မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံကြား စီးပွားရေးနှင့် ပတ်သက်သော တင်းမာမှုတချို့ ရှိခဲ့ပြီးနောက် သေနင်္ဂဗျူဟာ အရ အရေးပါသော မြန်မာ ပင်လယ်ဆိပ်ကမ်းတွင် တရုတ်နိုင်ငံက ၈၅ ရာခိုင်နှုန်း အထိ ပိုင်ဆိုင်လိုကြောင်း ရိုက်တာက လေ့လာခဲ့ရသော မှတ်တမ်းများအရ သိရသည်။
ဘေကျင်းသည် ၎င်း၏ ကြီးမားသည့် ရည်မှန်းချက်ဖြစ်သည့် အာရှနှင့် အခြားဒေသများသို့ စီးပွားရေး ချိတ်ဆက်မှု ပိုမိုနက်ရှိုင်း စေမည့် “ဒေသတခု၊ လမ်းကြောင်းတခု” (One Belt, One Road) အခြေခံအဆောက်အအုံ ရင်းနှီးမြှုပ်နှံမှု အစီအစဉ်၏ တစိတ်တပိုင်း အဖြစ် ဘင်္ဂလားပင်လယ်အော်ရှိ ကျောက်ဖြူဆိပ်ကမ်းတွင် အထူးအခွင့်အရေး ရရန် တွန်းအားပေး နေသည်။
တရုတ်နိုင်ငံ၏ CITIC Group ဦးဆောင်သည့် လုပ်ငန်းစုသည် ဒေါ်လာသန်း ၇၃၀၀ တန်သည့် ထိုပင်လယ်နက် ဆိပ်ကမ်းတွင် ၇၀ မှ ၈၅ ရာခိုင်နှုန်း အထိ ရင်းနှီးမြှုပ်နှံ ပိုင်ဆိုင်ရန် အဆိုပြုသည်ဟု ရိုက်တာသတင်းဌာနက ကြည့်ရှုခဲ့ရသော စာရွက်စာတမ်းများနှင့် မြန်မာအရပ်သား အစိုးရနှင့် တရုတ်နိုင်ငံပိုင် အထက်ပါလုပ်ငန်းစု အကြား ဆွေးနွေးပွဲများနှင့် နီးစပ်သူများ၏ အဆိုအရ သိရသည်။
တရုတ်နိုင်ငံက အဆိုပြုသည့် ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ လွန်ခဲ့သောနှစ် နှောင်းပိုင်းက မြန်မာနိုင်ငံက အဆိုပြုပြီး CITIC က ပယ်ချခဲ့သည့် ၅၀ ရာခိုင်နှုန်းစီ ရင်းနှီးမြှုပ်နှံရေးထက် သိသိသာသာ များပြားကြောင်း ဆွေးနွေးပွဲတွင် ပါဝင်သူ ၂ ဦးက ပြောသည်။
တရုတ်နိုင်ငံသည် မြန်မာနိုင်ငံမှ အငြင်းပွားဖွယ်ရာ ဒေါ်လာသန်း ၃၆၀၀ တန် မြစ်ဆုံဆည် စီမံကိန်းကို စွန့်လွှတ်ရန် လိုလားပြီး အပြန်အလှန်အားဖြင့် ထိုဘင်္ဂလားပင်လယ်အော် ဆိပ်ကမ်းအပါအဝင် မြန်မာမှ အခြားသေနင်္ဂဗျူဟာ ကျသော အခွင့်အလမ်းများကို မျှော်လင့်ကြောင်း အချက်ပြခဲ့သည်။
ကျောက်ဖြူသည် တရုတ်နိုင်ငံ အတွက် အရှေ့အလယ်ပိုင်းမှ စွမ်းအင်တင်သွင်းမှုကို အဟန့်အတား ဖြစ်နေသည့် မလက္ကာ ရေလက်ကြားကို ဖြတ်သန်းရန် မလိုဘဲ အခြားလမ်းကြောင်းဖြစ်ပြီး ရေနံနှင့် ဓာတ်ငွေ့ပိုက်လိုင်း အတွက် စမှတ်လည်း ဖြစ်သောကြောင့် တရုတ်နိုင်ငံအတွက် အရေးပါသည်။
ထိုဆိပ်ကမ်းသည် စက်မှုဇုန်တခုနှင့် မြန်မာနိုင်ငံ အနောက်ပိုင်း ရခိုင်ပြည်နယ်တွင် အထူးစီးပွားရေးဇုန် ထူထောင်မည့် စီမံကိန်း ၂ ခု၏ အစိတ်အပိုင်းဖြစ်သည်။CITIC သည် ထိုစီမံကိန်း ၂ ခုလုံးတွင် ဦးဆောင်ရန် ၂၀၁၅ ခုနှစ်က ကပင် ခွင့်ပြုချက်ရခဲ့သည်။
