စီးပွားရေး

အစိုးရ ဘတ်ဂျက်လိုငွေ ငွေချေးစာချုပ်ရောင်းပြီး ဖြေရှင်းမည်

Want create site? Find Free WordPress Themes and plugins.

ကျပ်ငွေ ဘီလီယံ ၄၀၀၀ လိုငွေပြနေသည့် အစိုးရဘတ်ဂျက် အသုံးစရိတ်ကို ဖြေရှင်းရန် ဗဟိုဘဏ်က ငွေတိုက်၊ ငွေချေး စာချုပ်များ ရောင်းချ၍ ဖြေရှင်းရန် ရှိကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနက အောက်တိုဘာလ ၁၇ ရက်နေ့တွင် ကျင်းပသည့် ပြည်ထောင် စုလွှတ်တော်သို့ တင်ပြခဲ့သည်။

မြန်မာကျပ် ဘီလီယံ ၄၀၀၀ ၏ ၇၀ ရာခိုင်နှုန်း ဘီလီယံ ၂၈၀၀ ဖိုး ငွေတိုက်စာချုပ်များကို ဘဏ်များသို့ အနည်းဆုံး အတိုးနှုန်း ၈ ရာခိုင်နှုန်းပေး၍ ရောင်းချမည် ဖြစ်ပြီး ကျန်သည့် ၃၀ ရာခိုင်နှုန်း ဘီလီယံ ၁၂၀၀ ကိုတော့ ဗဟိုဘဏ်က ၎င်းတွင်ရှိသည့် ပိုက်ဆံကို ထုတ်ပေး သွားမည်ဟု သိရကြောင်း မင်္ဂလာဒုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းက ပြောသည်။

“အစိုးရက ငွေကြေးစာချုပ် ချုပ်ပြီးတော့ ရောင်းတာ။ ဘဏ်တွေက ဝယ်ကြတယ်။ ပြည်သူတွေကတော့ မဝယ်နိုင်ပါဘူး။ ဘဏ်တွေကို အပြင် အတိုးပေးရတာပေါ့။ အတိုးက ၈ ရာခိုင်နှုန်းလောက် အနည်းဆုံး ပေးရတယ်။ စာချုပ် တခုကို သိန်း ၅၀၀၀ လောက်ရှိတယ်။ ဘဏ်တွေကို ခေါ်ပြီးတော့ အစိုးရက ဝယ်ခိုင်းတာ”ဟု ဦးအောင်လှိုင်ဝင်းက ပြောသည်။
၇၀ ရာခိုင်နှုန်း ချေးငွေများတွင် ကာလတို၊ ကာလရှည် စာချုပ်များ ပါဝင်ပြီး ကာလတို စာချုပ်မှ ၃ လ၊ ကာလရှည် စာချုပ်မှ ၃ နှစ်၊ ၅ နှစ်တို့ ဖြစ်ပြီး ငွေကြေးဖောင်းပွမှုကို ကာကွယ်ရန် ယခုလို ငွေကြေးစာချုပ်များ ထုတ်၍ ရောင်းချရခြင်း ဖြစ်ကြောင်းလည်း သိရသည်။

အစိုးရမှာ အခွန်ကောက်ခံမှု အပြည့်အဝ မရခြင်း၊ သစ်ထုတ်လုပ်ခြင်း၊ ဂတ်(စ်) ရောင်းချသည့် ဝင်ငွေရလမ်းများ နည်းပါးလာချိန်တွင် အသုံးစရိတ်မှာ လျော့ချရန် မဖြစ်နိုင်သောကြောင့် အလွယ်ဆုံးနည်းလမ်းဖြစ်သည့် ပိုက်ဆံများ ထပ်မံရိုက်ထုတ်ခြင်းနည်းဖြင့် မဟုတ်ဘဲ အန္တရာယ် အနည်းဆုံးနည်းဖြစ်သည့် ငွေချေးစာချုပ်များ ရောင်းချခြင်း နည်းလမ်းကို အသုံးပြုခြင်း ဖြစ်ကြောင်း ဘဏ်လုပ်ငန်း ကျွမ်းကျင်သူ တဦးဖြစ်သူ ဦးရဲမင်းဦးက ပြောသည်။

“လက်ရှိ ငွေရိုက်ထုတ်တဲ့ နည်းကို မသုံးဘူးဆိုရင် ချေးပြီး သုံးတာက ယာယီ ဖြေရှင်းလို့ရတဲ့ နည်းလမ်းပဲ။ အဲလို ငွေကြေးရဖို့ ကမ္ဘာ့ဘဏ်ကနေ ချေးကြတယ်။ ဗဟိုဘဏ်မှာ ပိုက်ဆံရှိတယ်ဆိုရင် ဗဟိုဘဏ်ကနေ ပြန်ချေးရတာတွေ ရှိတယ်။ ဒီပုံစံက ဘတ်ဂျက်လိုငွေကို ဖြေရှင်းတဲ့ ပုံစံတမျိုးကပဲ။ ဒီပုံစံက နည်းမှန်လမ်းမှန်လို့ပဲ ပြောရမှာပဲ။ တခြားနည်းလည်း မရှိဘူး”ဟု ဦးရဲမင်းဦးက ပြောသည်။

