Xiaomi ဟာ Walmart ကနေတဆင့် U.S မှာ ကုန်ပစ္စည်းအသစ်တွေ ရောင်းချသွားတော့မှာ ဖြစ်ပါတယ်။ ပထမဆုံး ကုန်ပစ္စည်းကတော့ ၁၅၀ လက်မ လေဆာပရိုဂျက်တာ ဖြစ်ပါတယ်။ Android TV အဖြစ်လည်း ရုပ်သံကြည့်ရှုနိုင်မယ့် Mi Laser Projector ကို ၁၉၉၉ ဒေါ်လာဈေးနဲ့ Walmart ကနေ ရောင်းချသွားမှာပါ။
နံရံကနေ ၅ စင်တီမီတာနဲ့ ၅၀ စင်တီမီတာ အကွာအဝေးမှာတင် ထားကာ ပုံရိပ်ထိုးပေးနိုင်တဲ့ Ultra-short throw ပရိုဂျက်တာဖြစ်ပြီး၊ ပုံရိပ်အရွယ်အစား လက်မ ၁၅၀ အထိ ထိုးပေးနိုင်ပါတယ်။
ပုံရိပ်အရည်အသွေးကို 1080p အထိ ရရှိမှာဖြစ်ပြီး၊ အလင်းအား 5,000 lumesn၊ 3000: 1 Contrast Ratio တို့နဲ့ ရုပ်ရှင်ရုံအရည်အသွေး ခံစားနိုင်မှာ ဖြစ်တယ်လို့ Xiaomi က ဆိုထားပါတယ်။ အသံစနစ်အတွက် Dolby Audio ရတဲ့ စပီကာ ၄ လုံးလည်း ပါဝင်ဦးမှာပါ။
Mi Laser Project မှာ Android TV စနစ်လည်း ပါဝင်တဲ့အတွက်ကြောင့် တီဗီအဖြစ်လည်း အသုံးပြုပါတယ်။ ထိန်းချုပ်ဖို့အတွက် Google Assistant အသုံးပြုနိုင်တဲ့ ရီမုတ် ကွန်ထရိုးတခုလည်း ပါဝင်လာမှာပါ။
လေဆာပရိုဂျက်တာ ထိပ်မှာ လူ အနားကပ်လာရင် သိရှိနိုင်တဲ့ ဆန်ဆာတခု ပါဝင်ပြီး မျက်လုံး မထိခိုက်ဖို့အတွက် လေဆာအလင်းရောင် ပမာဏကို အလိုလို လျော့ချပေးနိုင်ပါတယ်။
Mi Laser Project မှာ HDMI 2.0 အပေါက် ၃ ခု၊ USB အပေါက်၂ ခု၊ Wi-Fi နဲ့ Bluetooth တို့လည်း ပါဝင်ပါတယ်။ Xiaomi ဟာ Walmart မှာ Mi Laser Projector အပြင် Mi LED Desk Lamp စားပွဲတင်မီးအိမ်၊ Yeelight LED Light Bulb မီးလုံး နဲ့ Mi Bedside Lamp တို့ကိုလည်း ရောင်းချလျက်ရှိပါတယ်။
ဒါ့အပြင် အိမ်တွင်း လျှပ်စစ်ပစ္စည်းတွေရဲ့ ပါဝါ သုံးစွဲမှုကို Mi Home app ကနေတဆင့် အဝေးကနေ ထိန်းချုပ်နိုင်တဲ့ စမတ်ပလပ်ပေါက် တခုကိုလည်း ၁၄ ဒဿမ ၉၉ ဒေါ်လာနဲ့ ရောင်းချနေပြီ ဖြစ်ပါတယ်။ ပစ္စည်းအကုန်လုံးကို Walmart ကနေပဲ ဝယ်ယူနိုင်မှာပါ။
Ref: The Verge, Walmart