မြန်မာနိုင်ငံတွင် မိုဘိုင်း တယ်လီဖုန်း လုပ်ငန်းလိုင်စင် ရရှိထားသော Ooredoo ကုမ္ပဏီက ဆက်သွယ်ရေး တာဝါတိုင်များကို ၎င်းနှင့်အတူ လိုင်စင်ရရှိထားသော နော်ဝေနိုင်ငံမှ Telenor ကုမ္ပဏီနှင့် မျှဝေသုံးစွဲနိုင်ရန် ညှိနှိုင်းမှုများ ပြုလုပ်နေကြောင်း ကာတာအခြေစိုက် အဆိုပါ ကုမ္ပဏီ၏ ထိပ်တန်း အမှုဆောင်အရာရှိ တဦးက ပြောသည်။
ယခုနှစ် ဇွန်လအတွင်းတွင် နိုင်ငံခြားကုမ္ပဏီ ၂ခုကို ပထမဆုံးအကြိမ်အဖြစ် မြန်မာအစိုးရက မိုဘိုင်းတယ်လီဖုန်းလိုင်စင် ချထားပေးခဲ့သည်။ ထိုလိုင်စင်အတွက် ကုမ္ပဏီနှင့် လုပ်ငန်းစု ၉၀ ကျော် အဆိုပြု လျှောက်ထားခဲ့သည့် အထဲမှ Ooredoo နှင့် Telenor ကုမ္ပဏီတို့ကို ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ Ooredoo ကုမ္ပဏီက လိုင်စင် သက်တမ်း ၁၅ နှစ် အတွင်း အမေရိကန် ဒေါ်လာ ၁၅ ဘီလီယံ ကျသုံးစွဲသွားမည်ဟု ကြေညာခဲ့သည်။
“အကုန်လုံးကို အခြေခံကစပြီး လုပ်ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကွန်ရက်ကို Telenor နဲ့ တွဲဖက်ပြီး တည်ဆောက်ဖို့ ပြင်ဆင်နေပါတယ်” ဟု အောက်တိုဘာ ၂ ရက်နေ့က ဒူဘိုင်းတွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် Ooredoo ၏ ဈေးကွက်ဗျူဟာ အရာရှိချုပ် Jeremy Sell က ပြောသည်။
“ဒါမျိုးတခါမှ မလုပ်ဖူးပါဘူး။ ကျနော်တို့က အခြေခံက စရမယ့် ကွန်ရက်နှစ်ခုကို တည်ထောင်နေရပါတယ်။ ဒါကြောင့် ကွန်ကရစ်နဲ့လုပ်တဲ့၊ သံမဏိနဲ့ လုပ်တဲ့ ဘယ်အရာကိုမဆို မျှဝေသုံးချင်ပါတယ်။ အဲဒီမှာ တာဝါတိုင်တွေမရှိတဲ့ အတွက် ခွဲဝေ မသုံးနိုင်ဘူးဆိုရင် အဆင်ပြေမှာ မဟုတ်ပါဘူး” ဟု သူက ဆိုသည်။
ထိုသို့မျှဝေ သုံးစွဲခြင်းအားဖြင့် ကာတာ အစိုးရက ရှယ်ယာအများစု ပိုင်ဆိုင်ထားသော Ooredoo ကုမ္ပဏီအတွက် အတော်အသင့် ကုန်ကျစားရိတ် ခြွေတာနိုင်လိမ့်မည်ဟုလည်း Sell က ပြောသည်။
Telenor မှ ပြောရေးဆိုခွင့်ရှိသူ တဦးထံသို့ မှတ်ချက်ပေးရန် ဆက်သွယ်မေးမြန်းခဲ့သော ဖုန်းခေါ်ဆိုမှုများနှင့် အီးမေးလ်များကို ပြန်ကြားခြင်း မရှိပါ။
