ပြည်တွင်း၌ ကျန်ရှိနေသေးသော ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ကွက်သစ်များကို ယခုနှစ်အတွင်း ချပေးသွားရန် မရှိကြောင်း စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဇေယျာအောင်က ယမန်နေ့တွင် ပြောသည်။
ဝန်ကြီး ဦးဇေယျာအောင်က “မရှိသေးပါဘူး။ ပြီးခဲ့တဲ့နှစ်က ချထားပေးတဲ့ ဒီလုပ်ကွက်တွေပေါ်မှာ ဆက်လက် ဆောင်ရွက်နေတဲ့ သူတို့ရဲ့ လုပ်ငန်းစဉ်တွေကိုပဲ စောင့်ကြည့်နေတုန်းပဲ ဖြစ်ပါတယ်။ တပြိုင်နက်တည်းမှာပဲ တင်ဒါတွေခေါ်၊ တပြိုင်နက်တည်းမှာပဲ လုပ်ကွက်တွေ ချပေး၊ တပြိုင်နက်တည်းမှာပဲ အလုပ်တွေက လုပ်နေကြတယ်ဆိုတော့ ဒီဖြစ်စဉ်တွေ တပြိုင်နက်တည်း မဖြစ်နိုင်ဘူး။ လုပ်နေတဲ့အလုပ်တွေကိုပဲ စောင့်ကြည့်ရင်း သွားနေရတာ” ဟု ပြောသည်။
အစိုးရက ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ကွက်ပေါင်း ၃၆ ခုကို ၂၀၁၃ ခုနှစ်နှင့် ၂၀၁၄ ခုနှစ်များတွင် နိုင်ငံတကာ ကုမ္ပဏီများသို့ တင်ဒါခေါ်ယူ ချပေးခဲ့ပြီး အဆိုပါ ကုမ္ပဏီများနှင့် သဘောတူညီမှု စာချုပ်များအရ စွမ်းအင်ကုမ္ပဏီများထံမှ ရစရာ ဒေါ်လာ ဘီလီယံများစွာ ရှိနေသေးသည်ဟု မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) မှ ညွှန်ကြားရေးမှူးတဦးက ပြောဆိုခဲ့သည်။
ယခုအချိန်တွင် အဆိုပါ အစိုးရမှ ရစရာရှိသည်များထဲမှ တချို့သော ကုမ္ပဏီများဘက်မှ ပေးသွင်းချိန်တန်၍ ရရှိသည်များလည်း ရှိပြီဖြစ်ကြောင်း ဝန်ကြီး ဦးဇေယျာအောင်က ပြောသည်။
၎င်းက “ဒီလုပ်ကွက်တွေ ချပေးလိုက်တဲ့ အချိန်မှာ သတင်းစာမှာ ချပေးတယ်။ ဘယ်သူက Signature bonus ဘယ်လောက်ပေးရမယ် ဆိုတာ။ အဲဒီတော့ သူက ဆိုင်းထိုးပြီးလို့ရင် ပေးရမယ့်ဟာတို့၊ ရှာဖွေရေးသွားလို့ရင် ပေးရမယ့်ဟာတို့ ဒါတွေက သူ့အချိန်နဲ့ သူအချိန်ကိုက် သွားနေပါတယ်။ မသွားရင် နောက်တဆင့် တိုးလို့ မရဘူး။လက်ရှိ Signature bonus ရပြီးတဲ့ဟာတွေလည်း ရှိပြီပေါ့။ အရေအတွက်တော့ အတိအကျ မသိသေးဘူး။ သူက လက်မှတ်ထိုးတဲ့အချိန် သူ့အချိန်ကိုက်နဲ့သူ သွားတာဆိုတော့ ကုမ္ပဏီ တခုနဲ့တခုက တပြိုင်တည်း ထိုးတာလည်း မဟုတ်ဘူး” ဟု ပြောသည်။
အစိုးရက ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ကွက် ၃၀ ကျော်ကို တင်ဒါခေါ်ယူ လုပ်ပိုင်ခွင့် ချထားပေးခဲ့ရာတွင် နိုင်ငံပေါင်းစုံမှ ကုမ္ပဏီများစွာ လုပ်ပိုင်ခွင့် ရခဲ့ကြပြီး အမေရိကန်အခြေစိုက် နာမည်ကြီး ကုမ္ပဏီကြီးများလည်း ပါပဝင်ခဲ့သည်။ အဆိုပါ ကုမ္ပဏီပေါင်းစုံမှ ရရန်ရှိသည့် ဒေါ်လာပမာဏမှာ အများအပြား ရှိမည်ဖြစ်ပြီး အမေရိကန်အခြေစိုက် Shell ကုမ္ပဏီ တခုတည်းပင်လျှင် အစိုးရနှင့် သဘောတူမှု စာချုပ်အရ Signature bonus အဖြစ် အမေရိကန်ဒေါ်လာ ၆၁ သန်း ရရှိမည်ဖြစ်သည်။
မြန်မာနိုင်ငံတွင် ရေနံနှင့် သဘာဝဓါတ်ငွေ့ လုပ်ကွက်သစ်များ ကျန်ရှိနေသေပြီး MOGE မှ သိရှိရသည့် အချက်အလက်များအရ ကုန်းတွင်းလုပ်ကွက် ၁၃ ခုနှင့် ကမ်းလွန်လုပ်ကွက် ၁၃ ခု၊ စုစုပေါင်း ၂၆ ခု ရှိနေသေးကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ လက်ရှိ သဘာဝဓာတ်ငွေ့ ထုတ်လုပ်နေသည့် ပမာဏကို ကြည့်မည်ဆိုလျှင် နေ့စဉ် တရုတ်နိုင်ငံသို့ ကုဗပေ ၀ ဒသမ ၃ ဘီလီယံ တင်ပို့လျှက်ရှိပြီး ထိုင်းနိုင်ငံသို့ ကုဗပေ ၁ ဒသမ ၄ ဘီလီယံ တင်ပို့နေကြောင်း မြန်မာရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ၏ အချက်အလက်များအရ သိရသည်။