ဘေကျင်းအခြေစိုက် CITIC သည် တရုတ်နိုင်ငံ၏ သက်တမ်းအရှည်ဆုံးနှင့် အကြီးမားဆုံး ဘာဏ္ဍာရေး လုပ်ငန်းစု ဖြစ်ပြီး အဆိုပါ ကိစ္စနှင့် ပတ်သက်၍ သောကြာနေ့က တစုံတရာ ပြောကြားပေးရန် အကြိမ်ကြိမ် မေတ္တာရပ်ခံ ခဲ့သော်လည်း တစုံတရာ တုံ့ပြန်ခြင်း မရှိခဲ့ပေ။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ဖက်စ်ဖြင့် မေတ္တာရပ်ခံခြင်းကို လတ်တလော မတုံ့ပြန်သေးပေ။
သတင်းရင်းမြစ်များက မြန်မာ၏ စီးပွားရေးမြို့တော် ရန်ကုန်တွင် ယခုအပတ်တွင် စတင်မည်ဟု ဆိုသော တရုတ်နှင့် မြန်မာအစိုးရအကြား ဆွေးနွေးပွဲများသည် တရုတ်က သယံဇာတကြွယ်ဝသော အိမ်နီးချင်းမြန်မာနှင့် ပိုမိုကောင်းမွန်သော ဆက်ဆံရေးထူထောင်ရန် ကြိုးစားနေချိန်ဖြစ်သည်။
မြန်မာ ခေါင်းဆောင်များသည် အစဉ်အလာအားဖြင့် တရုတ်လွှမ်းမိုးမှုကို စိုးရိမ်မကင်းသူများ ဖြစ်သည်။
သို့သော် မြန်မာနိုင်ငံသည် လွန်ခဲ့သောလကမှ ကျောက်ဖြူဆိပ်ကမ်းမှ တဆင့် တရုတ်နိုင်ငံ အနောက်တောင်ပိုင်းသို့ ပိုက်လိုင်းမှ ရေနံတင်ပို့မည့် သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ပြီး မြန်မာ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သည်လည်း တရုတ်သမ္မတ ရှီကျင့်ပင်၏ အဓိက မူဝါဒဖြစ်သည့် ဒေသတခု၊ လမ်းကြောင်းတခု မူဝါဒအတွက် ဘေကျင်းတွင် ကျင်းပမည့် ထိပ်သီးဆွေးနွေးပွဲကို မေလ လယ်တွင် တက်ရောက်ရန် စီစဉ်ထားသည်။
CITIC သည် ထိုဆိပ်ကမ်း စီမံကိန်းတွင် အဓိက မောင်းနှင်သော နေရာမှ ပါဝင်နေပြီး မြန်မာနိုင်ငံသည် ထို လုပ်ငန်းရင်းနှီးမြှုပ်နှံမှု၏ ၃၀ ရာခိုင်နှုန်း ထက် ပို၍တောင်းဆိုရန် ဖြစ်နိုင်ဖွယ် မရှိတော့ကြောင်း အမည်မဖော်လိုသော သတင်းရင်းမြစ်တခုက ပြောသည်။
“သူတို့ ဒီစီမံကိန်းမှာ ၈၅ ရာခိုင်နှုန်း ထိန်းချုပ်ခွင့် ရရင် တရုတ်က သူတို့လုပ်ချင်ရာ လုပ်ခွင့်ရမှာကို တချို့က စိုးရိမ်နေကြတာ” ဟု မြန်မာမူဝါဒ ချမှတ်သူများ၏ တွေးခေါ်မှုနှင့် ရင်းနှီးကျွမ်းဝင်သူ တဦးက ပြောသည်။
“ဒါပေမယ့် မြန်မာအတွက် အခြားရွေးစရာ မရှိတော့ဘူး” ဟု ထိုသူက မြန်မာအစိုးရ၏ ဘဏ္ဍာရေး အကန့်အသတ်များ ကို ကိုးကားပြီး ၎င်းက ဆက်လက်ပြောသည်။ ထို သတင်းရင်းမြစ်က မြစ်ဆုံဆည်နှင့် ပတ်သက်သော မူလ အခြေအနေကို ပြောဆိုခြင်း မရှိခဲ့ပေ။
မြန်မာ မူဝါဒချမှတ်သူများနှင့် နီးစပ်သော ဒုတိယ သတင်းရင်းမြစ်က မြန်မာနိုင်ငံသည် CITIC က အဆိုပြုသည့် ရွေးချယ်စရာလမ်း ၄ သွယ် အနက် တခုကို သဘောတူပြီး ၁၅ မှ ၃၀ ရာခိုင်နှုန်းကို ရယူမည် ဟု ထိုပြောဆိုချက်ကို အတည်ပြု ပေးသည်။