အစိုးရ ကျောထောက်နောက်ခံ ပေးထားသည့် ကုမ္ပဏီ နှစ်ခုဖြစ်သော ရတနာပုံ တယ်လီပို့နှင့် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းတို့က ယခင်ကတည်းက မိုဘိုင်းတယ်လီဖုန်း လုပ်ငန်းလိုင်စင် ရရှိထားပြီး ဖြစ်သည်။ ရတနာပုံ တယ်လီပို့သည် မူလက အင်တာနက်ဝန်ဆောင်မှု ပေးသည့် လုပ်ငန်းတခုဖြစ်ပြီး ဆက်သွယ်ရေး ဝန်ကြီးဌာန လက်အောက်ခံ ဌာနတခုဖြစ်သည့် မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းသည် ကြီးကြပ်သူ အဖြစ်နှင့်ရော အော်ပရေတာ အဖြစ်ပါ ဆောင်ရွက်ခဲ့သည်။
၎င်းတို့သည် ဆက်သွယ်ရေး ကဏ္ဍတွင် အနည်းငယ် ခရီးတွင်နေခဲ့ပြီဖြစ်သည်။ ၂၀၁၂ ခုနှစ်တွင် မြန်မာနိုင်ငံ လူဦးရေ၏ ၁၁ ရာခိုင်နှုန်းသာ မိုဘိုင်းတယ်လီဖုန်း သုံးစွဲနိုင်သေးသည်။ အီရစ်ထရီးယား၊ ဆိုမာလီယာ နှင့် မြောက်ကိုရီးယား တို့သာ လူဦးရေနှင့် မိုဘိုင်းဖုန်း သုံးစွဲနှုန်းတွင် မြန်မာနိုင်ငံ၏ နောက်ဖက်တွင်ရှိနေသည်။ လူဦးရေ သန်း ၆၀ မျှရှိသော မြန်မာနိုင်ငံတွင် အင်တာနက်သုံးစွဲနိုင်မှုမှာ လူဦးရေ၏ ၁ ရာခိုင်နှုန်းသာ ရှိသည်ဟု International Telecommunication Union ၏ အဆိုအရ သိရသည်။
Ooredoo ကုမ္ပဏီ အနေဖြင့် Telenor နှင့် ဆွေးနွေးညှိနှိုင်းမှုများ ဆက်လက်ပြုလုပ်နေပြီး ပြည်တွင်း အော်ပရေတာ နှစ်ခု နှင့်လည်း အလုပ်လုပ်ရန်ရှိသည် ဟု Sell က ဆိုသည်။
“ဒါမှ ကျနော်တို့ တည်ဆောက်မှု တခုလုံးရဲ့ ကုန်ကျစားရိတ်တွေကို လျှော့ချနိုင်ပါလိမ့်မယ်” ဟု သူကပြောသည်။
ရင်းနှီးမြှုပ်နှံမှု ကုန်ကျစားရိတ် လျှော့ချလိုက်နိုင်လျှင် မြန်မာနိုင်ငံတွင် ကြီးမားသည့် အခက်အခဲ တခုကဲ့သို့ ဖြစ်နေသော ကျေးလက်ဒေသများဆီသို့ ကွန်ရက် ဖြန့်ကျက်ရေးတွင်လည်း အကျိုးရှိလာမည် ဖြစ်သည်။
“အင်္ဂလိပ်စကား ပြောတတ်တဲ့သူ မရှိဘူး။ သံမဏိဘောင်တွေလည်း ရနိုင်ဖို့ မလွယ်ဘူး။ ဝန်ချီစက်လည်း အလုံအလောက် မရှိဘူး။ မြန်မာနိုင်ငံကို သစ်တောတွေက လွှမ်းထားတယ်။ လမ်းတွေက ရေလွှမ်းတတ်တယ်။ လွန်ခဲ့တဲ့ နှစ် ၃၀ က ထိုင်း နိုင်ငံရဲ့ အခြေအနေ မျိုးလိုပဲ။ လှပပြီး သန့်ရှင်းတဲ့ နေရာပါ။ ဒါပေမယ့် တိုင်းပြည်က မဖွံ့ဖြိုးသေးဘူး” ဟု Jeremy Sell က ပြောသည်။
