သတင်း

တပ်အရာရှိဟောင်းများ ဦးဆောင်နေသည့် ထွေ/အုပ် ပြုပြင်ပြောင်းလဲရေး အချိန်ယူရဦးမည်

တပ်မတော် အငြိမ်းစား အရာရှိများ ဦးဆောင်နေသော ဌာနတခု ဖြစ်သည့် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန (ထွေ/အုပ်)ကို အ များ ပြည်သူအတွက် ဝန်ဆောင်မှုပေးသည့် ဌာနတခုအဖြစ် ပြောင်းလဲရာတွင် အချိန်တခု ယူရဦးမည် ဖြစ်ကြောင်း ယင်းဌာန၏ ညွှန်ကြားရေး မှူးချုပ် ဦးမြင့်သန်းက ပြောသည်။

နေပြည်တော်တွင် မေ ၁၇ ရက်နေ့က ပြုလုပ်သည့် အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် (NLD) အစိုးရ ၏ ၃ နှစ်ပြည့် သတင်းစာ ရှင်း လင်းပွဲတွင် ပြည်ထောင်စု အစိုးရ အဖွဲ့ ရုံး ဝန်ကြီးဌာန အကြောင်း ရှင်းလင်းစဉ် ဧရာဝတီ သတင်းဌာန၏ မေးခွန်းကို အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူ ဦးမြင့်သန်းက အထက်ပါအတိုင်း ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ် သည်။

ဦးမြင့်သန်းက “အဲဒီ ကိစ္စကို ပြောင်းဖို့ဆိုတာတော့ တော်တော်အချိန်ယူရမယ်” ဟု ပြောသည်။

NLD အစိုးရလက်ထက် အစပိုင်းတွင် ထွေ/အုပ်ကို ပြည်နယ်နှင့် တိုင်း အစိုးရလက်အောက်သို့ ထည့်သွင်းရန် စတင်ကြိုးစားခဲ့ဖူးပြီး မအောင်မြင်သည့်အခါ နောက်ဆုံးတွင် ပြည်ထောင်စု အစိုးရ အဖွဲ့ ရုံး ဝန်ကြီးဌာနတခု ဖွဲ့ စည်းပြီး သမ္မတအမိန့်ဖြင့် ထွေ/အုပ်ကို လွှဲပြောင်း ရယူခဲ့သည်။

ယခင်က ထွေ/အုပ်ဌာနကို ဦးဆောင်သူမှာ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေဖြစ်ပြီး တပ်မတော် အကြီးအကဲက အမည်စာရင်း တင်သွင်းသူ ဖြစ်သဖြင့် တပ်မတော်ကပင် တိုက်ရိုက် အုပ်ချုပ်ခွင့်ရရှိနေသည့် သဘောမျိုး နိုင်ငံရေးအသိုင်းအဝိုင်းက ဝေဖန်နေကြသည်မှာ ကြာခဲ့ပြီ ဖြစ်သည်။

ထို့ကြောင့် NLD အစိုးရသည် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ရင်းနှီးမှုရှိသူ တပ်မတော်မှ ဗိုလ်မှူးကြီး အငြိမ်းစား ဦးမင်းသူကို ပြည်ထောင်စု အစိုးရ အဖွဲ့ ရုံး ဝန်ကြီးဌာန ဝန်ကြီး တာဝန်ပေးခဲ့ပြီး ထွေ/အုပ်ကို ဦးဆောင်ရန် တာဝန်ပေးခဲ့ သည်။

အစိုးရသည် ထွေ/အုပ်ကို အစိုးရအဖွဲ့ ရုံး ဝန်ကြီးဌာနအောက်သို့ ရောက်ရှိပြီး မကြာမီတွင် နေပြည်တော်တွင် ပြုပြင်ပြောင်းလဲရေး အတွက် အလုပ်ရုံ ဆွေးနွေးပွဲတခုကို တနိုင်ငံလုံးရှိ ထွေ/အုပ် အရာရှိများကို ဖိတ်ခေါ်ပြီး ကျင်းပပြုလုပ်ပေးခဲ့သည်။

