နိုင်ငံတော် အရန်ဆန် ဝယ်ယူသည့် အစီအစဉ်ကို လာမည့် သြဂုတ်လ ၁ ရက်မှ စတင်၍ ယာယီ ရပ်ဆိုင်းလိုက်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ ဦးခင်မောင်လွင်က ဧရာဝတီသို့ ပြောသည်။
“လောလောဆယ် အရန်ဆန် ဝယ်ယူထားတဲ့ တန်ချိန် ၅ သောင်းက ပြည့်သွားတဲ့အတွက် ယာယီရပ်ဆိုင်း လိုက်တာဖြစ် တယ်။ လိုအပ်ရင်တော့ ထပ်ဝယ်မယ်။ အခုကတော့ ဝယ်ယူထားတဲ့ အရန်ဆန် တန်ချိန် ၅ သောင်း (ဆန်အိတ်ရေ ၅ သိန်း ကျော်) ကို ပြည်နယ်နဲ့ တိုင်းတွေမှာ ရောင်းချဖို့ စီစဉ်နေတယ်” ဟု ၎င်းက ရှင်းပြသည်။
နေပြည်တော် အပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီးများသို့ ယခင် ဝယ်ယူထားသည့် အရန်ဆန်များ ရောင်းချပြီးပါက ထပ်မံ ဝယ်ယူမည့် အရန်ဆန် တန်ချိန်၊ ဈေးနှုန်း၊ ပမာဏ အစရှိသည့် အသေးစိတ် အချက်အလက်များကို သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဦးခင်မောင်လွင်က ပြောသည်။
လောလောဆယ်တွင် နိုင်ငံတော် အရန်ဆန် ဝယ်ယူခြင်းကို ကာလတခုအထိ ယာယီရပ်ဆိုင်းထားမည် ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက သိရသည်။
ပြည်ပသို့ ဆန်၊ ဆန်ကွဲ တင်ပို့သည့် ကုမ္ပဏီများထံမှ နိုင်ငံတော် အရန် ရိက္ခာဆန်အဖြစ် ဝယ်ယူသိုလှောင်ထားသည့် ဧည့် မထ ဆန်အိတ်ရေ ၅ သိန်းကို မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်က တိုင်းနှင့် ပြည်နယ်များရှိ လက်လီအရောင်းဆိုင် ၅၀ ကျော်မှ တဆင့် အိတ်ရေ ၁ ထောင်ကျော် ရောင်းချထားကြောင်း သိရသည်။
မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ် ရုံးအဖွဲ့မှူး ဦးမြင့်လွင်က “အရန်ဆန်ကို ပေးသွင်းတဲ့ ရည်ရွယ်ချက်က စားသုံးသူ ပြည်သူ တွေ အတွက် အကုန်ပါတာပေါ့။ လုပ်ငန်းရှင်တွေက မသွင်းရဘူး ဆိုတော့ အဆင်ပြေတာပေ့ါ။ လုပ်ငန်း ရှုပ်ထွေးတာ မရှိ ဘူး” ဟု ဧရာဝတီသို့ ပြောသည်။
ဆက်လက်၍ ၎င်းက “ဘာလို့လဲဆိုတော့ အရန်ဆန် သွင်းရမယ်၊ စာရင်းတွေ မှတ်ရမယ်၊ ပိုက်ဆံက ပြန်ထုတ်ရတယ်၊ သတ်မှတ်တဲ့ ဈေးနဲ့ ဝယ်တာဖြစ်တဲ့အတွက် အဲဒီ ကာလတုန်းက သွင်းရတာ ငွေကြေးအရတွက်ရင် ပြန်ရဖို့ နည်းနည်း နည်းတာပေါ့။ ဒီလိုမျိုးဖြစ်တော့ မသွင်းရဘူး ဆိုရင်တော့ လုပ်ငန်းရှင်အတွက် အကောင်းဘက်ပေါ့။ ဒီလိုပဲ ပြောရမှာပါ”ဟု အရန်ဆန်ပေးသွင်းခြင်းနှင့် ပတ်သက်၍ လုပ်ငန်းရှင်အပိုင်းကို ပြောပြသည်။
