ရန်ကုန် စတော့အိတ်ချိန်းတွင် ရှယ်ယာ အရောင်းအဝယ်များကို ယခုလ ၂၅ ရက်နေ့တွင် စတင် နိုင်မည်ဖြစ်ကြောင်း ဘဏ္ဍာရေး ဝန်ကြီးဌာန ဒု ဝန်ကြီး ဒေါက်တာ မောင်မောင်သိမ်းက ပြောသည်။
မတ် ၁၂ ရက်နေ့က ရန်ကုန် စတော့အိတ်ချိန်းတွင် ပြုလုပ်သော ရှယ်ယာ ရင်းနှီးမြှုပ်နှံလိုသူများနှင့် ပတ်သက်သည့် အခမ်းအနားတွင် မီဒီယာများနှင့် တွေ့ဆုံစဉ် ၎င်းက ပြောကြားခြင်း ဖြစ်သည်။
ဒေါက်တာ မောင်မောင်သိမ်းက “ဒီ ၂၅ ရက်မှာ ဖွင့်မယ်။ သေချာသွားပြီ။ ကုမ္ပဏီတခုနဲ့ စမယ်။ တရားဝင်ကြေညာတာကို ၁၄ ရက်ဖြစ်ဖြစ် သတင်းထုတ်မယ်ပေါ့။ FMI ကုမ္ပဏီနဲ့ စမှာပေါ့။
သီလဝါက မကြာခင်လိုက်မယ်။ သီလဝါကတော့ ဒုတိယလိုက်မယ့် သဘော ပေါ့။ နောက် တတိယ၊ စတုတ္ထ လိုက်မှာတွေကတော့ မြန်မာနိုင်ငံသားများ ဘဏ်၊ ပထမပုဂ္ဂလိက ဘဏ်ပေါ့”ဟု ပြော သည်။
စတော့ ရှယ်ယာများ မထမဆုံး အနေဖြင့် စတင်အရောင်းအဝယ် ပြုလုပ်နိုင်မည့် အများပိုင် ကုမ္ပဏီမှာ FMI ကုမ္ပဏီ တခုတည်းသာ ဖြစ်ပြီး စတော့အိတ်ချိန်းတွင် ရှယ်ယာများ ရောင်းပိုင်ခွင့် ရထားသည့် အခြား ကုမ္ပဏီ ၅ ခုမှာ မြန်မာ သီလဝါ အထူး စီးပွားရေးဇုန် ဟိုးလ်ဒင်း အများပိုင် ကုမ္ပဏီ MTSH ၊ မြန်မာနိုင်ငံသားများ ဘဏ်၊ ပထမပုဂ္ဂလိကဘဏ်၊ မြန်မာ့ လယ်ယာစီးပွားရေး အများပိုင် ကော်ပိုရေးရှင်း MAPCO နှင့် Great Horkham ကုမ္ပဏီတို့ဖြစ်သည်။
Listed (ရှယ်ယာ အရောင်းအဝယ် ပြုလုပ်ခွင့်ရ စာရင်းဝင်) ကုမ္ပဏီများအနေဖြင့် ဆက်လက် လျှောက်ထားသည်များ ရှိရာ လက်ရှိ ၆ ခုအပြင် ဆက်တိုးလာရန်ရှိနေပြီး ၂၀၁၆ ခုနှစ်ထဲတွင် ၁၀ ခု ဝန်းကျင် ရှိလာမည်ဖြစ်ကြောင်းလည်း သိရသည်။
ရန်ကုန် စတော့အိတ်ချိန်းတွင် အစုရှယ်ယာများ အရောင်းအဝယ်လုပ်သည့်အချိန်ကို နံနက်ပိုင်းနှင့် ညနေပိုင်းတွင် အရောင်းအဝယ် လုပ်ချိန် ၁ နာရီ ခွဲ ခန့်ပေးထားသော်လည်း ယခုစတင်မည့်နေ့တွင် နံနက်ပိုင်းအတွင်း ၁ နာရီခန့်သာ ပြုလုပ်သွားမည်ဟု ဆိုသည်။
FMI ကုမ္ပဏီ၏ ရှယ်ယာဈေးနှုန်းများမှာ အပြင်ဈေးကွက်တွင် လက်ရှိ ရှယ်ယာ ၁ စုလျှင် ၃ သောင်းဝန်းကျင် ပေါက်နေကြောင်း သိရ ပြီး ယခု စတော့အိတ်ချိန်းတွင် စတင်ရောင်းချပြီဆိုလျှင် ရှယ်ယာ နှုန်းထားကို ပြန်လည် သတ်မှတ် သွားမည်ဖြစ်ကြောင်း၊ ရှယ် ယာ သစ်များ ရောင်းချနိုင်ဦးမည်မဟုတ်ဘဲ ရှိနှင့်ပြီးသော ရှယ်ယာဟောင်းများကိုသာ ရောင်းဝယ်ခြင်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ဒေါက်တာ မောင်မောင်သိမ်းက “ဒီမှာရောင်းမယ် ဆိုတာနဲ့ကို