အစိုးရလိုအပ်သော ငွေကို ဗဟိုဘဏ်က နည်းလမ်း အမျိုးမျိုး သုံး၍ ထုတ်ပေးနိုင်သော်လည်း ငွေကြေး ဖောင်းပွမှု မရှိရန်၊ နိုင်ငံ၏ငွေကြေး တည်ငြိမ်မှုရှိရန် ဗဟိုဘဏ်တွင် တာဝန်ရှိကြောင်း၊ စာချုပ်များကို ၃ နှစ်၊ ၅ နှစ် သတ်မှတ်၍ ကြိုရောင်း လိုက်ပြီး ယင်းကာလအတွင်း ပိုက်ဆံပြန်ထုတ်ယူခွင့် မပြုကြောင်း၊ ချေးယူရာတွင် ပေးရသည့် အတိုးကို ချေးယူထားသည့် ကာလအတွင်း အခြားဝင်ငွေရ လမ်းတခုခုမှ ပေးလိုက်၍ ရကြောင်း သိရသည်။

NLD စီးပွားရေး ကော်မတီဝင်လည်း ဖြစ်သူ ဦးရဲမင်းဦးက “ငွေတိုက်စာချုပ်တွေ ထုတ်ရောင်းမယ်လို့ ဆုံးဖြတ်တဲ့ အတွက်ကို ပြဿနာတော့ နည်းတယ်။ ငွေကြေးဖောင်းပွမှုလို့ ပြောရင်တော့ ငွေကြေးဖောင်းပွမှုကို ရှိမှာပဲ။ အနည်းနဲ့ အများတော့ ကွာမှာပေါ့။ လက်ရှိ နည်းလမ်းကတော့ အနည်းဆုံး နည်းလမ်းကို ရွေးတာပေါ့”ဟု ပြောသည်။

လက်ရှိတွင် မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုကို ၆.၄ ရာခိုင်နှုန်း၊ ၆.၈ ရာခိုင်နှုန်း ဟု ကြေညာမှုများ ရှိနေပြီး ယခု ငွေကြေး လှုပ်ရှားမှုများကြောင်း ၇ ရာခိုင်နှုန်း ကျော်ကျော်ထိ တိုးလာနိုင်ကြောင်း ၎င်းက သုံးသပ်သည်။

ပြည်သူ့လွှတ်တော် စီးပွားရေး ကော်မတီဝင်ဟောင်း ဦးအောင်လှိုင်ဝင်းကလည်း “အရင်က ငွေလိုရင် ပိုက်ဆံရိုက်ပြီး ဖြည့်တယ်။ အခုက ငွေတိုက်စာချုပ်တွေ ထုတ်ရောင်းပြီးတော့ ငွေကြေးဖောင်းပွမှုကို ကာကွယ်နိုင်အောင် ဈေးကွက်ထဲက ပိုက်ဆံတွေ ကို ပြန်သိမ်းတာပေါ့။ ဒါပေမယ့် အဲလိုနည်းနဲ့လည်း ၁၀၀ ရာခိုင်နှုန်း မရနိုင်တဲ့အခါကျတော့ ဘီလီယံ ၁၂၀၀ ကိုတော့ ဗဟိုဘဏ်ကနေပြီးတော့ ချေးယူလိုက်တာ”ဟု ပြောသည်။

၂၀၁၇- ၂၀၁၈ ဘဏ္ဍာရေးနှစ်အတွက် ငွေချေးယူမှု လျာထားမှုအစီအစဉ်အရ ပြည်တွင်းမှ ချေးယူနိုင်ခွင့်ရှိသည့် အများဆုံး ပမာဏကျပ် ၅,၂၀၀ ဘီလီယံအပေါ် မူတည်၍ အစိုးရငွေတိုက်စာချုပ်မှ လေလံစနစ်ဖြင့် ရောင်းချခြင်းကို ၄၀ ရာခိုင်နှုန်း၊ အစိုးရ ငွေတိုက် လက်မှတ်များ လေလံစနစ်ဖြင့် ရောင်းချခြင်းကို ၃၀ ရာခိုင်နှုန်း၊ ဗဟိုဘဏ်သို့ အစိုးရ ငွေတိုက်လက်မှတ်များ ရောင်းချခြင်းကို ၃၀ ရာခိုင်နှုန်းနှင့် ပြည်ပမှ ချေးငွေထုတ်ယူသုံးစွဲရန် ကျပ် ၁,၇၅၄ ဘီလီယံ လျာထားကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading