် ကြာမြင့်လာပြီဖြစ်ပြီး တိုက်ပွဲရှောင် ဒေသခံ ၃၀၀၀၀ ကျော် ရှိနေကြောင်း သတင်းများ တွင် ဖော်ပြကြသည်ကို တွေ့မြင်ရမည် ဖြစ်ပါသည်။
ဤအခြေအနေတွင် ဘဝနေထိုင်မှု ပိုမိုလုံခြုံသော ရန်ကုန်မြေသို့ ပြောင်းရွှေ့ခြင်း များပြားလာရာ နေရာသစ်သည် ကမန် တိုင်းရင်းသားများ အတွက် နေထိုင်ရ ခက်ခဲသည့် ဒေသတခု ဖြစ်လာသည်။
သို့သော်လည်း ရန်ကုန်သည် ကမန်တို့ နေထိုင်ခဲ့သည့် နေရာထက် ဘဝလုံခြုံရေး ပိုမို ကောင်းမွန်သည့် ဒေသတခု ဖြစ်နေ ပါ သေးသည်။
နေရပ်ရင်း ရခိုင်ပြည်နယ်တွင်မူ ပဋိပက္ခများကြောင့် ရိုးရာ ဓလေ့ထုံးစံတို့ ကြီးကြီးမားမား သက်ရောက်ကြောင်း ထင်ထင် ရှားရှား တွေ့မြင်ရမည် ဖြစ်ပါသည်။
မြန်မာ နှစ်သစ်ကူးကာလ ရောက်ပြီဆိုလျှင် ရခိုင်ပြည်နယ် စစ်တွေ မြို့အတွင်း ကမန် တိုင်းရင်းသားများ နေထိုင်သော သက္ကယ်ပြင်၊ ရွာမ၊ သင်္ဂနက်၊ သာယာကုန်း ကျေးရွာများတွင် ကမန် သြင်္ကန်ပွဲ ကျင်းပလေ့ရှိခဲ့သည်။ သို့သော်လည်း ယခု နှစ်တွင်မူ ထိုသို့ မဟုတ်တော့ပေ။
“အရင်နှစ်တွေကတော့ ကမန်ရွာတွေမှာ နှစ်တိုင်း သြင်္ကန်ပွဲတော် ကျပါတယ်။ ဘေးပတ်ဝန်းကျင်မှာ ရှိတဲ့ ရခိုင်ရွာတွေ ဖြစ်တဲ့ ကြက်ကိုင်းတန် ကျေးရွာ၊ ကံကော်ကျွန်း ကျေးရွှာတို့က လာလည်ပြီး ပျော်ရွင်စွာ ရေလောင်းကြပါတယ်”ဟု သက္ကယ်ပြင် ကျေးရွာတွင် နေထိုင်သူ မခင်မျိုးညွန့်က ပြောသည်။
ကမန်များသည် ရခိုင်မျိုးနွယ်စု ၇ ခုတွင် ပါဝင်ပြီး စစ်တွေ၊ ကျောက်ဖြူ၊ ရမ်းဗြဲ၊ မာန်အောင်၊ သံတွဲ အစရှိသော မြို့နယ်များ တွင် နေထိုင်ကြသည်။
ကမန်တိုင်းရင်းသား အများစုသည် အစ္စလမ် ဘာသာ ကိုးကွယ်သူများ ဖြစ်သော်လည်း ရိုးရာယဉ်ကျေးမူ အစဉ်အလာ အရ သြင်္ကန်ပွဲတော်ကို နှစ်စဉ် ကျင်းပလေ့ ရှိပါသည်။
ရခိုင်တိုင်းရင်းသား အများအပြားရှိသည့် ရန်ကုန်တွင် ရခိုင်သြင်္ကန် နှစ်စဉ် ပြုလုပ်ခဲ့သော်လည်း ယခုနှစ်တွင်မူ နေရပ်ရင်း၌ တိုက်ပွဲဖြစ်နေသည့် အခြေအနေကြောင့် သြင်္ကန်အစီအစဉ်ကို လျှော့ချခဲ့သည်။
သို့သော်လည်း ရန်ကုန်ရောက် အငယ်စား ကမန် အသိုင်းအဝိုင်းကမူ သြင်္ကန်ပွဲ ကျင်းပခဲ့သည်။ ကျင်းပရသည့် အကြောင်း ရင်းများထဲတွင် မျိုးဆက်သစ်တို့အတွက် ရည်ရွယ်ချက် ပါဝင်သည်ဟု ယခင်လက ရန်ကုန်တိုင်း ဒေသကြီး မှော်ဘီမြို့နယ် မြောက်ပိုင်း ကမန်လမ်းတွင် ကမန်မဏ္ဍပ် ဦးဆောင်ခဲ့သူ တဦးဖြစ်သည့် ဒေါ်ဝိုင်းဝိုင်းရီက ပြောသည်။