နိုင်ငံတော် အရေးပေါ် ရိက္ခာ အရန်ဆန် ဆိုသည်မှာ လက်ရှိ ကိုဗစ်ကာလဖြစ်သော်လည်း သဘာဝဘေး အန္တရာယ် ဖြစ်၍ သော်လည်းကောင်း၊ အချိန်မရွေး လိုလာနိုင်သောကြောင့် ယခု ရှိနေသည့် အရန်ဆန်များ ဖြန့်ဖြူးရာတွင် ကုန်သွားခြင်း၊ လိုအပ်လာခြင်း စသည့် အခြေအနေတခု ဖြစ်ပေါ်လာပါကလည်း ပို့ကုန်လုပ်ငန်းရှင်များ အနေနှင့် နိုင်ငံတော် အစိုးရ ညှိနှိုင်းပြီး ပြန်လည် ကူညီသွားမည် ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။
ပြည်ပ ဆန်တင်ပို့မှု အနေနှင့် ယခင်နှစ် ကာလတူနှင့် နှိုင်းယှဉ်လျှင် ဆန်အိတ်ရေ ၂၂ သိန်းကျော် တင်ပို့ထားသောကြောင့် အိတ်ရေ ၄ သိန်းနီးပါးခန့် ပို၍ တင်ပို့ထားနိုင်ပြီး ဝင်ငွေအားဖြင့်လည်း အမေရိကန်ဒေါ်လာ သန်း ၁၀၀ ကျော်ခန့် ပို၍ ရရှိထားသည့် အနေအထားရှိကြောင်း သိရသည်။
ဈေးကွက်အနေနှင့်လည်း ကိုဗစ်ကာလ အစတွင် ဈေးနှုန်း မြောက်ခြင်းများ ရှိသော်လည်း လက်ရှိ အချိန်တွင် ဈေးနှုန်းများ တည်ငြိမ်၍ ပုံမှန်ဈေးကွက်ဖြစ်နေကြောင်း၊ ပြည်တွင်း ဆန်ဈေးကွက်တွင်လည်း တည်ငြိမ်သည် ဆိုတာထက် ဈေးအကျ ဘက်သို့ သွားနေသည့် သဘောရှိကြောင်း ဆန်ကုန်သည် လုပ်ငန်းရှင် ဖြစ်သူ ဦးမြင့်လွင်က သုံးသပ်ပြောဆိုသည်။
ယခုလို ကိုဗစ်ကပ်ရောဂါ ဖြစ်ပေါ်နေသော ကာလတွင် ကုန်ဈေးနှုန်းများ ထိခိုက်မသွားစေရန်အတွက် အစိုးရအနေနှင့် နိုင်ငံတော် အရန် ရိက္ခာအဖြစ် ဆန်တန်ချိန် ၅ သောင်းနှင့် စားအုန်းဆီ တန်ချိန် ၁ သောင်း ၂ထောင်ကို ဝယ်ယူရန် ပြည်ထောင်စု အစိုးရ က ကျပ် ၃၈ ဘီလီယံ သုံးစွဲရန် စီးပွား/ ကူးသန်း ဝန်ကြီးဌာနသို့ ခွင့်ပြုပေးခဲ့ခြင်း ဖြစ်သည်။
လက်ရှိတွင် နိုင်ငံတော်အရန်ဆန်အနေ ထုတ်ရောင်းခြင်းများ ရှိသော်လည်း အရန်ဆီအနေဖြင့် တိုင်းနှင့် ပြည်နယ်များသို့ Jerry Can (လက်ဆွဲပုံး) များနှင့် ဖြန့်ဝေပေးခြင်းသာ ရှိပြီး ထပ်မံ ဝယ်ယူ/ မဝယ်ယူ ဆိုသည့် အခြေအနေကို အစိုးရနှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနတို့မှ ပြောဆိုဆွေးနွေးထားခြင်း မရှိသေးကြောင်း မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဦးမြင့်ကြူက ပြောသည်။
You may also like these stories:
အရန်ဆန်များကို သက်သာသော ဈေးနှုန်းနှင့် ပြည်သူများထံ ရောင်းချပေးမည်
ပြည်ပသို့ ဆန်တင်ပို့မှု ကန့်သတ်ချက်များ ဖြေလျှော့ပေး