“မြန်မာအနေနဲ့ CITIC က ရွေးစရာ လမ်း ၄ ခုကလွဲလို့ အခြားရွေးစရာ မရှိဘူး” ဟု ဆွေးနွေးပွဲများတွင် ပါသည့် ထိုဒုတိယ သတင်းရင်းမြစ်က ပြောသည်။
ရန်ပုံငွေ ထောက်ပံ့ခြင်းကို သဘောတူထားသည့် အချိုးအစားအတိုင်း မြန်မာနှင့် CITI ဦးဆောင်သည့် လုပ်ငန်းအတိုင်း ခွဲဝေမည်ဟု ရင်းမြစ် ၂ ခုလုံးက ပြောသည်။
ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲရေး ကော်မတီကို ဦးဆောင်သူ ဦးစိုးဝင်းက လာမည့်အပတ်တွင် ဆွေးနွေးပွဲများ စတင်မည်ကို အတည်ပြုသော်လည်း ဆွေးနွေးပွဲများ၏ အတွင်းရေး ထိန်းသိမ်းရန် တာဝန်ကို အကြောင်ပြပြီး ဝေဖန်ပြောကြားရန် ငြင်းဆန်သည်။
၄၂၈၉ ဧကကျယ်သော စင်္ကာပူနှင့် တူသည့် မြန်မာ့စီးပွားရေး အချက်အချာ ၁၀ ဘီလီယမ် နီးပါးတန် ကျောက်ဖြူ အထူးစီးပွားရေး ဇုန်သည် မြန်မာနိုင်ငံ၏ အဆင်းရဲဆုံး ဒေသများအနက် တခုတွင် စီးပွားရေး တိုးတက်စေရန် စီမံကိန်း၏ အစိတ်အပိုင်း ဖြစ်သည်။
CITIC ကပင် ဦးဆောင်သော ဒုတိယ လုပ်ငန်းစုက ဒေါ်လာသန်း ၂၃၀၀ တန် စက်မှုဇုန်တွင်း ၅၁ ရာခိုင်နှုန်း ပိုင်ဆိုင်ရန် အဆိုပြုပြီး မြန်မာက သဘောတူပြီး ဖြစ်သည်ဟု ဆွေးနွေးပွဲတွင် ပါသည့် ရင်းမြစ် ၂ ခုက ပြောသည်။
သဘာဝပတ်ဝန်းကျင်နှင့် လူမှု သက်ရောက်မှုများကို မြန်မာ သဘာဝပတ်ဝန်းကျင် ဝန်ကြီးဌာနက မကြာမီတွင် ပြုလုပ်သွားမည် ဖြစ်ပြီး ဆောက်လုပ်ရေးလုပ်ငန်းများ ၂၀၁၈ တွင်စတင်မည်ဟု ဦးစိုးဝင်းက ပြောသည်။
အထူး စီးပွားရေးဇုန်မှာ တင်ဒါလုပ်ငန်း အတွက် တက်ကြွလှုပ်ရှားသူများနှင့် ဒေသခံများ၏ ဆန့်ကျင်မှုကို ခံနေရပြီး ဖွံ့ဖြိုးရေး လုပ်ငန်းများသည် ဒေသခံများအတွက် ဆိုးကျိုးများဖြစ်မည်ဟု ဒေသခံများက ပြောသည်။
လူ ၂၀၀၀၀ မှာ ဇုန်မြေ ရယူခြင်း အတွက် ၎င်းတို့၏ နေအိမ်များနှင့် အသက်မွေးဝမ်းကျောင်းများ ဆုံးရှုံးမည့် အန္တရာယ် ရှိနေသည် ဟု လူ့အခွင့်အရေး အဖွဲ့တခု ဖြစ်သည့် ဂျူရီလူကြီးများ နိုင်ငံတကာကော်မရှင် (International Commission of Jurists) ၏ အဆိုအရ သိရသည်။
CITIC ၏ လုပ်ငန်းစုတွင် တရုတ် ဆိပ်ကမ်းအင်ဂျင်နီယာ လီမိတက် (China Harbor Engineering Company Ltd,) တရုတ် ကုန်သည်များ ဦးပိုင်ကုမ္ပဏီ (China Merchants Holdings, TEDA Investment Holding) နှင့် ယူနန် ဆောက်လုပ်ရေးအင်ဂျင်နီယာအုပ်စု (Yunnan Construction Engineering Group) တို့ ပါဝင်သည်။ ။
(Reuters သတင်းထောက် Yimou Lee နှင့် Shwe Yee Saw Myint တို့၏ China seeks up to 85 percent stake in strategic port in Myanmar ကို ဘာသာပြန်သည်။)