“အခုလို ရခိုင်ပြည်နယ်မှာ မငြိမ်မသက်မူတွေကို ကြားတော့ ကျမတို့ အနေဖြင့် စိတ်မကောင်း ဖြစ်ရပါတယ်။ ရခိုင်မှာ သြင်္ကန် ဆိုတာက နှစ်တိုင်းလုပ်နေကြတာပါ။ ဒီနှစ် ရန်ကုန်မှာ ကမန်သြင်္ကန် လုပ်ဖြစ်တယ် ဆိုတာလည်း ရန်ကုန်ရောက် နေတဲ့ ကမန်လူငယ်တွေကို ရိုးရာ ဓလေ့တွေ သိစေချင်ပါတယ်”ဟု ကမန်တိုင်းရင်းသူ ဒေါ်ဝိုင်းဝိုင်းရီက ပြောပြသည်။
ဒေါ်ဝိုင်းဝိုင်းရီတို့ မဏ္ဍပ်တွင် ရန်ကုန်ရောက် ကမန် တိုင်းရင်းသားများက လာရောက်လည်ပတ် ရေကစားနေကြသည်ကို တွေ့ရ သည်။ စတုဒိသာ အဖြစ် နေ့လယ်စာကို သရက်သီးသုပ်၊ ငါးငရုတ်သီးချက်၊ ငါးခြောက်ကြော်၊ ငရုတ်သီးကြော်များ ဖြင့် ကျွေးမွေးဧည့်ခံသည်။
ဒေါ်ဝိုင်းဝိုင်းရီက ရခိုင်ပြည်နယ် ရမ်းဗြဲ မြို့နယ် ဇာတိဖြစ်ပြီး ရိုးရာ သြင်္ကန်ပွဲတော် ဓလေ့ကို မမောတမ်း ပြောပြနိုင်သူလည်း ဖြစ်သည်။
နေရပ်ရင်းတွင် ဓနိကာ မဏ္ဍပ်များရှိ လောင်းလှေများအတွင်း ရေဖြည့်ကာ လူပျို၊ အပျို တို့က လှေတဖက်စီမှနေပြီး ရေပက် ကြသည်။ ကာလသားများက မိမိတို့ သဘောကျ နှစ်သက်သော မိန်းကလေးကို ခွင့်တောင်းပြီး ရေလောင်းကာ ချစ်ရေး ဆိုလေ့ ရှိသည်။
မိမိတို့ကျေးရွာမှ အပျိူမိန်းကလေးကို တခြားကျေးရွာမှ လူပျို ကာလသားက ရေလောင်းမည် ဆိုလျှင် သီးခြား ခွင့်ပြုချက် တောင်းရသည်။
ထိုသို့ ရေလောင်းနေစဉ် ရေဖလား လွတ်ကျပါက သတ်မှတ်ထားသော လျော်ကြေးငွေ ပေးရလေ့ရှိသည်။ လျော်ကြေးငွေ ကို စုထားပြီး သြင်္ကန်ပွဲ နောက်ပိုင်းတွင် ထမင်းဟင်း ချက်စားလေ့ ရှိသည်။
မိဘတို့ကလည်း ရေကစားမဏ္ဍပ်သို့ လာပြီး စောင့်ကြည်လေ့လာကာ မိမိတ့ိုသားက မည်သူ့သမီးကို သဘောကျ မကျ အကဲ ဖြတ်ကြသည်။ သြင်္ကန်ပွဲတော် ကျပြီး များမကြာမီ မင်္ဂလာဆောင်များလည်း ဆက်တိုက်ဆိုသလို ကျင်းပလေ့ ရှိကြ ပါသည်။
ကမန် သြင်္ကန်နှင့် သံချပ်
သြင်္ကန် အကြောင်း ဆိုလျှင် သံချပ်ကဏ္ဍကို မပါမဖြစ် ပြောရမည် ဖြစ်သည်။