ယင်းအလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ပြီး နောက်ပိုင်းတွင် ဌာနတွင်း ပြုပြင်ပြောင်းလဲမှု တချို့ ရှိလာကြောင်း၊ ပြုပြင်ပြောင်းလဲမှ ရတော့မည်ဆိုသည့် Mindset (အတွေးအခေါ်)မျိုးကို ဝန်ထမ်းများက လက်ခံလာကြပြီ ဖြစ်ကြောင်း အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်သန်းက ယနေ့ နေပြည်တော်တွင် သတင်းထောက်များကို ပြောသည်။

ယင်းဆွေးနွေးပွဲပြီးနောက် တချို့ မြို့နယ်များတွင် ပြည်သူလူထု ရောက်ရှိလာပါက ဧည့်ကြို ၂ ဦးခန့်ထားရှိပြီး မည်သည့်ကိစ္စ ဆောင် ရွက်မလဲဟု မေးမြန်းပြီး နောက် သက်ဆိုင်ရာ ဌာနများသို့ လိုက်ပိုခြင်း၊ ရေနွေးကြမ်း၊ လဖ္ဘက်ရည်များဖြင့် ဧည့်ခံခြင်းတို့ကိုပင် ဆောင်ရွက်နေပြီ ဖြစ်ကြောင်း သိရသည်။

ဦးမြင့်သန်း က “အဲဒါတွေ လုပ်ခြင်း မလုပ်ခြင်းထက် ခုနကပြောတဲ့ ဝန်ဆောင်မှုပေးချင်တဲ့ စိတ်ဓါတ်ရှိလာဖို့ ဆိုတာတောင်မှ ကျနော်တို့က တော် တော်လေး ပြောင်းလဲပေးရမယ့် သဘော ရှိပါတယ်” ဟု ပြောသည်။

လက်ရှိ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနတွင် တပ်မတော်မှ ပြောင်းရွေ့ တာဝန်ထမ်းဆောင်သည့် ဝန်ထမ်း ဦးရေမှာ ဌာနတခုလုံး ၏ ၃၀ ရာခိုင်နှုန်း ရှိပြီး အများစုမှာ ခရိုင် အုပ်ချုပ်ရေးမှူးများ ဖြစ်ကြောင်း ယင်ဌာနမှ စီမံရေးရာ ဌာနမှူး ဦးအောင်သိုက်ဝင်းက ပြောသည်။

ထို့ပြင် မြို့နယ် အုပ်ချုပ်ရေးမှူများမှာလည်း တပ်မတော် အငြိမ်းစားများ ဖြစ်နေပြီး တိုင်းနှင့်ပြည်နယ် အစိုးရ အဖွ့ဲ များ၏ အတွင်းရေး မှူးများမှာလည်း တပ်မတော် အငြိမ်းစား အရာရှိများပင် ဖြစ်သည်။

ထွေ/အုပ်ကို ပြောင်းလဲရန် အချိန်ယူရမည် ဖြစ်ပြီး ယင်းဌာနသည် ပြည်ထဲရေး ဝန်ကြီးဌာန လက်အောင်တွင် နှစ်ပေါင်း များစွာ ရှိခဲ့သလို ပြည်ထဲရေးကို အုပ်ချုပ်နေသည်မှာ တပ်မတော်မှ ဗိုလ်ချုပ်များပင် ဖြစ်ကြောင်း၊ တပ်မတော် အစိုးရလက်ထက်၊ သမ္မတ ဦးသိန်းစိန် လက်ထက်မှ ယနေ့အချိန်အထိ တပ်မတော် အရာရှိ အငြိမ်းစားများက ထွေ/အုပ်ကို ဦးဆောင်နေဆဲ ဖြစ်ကြောင်း အာဏာရ NLD ပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်လွင်က ပြောသည်။

ဦးမြင့်လွင် က “အခု ဗြုန်းကနဲ ပြည်ထောင်စု အစိုးရအဖွဲ့ ရုံးအောက်ကို ရောက်သွားတယ်။ အခုလည်း ဝန်ကြီးရော၊ ဒုဝန်ကြီးရော တပ်ကချည်းပဲ။ ခရိုင် အုပ်ချုပ်ရေးမှူးတွေလည်း တပ်ကပဲ။ မြို့နယ်လည်း တပ်ကပဲ။ အဲဒါကြောင့် အချိန်တော့ အများကြီးယူပြီး လုပ်ရဦးမယ်။ ဒါပေ မယ့် ပြောချင်တာက လမ်းကြောင်းမှန်ကို ရောက်နေပြီ”ဟု ပြောသည်။

