အမြင့်ဆုံး ဆုကြေးငွေ ကျပ်သိန်း ၁ သောင်း ချီးမြင့်ပေးမည့် ထီလက်မှတ်များ ဝယ်ယူကံစမ်းရန် လူထုစိတ်ဝင်စားမှု များပြားလျက် ရှိသော်လည်း တနိုင်ငံလုံးရှိ ထီအရောင်းကိုယ်စားလှယ် ၁၇၀၀ ကျော်ကိုသာ ဖြန့်ချိပေးမည်ဟု သိရသည်။
ဧပြီလ ၁ ရက်တွင် စတင်ဖွင့်လှစ်မည့် ကျပ် ၅၀၀ တန် အောင်ဘာလေထီ ဖြန့်ချိရောင်းချရန် ထီအရောင်းကိုယ်စားလှယ် ၂ သောင်း နီးပါးလျောက်ထားကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာန အောင်ဘာလေ သိန်းဆုဌာနခွဲ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ခင်မြင့်ဦးက ပြောသည်။
“အခုလောလောဆယ် တနိုင်ငံလုံးက ထီကိုယ်စားလှယ် စုစုပေါင်း ၁,၇၅၂ ဦးက ဖြန့်ချိရောင်းချသွားမှာ ဖြစ်တယ်။ ဒါပေမယ့် အရံထီကိုယ်စားလှယ်တွေ မပါသေးဘူး။ ဒီထီကိုယ်စားလှယ် ၁၇၀၀ ကျော်က မူရင်းထီအတွက် ဖြစ်တယ်” ၎င်းက ဆိုသည်။
မတ်လ ၁ ရက်နေ့တွင် စတင်ရောင်းချမည့် ကျပ် ၅၀၀ တန် ထီလက်မှတ်များကို က အက္ခရာမှ သ အက္ခရာအထိ အက္ခရာ ၃၀ လုံး၊ အရံထီအဖြစ် ဟ အက္ခရာနှင့် ဠ အက္ခရာ ပါဝင်သည့် ထီအုပ်ရေ ၂၄ သိန်းကျော်ကို ရောင်းချပေးမည်ဟု ၎င်းက ဆက်ပြောသည်။
ကိုယ်စားလှယ်များက ထီဖြန့်ချိရောင်းချရန် လျှောက်ထားမှုအပေါ် မူတည်၍ အရံထီ အက္ခရာများ ထပ်တိုးရောင်းချရန် စီစဉ်နေကြောင်း ၎င်းက ဆိုသည်။ ကျပ် ၅၀၀ တန် ထီလက်မှတ်များကို ရောင်းချပေးချိန်တွင် လက်ရှိရောင်းချလျက်ရှိသော ကျပ် ၂၀၀ တန် ထီများကိုပါ ဆက်လက်ရောင်းချပေးမည်ဖြစ်ကြောင်း အောင်ဘာလေသိန်းဆုဌာနခွဲမှ သိရသည်။
မိုးယံရွှေလမင်းနှင့် မြတ်ဆုကုဋေ ထီရောင်းဝယ်ရေး ကိုယ်စားတဦးက “ ကျပ် ၅၀၀ တန်ထီကို မနက်ဖြန်စရောင်းမှာ ဖြစ်တယ်။ ဆုကြေးများတော့ ကျပ် ၅၀၀ တန်ထီကို စိတ်ဝင်စားတဲ့သူ များနေတယ်။ ထီလက်မှတ်ဈေးကို ပိုရောင်းလို့တော့ မရဘူး။ မနက်ဖြန်မှ စရောင်းမှာဆိုတော့ ဈေးကွက်အလားအလာက ပြောလို့မရသေးဘူး။ ကျပ် ၂၀၀ တန်ထီလည်း တွဲရောင်းမယ် ” ဟု ပြောသည်။
ကျပ် ၅၀၀ တန် ထီလက်မှတ်အား ရောင်းချရာတွင် ထီလက်မှတ်ပေါ်၌ ရိုက်နှိပ်ထားသည့် တန်ဖိုးထက်ပို၍ ရောင်းချသည်ကိုတွေ့လျှင် အမည်ပျက်စာရင်းသွင်းမည့်အပြင် လစဉ်ထီစာအုပ် ဝယ်ယူခွင့်ကိုလည်း ပြန်လည်ရုတ်သိမ်း သွားမည်ဖြစ်ပြီး ပေးသွင်းထားသော အာမခံငွေ deposit များ အားလုံးကို နိုင်ငံတော်ဘဏ္ဍာငွေအဖြစ် သိမ်းယူသွားမည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာန၊ အောင်ဘာလေ သိန်းဆုဌာနခွဲက ထုတ်ပြန်ထားသည်။
အသစ်ရောင်းချမည့် ကျပ် ၅၀၀ တန် အောင်ဘာလေထီအတွက် အမြင့်ဆုံးဆုကြေးငွေမှာ ကျပ်သိန်း ၁၀,၀၀၀၊ ကျပ်သိန်း ၅,၀၀၀နှင့် ကျပ်သိန်း ၁,၀၀၀ ဆုများ အပါအဝင် အနိမ့်ဆုံး ဆုကြေးငွေမှာ ကျပ် ၅၀,၀၀၀ အထိ သတ်မှတ်ထားကြောင်း နိုင်ငံပိုင်သတင်းစာတွင် ဖော်ပြထားသည်။
ကျပ် ၅၀၀ တန် ထီလက်မှတ် ၁ အုပ်လျှင် စောင်ရေ ၁၁ ရွက် ပါရှိပြီး၊ ထီလက်မှတ် ရောင်းချရာတွင် ကိုယ်စားလှယ်များအတွက် အမြတ်ငွေ ပါဝင်ပြီးဖြစ်သောကြောင့် သတ်မှတ်ဈေးနူန်းဖြင့်သာ ရောင်းချပေးရန် အောင်ဘာလေ သိန်းဆုဌာနခွဲက အသိပေး ထုတ်ပြန်ထားသည်။