ရခိုင်ပြည်နယ် ရမ်းဗြဲ ဇာတိ အငြိမ်းစား ကျောင်းဆရာ အသက် ၆၇ နှစ် အရွယ် ဦးတင်အေးသည် ၂၀၁၂ ခုနှစ် ရခိုင် ဒေသ ပဋိပက္ခအပြီး ရန်ကုန်သို့ ရွှေ့ပြောင်းလာသူဖြစ်ပြီး မကြာသေးခင်က သူနှင့် တွေ့ဆုံစဉ် သရော်ခြင်းထက် စည်းလုံးညီညွတ် ရေး၊ ဖျော်ဖြေရေးကို ပိုမို ရည်ရွယ်သည့် သံချပ်တေးကဗျာ တပုဒ်ကို ရွတ်ဆိုပြခဲ့သည်။
“လေးလေး … မောင်တို့ … မောင်တို့…
မြန်မာရိုးရာ ခါသြင်္ကန်
ရောက်ရှိလာပြန် ပျော်ရန်အသင့်။
ရခိုင်မျိုးစု တ့ိုကမန်
ဆင်နွဲ ကြပြန် အတာသြင်္ကန်ပွဲ။
ဘွက်ကြီး ဆိုတဲ့ ဒီရွာတွင်
ကမန် ရေသဘင် ဆင်ယင်နွဲကြ…”
ကိုယ်တိုင် ရေးစပ်ထားသော ကမန် ရေလောင်းမဏ္ဍပ် အကြောင်း သံချပ်ကို ဦးတင်အေးက သြင်္ကန်မဏ္ဍပ်သို့ ရောက်လာ သည့် လူငယ်များကို ဆိုပြနေခြင်း ဖြစ်သည်။
ဦးတင်အေးသည် ရန်ကုန်တိုင်းဒေသကြီးသို့ ရောက်လာသော အခြားသော ကမန် တိုင်းရင်းသား အများအပြားကဲ့သို့ပင် ထောက်ကြန့် ဘွက်ကြီး ကမန်စုတွင် နေထိုင်လျက် ရှိသည်။
ကမန် သြင်္ကန် မဏ္ဍပ်
လွန်ခဲ့သော နှစ်ပေါင်းများစွာက ရခိုင်ပြည်နယ် ရမ်းဗြဲ မြို့တွင် သြင်္ကန် မဏ္ဍပ်များ ရပ်ကွက်အလိုက် အပြိုင်အဆိုင် ကျင်းပ လေ့ ရှိပြီး ဘာသာ၊ လူမျိုးခွဲခြားမူ မရှိဘဲ လှပျိုဖြူများက ဆင်တူဝတ်စုံများကို ဝတ်ဆင်ကာ ပျော်ရွင်စွာ ရေကစားလေ့ ရှိကြ ကြောင်း ရမ်းဗြဲ မြို့တွင် မွေးဖွား နေထိုင်ခဲ့သူ အသက် ၆၀ အရွယ်ရှိ ဒေါ်သိန်းသိန်းက ပြောသည်။
ဒေါ်သိန်းသိန်းက အသက် ၁၃ နှစ်အရွယ်ကတည်းက သြင်္ကန် မဏ္ဍပ် ဝင်ခဲ့ကြောင်း၊ အရွယ် ရောက်လာပြီး နောက်ပိုင်းတွင် ယခု သူ၏ ခင်ပွန်းသည်ဖြစ်နေသူက လမ်းထိပ်တွင် စောင့်ပြီး ရေလောင်းရာမှ ဖူးစာ ဆုံခဲ့ကြောင်း ပြောကာ ရှက်ပြုံး ပြုံး လိုက် သည်။
ကမန်သြင်္ကန် မဏ္ဍပ်ကို ရန်ကုန်တွင် နှစ်စဉ် ကျင်းပကြမည် ဖြစ်ပြီး ရခိုင်ပြည်နယ်မှ ရန်ကုန်သို့ ပြောင်းရွှေ့နေထိုင် ကြသော ကမန် တိုင်ရင်းသားများ အားလုံး ပါဝင်လာနိုင်စေရန် ရည်ရွယ်ကြောင်း ကမန် တိုင်းရင်းသား လူမူကွန်ရက် ဥက္ကဋ္ဌ ဦးထွန်းငွေက ပြောသည်။
“သြင်္ကန်ပွဲတော် ဆိုတာက မြန်မာနိုင်ငံမှာ နေထိုင်ကြတဲ့ တိုင်းရင်းသား အားလုံး၊ နိုင်ငံသား အားလုံးနဲ့ သက်ဆိုင်တဲ့ပွဲ လို့ ကျနော်တို့က နားလည်တယ်”ဟု ဦးထွန်းဝေက ပြောသည်။