၎င်းက ဆက်၍ “တမြို့နယ်ချင်းကတော့ အပြောင်းအလဲတွေ ရှိပါတယ်။ ကျနော်တို့ မြို့နယ်မှာဆိုရင်တော့ နည်းနည်းတော့ ပြောင်း တာပေါ့။ သူတို့ အ ပေါ်က ဝန်ကြီးဌာန ပြောင်းတယ်ဆိုတာ သူတို့ သိသွားတယ်။ သိတဲ့အခါကျတော့ သိတဲ့အပေါ်မှာ မူတည်ပြီး တော့ သူတို့လည်း သူတို့ကိုယ်သူတို့ ပြုပြင်ပြောင်းလဲဖို့ ကြိုးစားတာတွေ ရှိပါတယ်”ဟု ဆိုသည်။

နေပြည်တော် ဥတ္တရသီရိမြို့နယ် အုပ်ချုပ်ရေးမှူး ဦးညီညီအောင်က အောက်ခြေတွင် ပြုပြင်ပြောင်းလဲရေး လုပ်ငန်း ဆောင်ရွက်နေ ဆဲ ဖြစ်ပြီး ဖြည်းဖြည်းချင်းသွားနေကြောင်း၊ ပြည်သူလူထု အခက်အခဲများကို ကြီးကြပ်ဆောင်ရွက်ပေးရသည့် အနေအထား ဖြစ် ကြောင်း ပြောသည်။

ထို့ပြင် အခြားတိုင်းနှင့် ပြည်နယ် ရုံးတချို့တွင် ဧည့်ကြိုများ လုပ်နေသော်လည်း ၎င်း၏ ရုံးတွင် သီးသန့် မလုပ်သေးကြောင်း၊ သို့ သော် လူထုက အခက်အခဲရှိ၍ လာရောက်သည့်အခါ လဖ္ဘက်ရည်ကော်ဖီ တိုက်လေ့ရှိကြောင်း၊ သို့သော် ယင်းအတွက် ဘဏ္ဍာ ရန်ပုံငွေ သီးသန့် မရှိကြောင်း ၎င်းက ပြောသည်။

ဦးညီညီအောင်က “ဧည့်ကြိုကောင်တာကြီးတွေ ဖွင့်ပြီးတော့ မလုပ်ဘူး။ ပွင့်ပွင့်လင်းလင်း ပြောရရင် Forshow လည်း မလုပ်တတ်ဘူးဗျာ။ လိုအပ်လို့ လာရင်တော့ စိတ်ပါလက်ပါ ကူညီပေးလိုက်တယ်။ ဧည့်ကြိုကောင်တာကြီး လုပ်ပြီး ကြွပါခင်ဗျာ၊ ဘယ်ဥစ္စာ ဘယ်ကို သွားရပါ တယ်လို့ မဟုတ်ဘဲ နေပြည်တော်က ရုံးတွေက စုပေါင်းရုံးတွေမိုလို့ လာရင်တော့ ဒီလိုပဲ ပြောလိုက်တာပဲ”ဟု ရှင်းပြသည်။

ထွေ/အုပ် ဝန်ထမ်းများ အနေဖြင့် ပြည်သူကို ဝန်ဆောင်ပေးရမည် ဆိုသည့် စိတ်မျိုး ဖြစ်လာအောင် တာဝန်ရှိများက အတတ်နိုင်ဆုံး ကြိုးစားပြီး ဆောင်ရွက်နေသော်လည်း ယခုကိစ္စမှာ လူများ၏ စိတ်ရင်းစေတနာ အခြေခံနှင့်လည်း သက်ဆိုင်ကြောင်း၊ အချို့ မှာ ဘာ ကူညီပေးရမလဲ စဉ်းစားနေတတ်သလို အချို့မှာလည်း မသိချင်ယောင် ဆောင်၍ ကိုယ့်အလုပ်ကို ရှောင်နေကြကြောင်း ထွေ/အုပ် တာဝန်ရှိသူ ဦးမြင့်သန်းက ပြောသည်။

