စီးပွားရေး

အခေါက်ရွှေ ဈေးထိုးကျသော်လည်း ဝယ်သူနည်းပါး

This article has been converted from Zawgyi One to Unicode

ကမ္ဘာရွှေဈေး စံချိန်တင် ကျဆင်းမှုနှင့်အတူ မြန်မာ့ရွှေဈေးကွက်တွင် ရွှေဈေးနှုန်းများ စံချိန်တင် ကျဆင်းခဲ့သော်လည်း   ဝယ်ယူ စုဆောင်းသူ မရှိသလောက်ဖြစ်နေပြီး အခေါက်ရွှေ ဈေးကွက်တွင်  ရွှေ ရောင်းချသူ  များပြား နေကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

ပုံမှန်အားဖြင့် ရွှေတအောင်စလျှင် အမေရိကန်ဒေါ်လာ ၁၆၀၀ ဝန်းကျင်တွင် ဈေးပေါက်နေသော ကမ္ဘာ့ရွှေဈေးသည် မေလကုန်ပိုင်းမှ စတင်ပြီး ရွှေတအောင်စ လျှင် အမေရိကန်ဒေါ်လာ ၁၂၀၀ အထိ ထိုးကျသွားပြီး ဆယ်စုနှစ်ပေါင်းများစွာ စံချိန်တင် ဈေးကျဆင်း ခဲ့ကြောင်း၊ ကမ္ဘာ့ရွှေဈေး ကျဆင်း သွားချိန်တွင် မြန်မာ့ရွှေဈေးနှုန်းမှာလည်း အခေါက်ရွှေ တကျပ်သားလျှင် ၆၆၀၀၀၀ အထိ စံချိန်ဆင်ကျဆင်းသွား ပြီး ဆယ်စုနှစ် တခုအတွင်း အနိမ့်ဆုံးသော ဈေးနှုန်းဖြစ်သွားကြောင်း၊ လတ်တလော တကျပ်သားလျှင် ၆၈၄၀၀၀ ကျပ် ဈေးပေါက်နေပြီး ရွှေတကျပ်သား ၇၀၆၂၀၀၀ ကျပ်မှ ကျဆင်းလာခြင်းဖြစ်ကြောင်း၊ ရွှေဈေး ကျဆင်းသော်လည်း ရွှေဝယ်သူူ အလွန် နည်းပါးကြောင်း ပြည်တွင်းရွှေကုန်သည်များက ဆိုသည်။

“အရင်က ရွှေဈေးကျပြီဆိုရင် ဝယ်စုသူတွေထက် ဈေးကစားချင်တဲ့သူတွေက ဝယ်တယ်။ ဈေးပြန်တက်သွားရင် ပြန်ရောင်းတယ်။ အခုတော့ အားလုံးလိုလိုက ရွှေကို ဝယ်တာမရှိတော့ဘူး။ ရောင်းတဲ့သူတွေပဲ များနေတယ်”ဟု ရွှေဘုံသာ အလယ်လမ်းရှိ Diamond စိန်ရွှေရတနာ အရောင်းဆိုင်မှ တာဝန်ရှိသူတဦးက ဆိုသည်။

ပြည်တွင်းရွှေဈေးနှုန်းသည် ကမ္ဘာ့ရွှေဈေးအတက်အကျပေါ်တွင် မူတည်နေပြီး လတ်တလော ရွှေဈေး ကျဆင်းနေသော်လည်း ရေရှည်တွင် ရွှေဈေး ပြန်တက်နိုင်မည်ဟု ထင်မြင်ကြောင်း၊ ကမ္ဘာ့ရွှေဈေး ကျဆင်းရခြင်း၏ အဓိက အကြောင်းရင်းမှာ  အမေရိကန်စီးပွားရေး ပြန်လည်ကောင်းမွန်လာခြင်းနှင့် အမေရိကန်ဒေါ်လာ ငွေကြေးတန်ဖိုး မြင့်တက်လာခြင်းကြောင့်ဖြစ်သည်ဟု ရွှေကုန်သည်အချို့ က သုံးသပ်သည်။

“ကမ္ဘာ့ရွှေဈေးကျတဲ့ အဓိက အကြောင်းအရင်းက အမေရိကန်နိုင်ငံမှာ  ရွှေတွေကို များများ ထုတ်ရောင်းနေတာရယ်၊ အမေရိကန် စီးပွားရေး ပြန်ဦးမော့လာတာရယ်ကြောင့်ပါ ။ ပြည်တွင်း ရွှေဈေးကွက်ကလည်း ကမ္ဘာ့ရွှေဈေးပေါ် မူတည်ပြီး တက်တာ ကျ တာဆိုတော့  ကမ္ဘာ့ရွှေဈေး တက်တဲ့အချိန် ပြန်တက်မယ် လို့ပဲ ပြောလို့ရမှာပေါ့။ ဘယ်လောက် ကြာမယ်ဆိုတာတော့ ခန့်မှန်းပြောလို့မရဘူး”ဟု ဦးဝင်းမြင့်က ဧရာဝတီသို့ ပြောသည်။

ကမ္ဘာ့ရွှေဈေးနှုန်းသည်  ဇန်နဝါရီလအတွင်း တအောင်စလျှင် ၁၆၅၆ ဒသမ ၄၇ ဒေါ်လာ အထိ အမြင့်ဆုံး ဈေးပေါက်ခဲ့ပြီး ယခု ဇူလိုင်လတွင် လျှင် ၁၂၅၁ ဒသမ ၈၇ ဒေါ်လာအထိ ကျဆင်းလာခဲ့ကြောင်း ၊မြန်မာ့ရွှေဈေးမှာမူ  ဇွန်လအတွင်း အခေါက်ရွှေ တကျပ်သားလျှင် ကျပ် ၇၂၃၀၀၀ အထိ အမြင့်ဆုံး ရောက်ရှိခဲ့ကြောင်း၊ လတ်တလော ရွှေဈေးနှုန်းသည် အကျဘက်သို့ ဦးတည်နေကြောင်း ရွှေဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

“ပြည်တွင်းရွှေဈေးက ထပ်ကျဦးမှာပါ။ အနှေးနဲ့ အမြန် ပဲ ကွာမယ်”ဟု ရွှေကုန်သည် ဦးဝင်းမြင့်က ပြောသည်။

မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတဦးကမူ ရွှေဈေးကျဆင်းမှုကြောင့် ရွှေတူးဖော်ရေး လုပ်ငန်းများ ထိခိုက်မှု ရှိနိုင်ကြောင်း၊ လက်ရှိတွင် မိုးရာသီဖြစ်သည့်အတွက် ရွှေတူးဖော်ရေးလုပ်ငန်းများ ရပ်နားထားသော်လည်း ပွင့်လင်းရာသီအချိန် ထိ ရွှေဈေးနှုန်းများ ဆက်လက်ကျဆင်းနေပါက ရွှေတူးဖော်ရေး လုပ်ငန်း များ တွက်ခြေ မကိုက်ဖြစ်ကာ အရှုံးပေါ်နိုင်သည်ဟု ဆိုသည်။

Loading