သူတို့က ဈေးတွေ တက်ပစ်လိုက်တာ ၁ ထောင်နဲ့ ရောင်းပြီး ၃ သောင်းပတ်ဝန်းကျင်ဖြစ်နေတယ် ဆိုတာ FMI ကို ပြောတာ။ ဒါပေမယ့် အဲ့ဒီဈေးကို ပြန်ပြီး ဈေးနှုန်း ပြန် သတ်မှတ်တယ်။ ဒါက နည်းလမ်းတွေ ရှိတယ်။ ပြီးခဲ့တဲ့ ၃ လ ၄လလောက်က ဈေးနှုန်းတွေကို ပြန်ကြည့်ပြီးတော့ သင့်တော်တဲ့ ဈေးနှုန်း သတ်မှတ်တာပေါ့။ စတော့အိတ်ချိန်းမှာ listed မလုပ်ခင်တုန်းက ဈေးနှုန်းက ဘယ်လောက်ရှိသလဲ။ listed လုပ်မယ် ပြော လိုက် တဲ့ အချိန်မှာ ဘယ်လောက် ဖြစ်လာသလဲ။ နောက်ဆုံးဈေးနှုန်းက ဘယ်လောက်ရှိသလဲ။ အဲ့ဒီ ပွိုင့် ၃ ပွိုင့် ကဈေးနှုန်းတွေကို ယူပြီး ပျမ်းမျှ တွက်တာပေါ့။ အဲ့ဒါ ဘယ်လောက်ဖြစ်နိုင်လဲဆိုရင် ၂ သောင်း ပတ်ဝန်းကျင်ပေါ့။ သူကလည်း နှစ် ၂၀ လောက်ရှိပြီ ရှယ်ယာတွေ ထုတ်ရောင်းလာတာက။ ဒါကလည်း ဖွင့်ဈေးကို ပြောတာ၊ ဒီဈေးကလည်း ချက်ချင်း တက်သွားနိုင်တယ်”ဟု ပြောသည်။
စတော့ အိတ်ချိန်းတွင် listed လုပ်၍ ရှယ်ယာများ ရောင်းချခွင့် ရထားသည့် အများပိုင်ကုမ္ပဏီများ၏ ရှယ်ယာဈေးနှုန်းများသည် မြင့် တက်လျက်ရှိသည်ကို တွေ့ရသည်။
Listed ကုမ္ပဏီများထဲတွင် တခုအပါအဝင် ဖြစ်သော မြန်မာသီလဝါ အထူးစီးပွားရေးဇုန် ဟိုးလ်ဒင်း အများပိုင်ကုမ္ပဏီ ၏ အစုရှယ် ယာ ဈေးနှုန်းများသည် စရောင်းခဲ့စဉ်က တစုလျှင် ၁ သောင်းကျပ်ဖြစ်သော်လည်း ယခု အပြင်တွင် ကြားသိနေရသည့်နှုန်းမှာ ရှယ် ယာ ၁ စုလျှင် ကျပ် ၈ သောင်းဝန်းကျင် အထိ ဖြစ်နေသည်။
ယင်းဈေးနှုန်းများသည်လည်း စတော့အိတ်ချိန်းတွင် စတင်ရောင်းဝယ်လျှင် ညှိနှိုင်း၍ သတ်မှတ် ထွက်ပေါ်လာမည်ဟု သိရသည်။
မြန်မာသီလဝါ အထူးစီးပွားရေးဇုန် ဟိုလ်ဒင်း အများပိုင်ကုမ္ပဏီ အနေဖြင့် ၎င်းတို့ကုမ္ပဏီ၏ ရှယ်ယာအသစ်များကို ရောင်းချရန် အစီ အစဉ်မရှိသေးကြောင်းနှင့် ရှယ်ယာရှင် အဟောင်းများ၏ ရှယ်ယာများ လွတ်လပ်စွာ ရောင်းဝယ်နိုင်ရန်သာ ကနဦးလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကုမ္ပဏီ ဥက္ကဋ္ဌ ဦးဝင်းအောင်က ပြောဆိုထားသည်။
စတော့တွင် ရှယ်ယာများ အရောင်းအဝယ် လုပ်ခွင့်ရထားသည့် ကုမ္ပဏီ ၆ ခုအတွင်းမှ တခုဖြစ်သည့် မြန်မာ့ လယ်ယာစီးပွားရေး အများပိုင် ကော်ပိုရေးရှင်း MAPCO ကုမ္ပဏီအနေဖြင့်လည်း ၎င်းတို့၏ ရှယ်ယာသစ်များကို လတ်တလော ရောင်းချသွားရန် အစီ အစဉ် မရှိသေးကြောင်း၊ ရှယ်ယာသစ်ရောင်းချမှုကို ယခုနှစ် နှစ်ဝက်ခန့်မှသာ လုပ်ဆောင်သွားရန်ရှိကြောင်း ပြောဆိုထားသည်။
