ကမ္ဘာ့ထိပ်တန်း စီးပွားရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ အချက်အလက်များ ဖော်ပြပေးသည့် သတင်း ဌာန Bloomberg Media ၏ ဦးဆောင်မှုနှင့်အတူ ပြည်တွင်း၊ ပြည်ပ လုပ်ငန်းရှင်များက စီးပွားရေး ရင်းနှှီးမြှုပ်နှံမှုနှင့် ပတ်သက်သည့် ဆွေးနွေးပွဲ (Bloomberg Invest Myanmar ( BIM ) Summit) ကို ရန်ကုန်မြို့ ကမ္ဘာအေး ဘုရားလမ်းပေါ်ရှိ ဆီဒိုးနားဟိုတယ်တွင် ယနေ့ ပြုလုပ်ခဲ့သည်။
ပြီးခဲ့သည့်အစိုးရလက်ထက်တွင် မြန်မာနိုင်ငံကို လူသိသင့်သလောက် မသိရှိခဲ့၍ တကမ္ဘာလုံးရှိ စီးပွားရေး အဖွဲ့အစည်းများ၊ လုပ်ငန်းရှင်များ သိရှိလာပြီး မြန်မာ့စီးပွားရေး တွင် ပါဝင်လာခြင်းဖြင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာစေရန် Bloomberg နှင့် ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်ကြောင်း အဆိုပါအစည်းအဝေးသို့ တက်ရောက်သည့် ကုမ္ပဏီတခုဖြစ်သော ကမ္ဘောဇ၏ အကြီးတန်း မန်နေဂျင်း ဒါရိုက်တာ ဦးညိုမြင့်က ပြောသည်။
“ပြည်တွင်းကို ရင်းနှီးမြှုပ်နှံမှုတွေ အများကြီးဝင်လာအောင်၊ ကုန်သွယ်မှုတွေ အများကြီး လုပ်ကိုင်လာအောင်၊ အလုပ်အကိုင်များများ ဖန်တီးပေးနိုင်အောင် ဒီကနေ့မှာ ကျနော်တို့က Bloomberg နဲ့ ချိတ်ဆက်ပြီး လုပ်တာ ဖြစ်ပါတယ်”ဟု ၎င်းက ပြောသည်။
လက်ရှိတွင် မြန်မာ့စီးပွားရေးပေါ်လစီမှာ ပြောင်းလဲလာပြီး စီးပွားရေးပေါ်လစီ၊ ရင်းနှီးမြှုပ်နှံမှုဥပဒေ ထားရှိပြီးဖြစ်သော်လည်း ရေရှည် ဖွံ့ဖြိုးတိုးတက်သော စီးပွားရေး ဖြစ်လာရန် အချိန်ယူရဦး မည်ဖြစ် ကြောင်း ပြောကြသည်။
နိုင်ငံတကာမှ စီးပွားရေးလုပ်ငန်းအဖွဲ့အစည်းများအနေဖြင့် မြန်မာနိုင်ငံကို သိရှိရန်လိုအပ်ပြီး ဖွံ့ဖြိုးတိုးတက်မှု အားကောင်းလာရန်အတွက် စီးပွားရေးကဏ္ဍများကို လွတ်လပ်ခွင့်ပြုရန် အရေးကြီး ကြောင်း Jardine Matheson Management ( SEA ) Pte.Limited မှ country chairman Mr,Peter Beynonက ပြောကြားသည်။
ပါဝင်ဆွေးနွေးခဲ့သည့် မတ်စ်ကုမ္ပဏီဥက္ကဋ္ဌ ဦးဇော်ဇော်က “တကမ္ဘာလုံးက ကျနော်တို့နိုင်ငံ အနေအထားကို သိစေချင်တယ်။ ဒီမှာ လုပ်ကိုင်လို့ရတဲ့ အခွင့်အရေးကို သိစေချင်တယ်။ ကျနော့် အနေနဲ့တိုက်တွန်းခဲ့တာက အခြေခံအဆောက်အအုံပိုင်းပါ။ မဖြစ်မနေ လျှပ်စစ်ဓာတ်အားနဲ့ ပတ်သက်လို့ လမ်း၊ ဆိပ်ကမ်းနဲ့ ပတ်သက်လို့ လုပ်ကို လုပ်ရပါမယ်။ ဒါမှ ကုန်ကျစရိတ်သက်သာစွာနဲ့ ပစ္စည်းကို ထုတ်လုပ်နိုင်ပါမယ်”ဟု ပြောဆိုခဲ့သည်။
ယင်းထိပ်သီးအစည်းအဝေးသို့ ပြည်တွင်းမှ မတ်စ်ကုမ္ပဏီ ဥက္ကဋ္ဌ ဦးဇော်ဇော်၊ AGD ဘဏ်၏ မန်နေဂျင်း ဒါရိုက်တာ ဦးထူးထက်တေဇလှိုင်၊ ကမ္ဘောဇလုပ်ငန်းအုပ်စုမှ ဒါရိုက်တာ အဖွဲ့ဝင် ဒေါ်နန်းလိုင်ခမ်း၊ ကမ္ဘောဇကုမ္ပဏီ၏အကြီးတန်း မန်နေဂျင်း ဒါရိုက်တာ ဦးညိုမြင့်၊ စီးတီးမတ်ဟိုးဒင်း မန်နေဂျင်းဒါရိုက်တာ ဒေါ်ဝင်းဝင်းတင့်၊ အဆာဟိ လွယ်ဟိန်းကုမ္ပဏီ ဥက္ကဋ္ဌ ဒေါက်တာ စိုင်းစံထွန်း၊ မြန်မာ့သြဘာလုပ်ငန်းစု ဥက္ကဋ္ဌ ဦးသတိုးဟိန်း နှင့် နိုင်ငံတကာမှ စီးပွားရေး လုပ်ငန်းရှင်များ တက်ရောက် ဆွေးနွေးခဲ့ကြသည်။
ကုန်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းမြင့်အား ဆွေးနွေးပွဲသို့ တက်ရောက်ရန် ဖိတ်ကြားခဲ့သော်လည်း တက်ရောက်လာခြင်းမရှိပေ။
လက်ရှိအစိုးရသစ်လက်ထက်တွင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ကို ၂၀၁၆ ဇွန်လ၂၇ ရက် က စတင်ကာ အသစ်ပြန်လည်ဖွဲ့စည်းခဲ့သည်။ ရင်းနှီးမြှုပ်နှံမှုအနေဖြင့်၂၀၁၆ မှ ၂၀၂၀ အထိကို တနှစ်လျှင် အမေရိကန် ဒေါ်လာ ၆ ဘီလီယံ လျာထားပြီး ၂၀၂၁ မှ ၂၀၃၀ အထိကို တနှစ်လျှင် အမေရိကန်ဒေါ်လာ ၈ ဘီလီယံ လျာထား ကြောင်း ရင်းနှီးမြှုပ်နှံမှုှနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန (DICA)မှ သိရသည်။