ဦးမြင့်သန်းက “အနှစ်သာရ ပြောင်းလဲခြင်းအပိုင်းမှာ Mindset တွေ ပြောင်းလဲဖို့အတွက်လည်း ကျနေ်ာတို့ ကြိုးစားပြီး ဆောင်ရွက်နေပါတယ်”ဟု ဆိုသည်။

NLD အစိုးရ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများ ရှေ့ဆက်နိုင်ရေး ပြည်သူလူထု၏ လိုလားချက်များ အကောင် အထည် ဖော်ရာတွင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန (ထွေ/အုပ်) ဝန်ထမ်းများ၏ ပူးပေါင်း ဆောင်ရွက်မှု အားနည်းကြောင်း လွှတ်တော် အမတ်များက ဝေဖန်ခဲ့ကြဖူးသည်။

တွံတေးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်လွင် က “အဲမြို့နယ်မှာရှိတဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေ တိုင်းကိုယ်စားလှယ်တွေရဲ့ အရည်အချင်းပေါ်မှာလည်း မူတည်တယ်။ သူ တို့ရဲ့ စည်းရုံးရေး စွမ်းရည်၊ အုပ်ချုပ်ရေး စွမ်းရည်တွေ အပေါ်မှာ မူတည်ပြီး အုပ်ချုပ်ရေးမှူးတွေ ကောင်းနိုင်တာပဲ။ သူတို့ အဂတိ လိုက်စားနေရင်တော့ ထွေ/အုပ်ကို ပြောင်းလဲဖို့က မလွယ်ဘူး” ဟု ဆိုသည်။

ကြံ့ခိုင်ရေးပါတီ အာဏာရှိစဉ် သမ္မတ ဦးသိန်းစိန် လက်ထက်ကလည်း ထွေ/အုပ်ကို သမ္မတရုံး ဝန်ကြီးဌာနအောက်သို့ ပြောင်းရွေ့ ရန် ကြိုးစားခဲ့ဖူးပြီး လက်တွေ့ ဆောင်ရွက်နိုင်ရေး စဉ်းစားရာတွင် ပြည်ထဲရေး ဝန်ကြီးဌာနအောက်ရှိ လုပ်ငန်းများမှာ ဆက်စပ်နေ သဖြင့် တိုင်းပြည်အတွက် အခက်အခဲ ရှိနိုင်သည်ဟုဆိုကာ မလုပ်ခဲ့ကြကြောင်း ယင်းပါတီ တာဝန်ရှိသူများက ဧရာဝတီသို့ ပြောဆို ထားသည်။

အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနသည့် ပြည်ထဲရေး ဝန်ကြီးဌာန လက်အောက်သို့ ရောက်နေသည်မှာ ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ တွင် နှစ် ၃၀ ပြည့်ခဲ့ပြီ ဖြစ်သည်။ ၎င်း၏ အဓိက လုပ်ငန်းတာဝန်မှာ နိုင်ငံတော် သမ္မတရုံးနှင့် ပြည်ထောင်စု အစိုးရအဖွဲ့ က ချမှတ် ပေးလိုက်သည့် လုပ်ငန်းတာဝန်များကို အကောင်အထည် ဖော်ပေးရန်ဟု ပြည်ထဲရေး ဝန်ကြီးဌာန၏ ဝက်ဘ်ဆိုဒ်တွင် ဖော်ပြထား သည်။

ဆက်စပ် သတင်းများ

ထွေ/အုပ် ဝန်ထမ်းများ ပူးပေါင်းဆောင်ရွက်မှု အားနည်းဟု လွှတ်တော် အမတ်များ ပြော

ကြံ့ခိုင်ရေး လက်လျှော့ခဲ့ရတဲ့ ထွေ/အုပ် ကို NLD ဘယ်လို ထိန်းမလဲ

ထွေ/အုပ် ဦးစီးဌာန ရွှေ့ပြောင်းမှုအပေါ် ကြံ့ခိုင်ရေးပါတီ မေးခွန်းထုတ်

Loading