စတော့အိတ်ချိန်း အရောင်းအဝယ်များနှင့် ပတ်သက်၍ ရင်းနှီးမြှုပ်နှံလိုသူများ ဘက်ကမှု ယခုအချိန်တွင် စိတ်ဝင်စားမှုများ ရှိနေကြောင်း ပြည်ပတွင် စတော့အိတ်ချိန်း လုပ်ငန်း အတွေ့အကြုံရှိသူ THURA SWISS ကုမ္ပဏီ အမှုဆောင်အရာရှိချုပ် ဒေါက်တာ အောင်သူရ ကလည်း ပြောသည်။
“လက်ရှိအခြေအနေမှာတော့ ရင်းနှီးမြှုပ်နှံဖို့ စိတ်ဝင်စားတဲ့ သူတွေက အများကြီးရှိပါတယ်။ တော်တော်လေးကိုပဲ လူတွေက တက်တက်ကြွကြွ လုပ်ချင်တဲ့ သူတွေက များတယ်။ ဒါပေမယ့် လုပ်သာ လုပ်ချင်တယ်။ တကယ် နားလည်တဲ့သူတွေကလည်း နည်းပြန်ရော။ ကျန်တဲ့သူတွေ ရင်းနှီးလို့ ကိုယ်က လိုက်ရင်းနှီးမယ်ဆိုတဲ့ ပုံမျိုးဖြစ်နေတယ်။ စတော့ မားကက်မှာ အဲ့ဒီလိုမျိုးလူတွေပဲ ရှိနေ တယ်ဆိုလည်း ခက်တယ်ပေါ့နော်။ ဒီမားကက်မှာ တက်တဲ့အချိန်ကြလည်း အရမ်းတက်သွားရော။ ကျတဲ့အချိန်ကြလည်း ထိုးပြီး ကျသွားရော။ အဲ့ဒီတော့ ရင်းနှီးမြှုပ်နှံတဲ့ထဲမှာ တတ်ကျွမ်းကျင်တဲ့ သူတွေဘာတွေလည်း လိုပါတယ်။ အဲ့ဒီလိုမျိုးမရှိဘူး”ဟုလည်း သူက ပြောဆို သည်။
၎င်းတို့အနေဖြင့်လည်း အများပိုင်ကုမ္ပဏီများနှင့် ရင်းနှီးမြှုပ်နှံလိုသူများကြား ရှယ်ယာအရောင်းအဝယ် ကြားခံဆောင်ရွက်ပေးရသည့် Broker ဝန်ဆောင်မှု လုပ်ငန်းလိုင်စင်ကို လျှောက်ထားကြောင်း သိရသည်။
စတော့အိတ်ချိန်း ဝန်ဆောင်မှု ပေးနိုင်မည့် လိုင်စင်အမျိုးအစား ၄ မျိုးရှိပြီး အများပိုင်ကုမ္ပဏီများက ရောင်းချလိုသော အစုရှယ်ယာ ပမာဏကို တာဝန်ယူ ဖြန့်ပေးရသည့် Under Writer လိုင်စင်၊ အခြား စတော့ရှယ်ယာ ဝယ်ရောင်း လုပ်ပိုင်ခွင့်ရှိသော လိုင်စင်များဖြစ် သည့် Dealer နှင့် Broker လိုင်စင်၊ အကြံပေးလိုင်စင် (Consulting/Advisor) တို့ဖြစ်ကာ ထိုလိုင်စင်များကို ချမပေးသေးဘဲ လက်ရှိတွင် Under Writer လိုင်စင်များကိုသာ ချထားပေးကြောင်း သိရသည်။
အခြားလိုင်စင်များကို Listed ကုမ္ပဏီများ တိုးလာသည့် အခြေအနေကိုကြည့်၍ ချပေးသွားမည့် သဘောရှိကြောင်းလည်း ဘဏ္ဍာရေး ဝန်ကြီး ဌာန ဒု ဝန်ကြီး ဒေါက်တာ မောင်မောင်သိမ်းက ပြောဆိုသွားသည်။
မြန်မာနိုင်ငံ၏ ပထမဆုံး စတော့အိတ်ချိန်း ဖြစ်သည့် ရန်ကုန် စတော့ အိတ်ချိန်းကို ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၉ ရက်က စတင် ဖွင့်လှစ်ခဲ့ပြီး မြန်မာ့ စီးပွားရေးဘဏ်က ၅၁ ရာခိုင်နှုန်း၊ တိုကျို စတော့အိတ်ချိန်းက ၁၈ ဒသမ ၇၅ ရာခိုင်နှုန်းနှင့် ဂျပန် ဒိုင်ဝါ သုတေသနက ၃၀ ဒသမ ၂၅ ရာခိုင်နှုန်း ထည့်ဝင်၍ အကောင်အထည် ဖော်ခဲ့ကြခြင်း ဖြစ်သည်။