မြန်မာနိုင်ငံနှင့် အိမ်နီးချင်း နိုင်ငံများတွင် ရုံးခန်းများ ဖွင့်လှစ်ထားသည့် VDB Loi ဥပဒေ အကျိုးဆောင်လုပ်ငန်းမှ Edwin Vanderbruggen က နိုင်ငံခြား အော်ပရေတာများသည် တာဝါတိုင်များ တည်ဆောက်ရန် မြေနေရာ ရရှိရေးတွင် ဥပဒေပိုင်း ရှုပ်ထွေးမှုများ နှင့် ရင်ဆိုင်ရဖွယ်ရှိသည်ဟု ပြောသည်။
“တပတ်မှာ မြေငှားစာချုပ် ၆၀ လောက် လက်မှတ်ထိုးမယ်လို့ မှန်းကြည့်လိုက်ပါ။ တခါတလေ အဲဒီနေရာတွေက မြေယာ ပိုင်ဆိုင်မှုနဲ့ ပတ်သက်ပြီး စာရွက်စာတမ်း အထောက်အထား ဘာမှ မရှိဘူး။ တခုချင်းစီအတွက် ဝန်ကြီးဌာန အမျိုးမျိုးကနေ ထောက်ခံချက်တွေယူရမယ်။ ဒီ လုပ်ထုံးလုပ်နည်း အတိုင်းဆိုရင် ဧဝရတ်တောင်ထိပ်မှာ ဖုန်းကွန်ရက် သွားပြီး တည်ဆောက်ရတာနဲ့ တူတူပဲ ဖြစ်လိမ့်မယ်” ဟု Vanderbruggen က ဆိုသည်။
၂၀၁၁ ခုနှစ်တွင် ၄၉ နှစ်ကြာ စစ်အုပ်ချုပ်ရေး ပြီးဆုံးသွားခဲ့ကာ အရပ်သားအမည်ခံ အစိုးရ တက်လာပြီးနောက် တံခါးပိတ် ဝါဒကို စွန့်လွှတ်၍ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်လာခဲ့သည်။
“ကျနော်တို့က 3G ကွန်ရက် ပေးနိုင်ဖို့ လုပ်ဆောင်နေပါတယ်။ ဒါဟာ လူသန်း ၆၀ အတွက် အင်တာနက်ပေါ်ကို အမြဲတမ်း သွားနိုင်ဖို့ ပထမဆုံး အခွင့်အရေး ဖြစ်လာပါလိမ့်မယ်။ အခုချိန်အထိတော့ သူတို့က ပြည်သူအကုန်လုံးကို တကမ္ဘာလုံးနဲ့ ဆက်သွယ်ခွင့်ရအောင် လုပ်ပေးဖို့ အတွက် အခုထိတော့ ခွင့်ပြုထားပါတယ်” ဟု Sell ကပြောသည်။
စက်တင်ဘာလ ၂၀ ရက်နေ့အထိ ၅ လတာကာလ အတွင်း အစိုးရက ခွင်ြ့ပုပေးခဲ့သော နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုသည် ၂၀၁၂ ခုနှစ်ထက် များသည်။
“ကျနော်တို့၊ Telenor နဲ့ မြန်မာနိုင်ငံမှာ လာရောက်ရင်းနှီးမြှုပ်နှံကြသူတွေဟာ တနေရာတည်းမှာပဲ ငွေကြေး အမြောက်အများ ပုံပြီး မသုံးချင်ကြပါဘူး။ ဘယ်လိုဖြစ်လာမယ် ဆိုတာကို အနည်းငယ်တော့ သတိထားနေရတုန်းပါပဲ” ဟုလည်း Jeremy Sell က ဆိုသည်။