ယခုနှစ်မဏ္ဍပ်တွင် ကမန် တိုင်းရင်းသားတို့၏ လေးနှင့်မြား အက၊ မြန်မာရိုးရာ အကအလှ များဖြင့် ဖျော်ဖြေ တင်ဆက်ခဲ့ကြ ရာ တခြားတိုင်းရင်းသား လူမျိုးစုများကလည်း လာရောက် အားပေးခဲ့ကြသည်ကို တွေ့ရသည်။
ပြည်နယ်မြောက်ပိုင်းတွင် ၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်းမှ စပြီး တိုက်ပွဲများ ဖြစ်ပွားနေသောကြောင့် နယ်မြေ ငြိမ်းချမ်းမူ မရှိ ဖြစ်နေ ပြီး ပြည်နယ် အတွင်း သြင်္ကန်ပွဲတော်ကို စည်ကားစွာ ကျင်းပခဲ့ခြင်း မရှိကြောင်း သိရသည်။
စစ်တွေ မြို့နယ်အတွင်း လုံခြုံရေး အခြေအနေ အရ ယခုနှစ်သြင်္ကန်တွင် မြို့တော်ဝန် မဏ္ဍပ် ပြုလုပ်ကာ မကျင်းပကြောင်း သိရသည်။
ရခိုင်ရိုးရာ သြင်္ကန်ပွဲတော်တွင် နံ့သာသွေးပွဲနှင့် ဘုရား ရေသပ္ပာယ်ပွဲကိုသာ ရိုးရာမပျက်ဘဲ ကျင်းပသွားခဲ့သည်။
“ရခိုင်ပြည်နယ်အတွင်း သြင်္ကန် မကျသလို ကမန်ရွာတွေမှာလည်း သြင်္ကန်မကျ ဖြစ်ပါဘူး။ ရခိုင်ပြည်နယ် အတွင်း နယ်မြေ အေးချမ်းမူ မရှိသေးလို့ပါ”ဟု ကမန်အမျိုးသား တိုးတက်ရေးပါတီ ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် ဒေါ်မြင့်သိန်းက ပြော သည်။
ဒေါ်မြင့်သိန်းသည် လွန်ခဲ့သော နှစ်ပေါင်းသုံးဆယ်ခန့်က စစ်တွေမြို့ သင်္ဂနက်ကျေးရွာတွင် မဏ္ဍပ်ဝင် အမျိုးသမီးဖြစ်သည်။ ထိုစဉ်က သမဝါယမ ဆိုင်များတွင် မဏ္ဍပ်ဝင်ဝတ်စုံကို ဈေးနှုန်းသက်သာစွာ ရောင်းချပေးသည်ကိုလည်း သူမှတ်မိနေ သည်။
ရခိုင် ဗုဒ္ဓဘာသာဝင်များက ကမန်မဏ္ဍပ်များကို လာရောက် ရေကစားကြပြီး အပြန်အလှန် အားဖြင့် ကမန်တို့ကလည်း ရခိုင် မဏ္ဍပ်များသို့ သွားရောက် ရေကစားကြကြောင်း ပြောသည်။
ရိုးရာ အစဉ်အလာများကို ထိန်းသိမ်းနိုင်မှုသည် တည်ငြိမ်အေးချမ်းမှုနှင့် များစွာ သက်ဆိုင်နေသည်ဟု သူက ဆက်ပြော သည်။
“(ရခိုင်ဒေသ ပဋိပက္ခတွေက) ရခိုင်ရိုးရာတွေ၊ ကမန်ရိုးရာတွေကိုလည်း ထိခိုက်စေတယ်လို့ ခံစားရပါတယ်။ စစ်ပွဲတွေကို မလိုလားဘူး။ ငြိမ်းချမ်းစေချင်တာ။ နယ်မြေအေးချမ်းလို့ရှိရင် ကမန်ရိုးရာ၊ ရခိုင်ရိုးရာတွေ နဂို အတိုင်း ပုံပေါ်လာမှာပါ”ဟု လည်း ဒေါ်မြင့်သိန်းက မျှော်လင့်ချက်ကြီးစွာဖြင့် ပြောဆိုလိုက်ပါသည်။ ။
စာရေးသူ စိုးစံထိုက်သည် ရန်ကုန် အခြေစိုက် အလွတ်တန်း သတင်းထောက် တဦးဖြစ်ပြီး မှတ်တမ်း ရုပ်သံများ ရိုက်ကူး ထုတ်လုပ်သူ တဦးလည်း ဖြစ်ပါသည်။