ကနေဒါနိုင်ငံမှာ Huawei ကုမ္ပဏီရဲ့ ဘဏ္ဍာရေးအရာရှိချုပ် အဖမ်းခံရပြီးနောက်မှာ Huawei ကို ဝန်းရံ အားပေးတဲ့ တရုတ်ကုမ္ပဏီ အများအပြား ပေါ်ထွက်လာပါတယ်။ တရုတ်ကုမ္ပဏီတွေဟာ Huawei ဘက်က ထောက်ခံအားပေးတဲ့အနေနဲ့ ဝန်ထမ်းတွေကို Huawei ဖုန်းတွေ ဝယ်သုံးဖို့ တိုက်တွန်းနေကြောင်း Nikkei Asian Review မှာ ဖော်ပြထားပါတယ်။
တရုတ်ကုမ္ပဏီအချို့ဟာ Huawei ဖုန်း ဝယ်ယူတဲ့ ဝန်ထမ်းတိုင်းကို ကျသင့်ငွေရဲ့ ၁၀ ကနေ ၂၀ ရာခိုင်နှုန်းအထိ ပြန်လည် ပေးအပ်နေပြီး ကျသင့်ငွေ အပြည့် ပြန်ပေးတဲ့ ကုမ္ပဏီတွေပါ ရှိနေတယ်လို့ သိရပါတယ်။
နောက်ထပ် တရုတ်ကုမ္ပဏီ ၂၀ ကျော်ကလည်း လုပ်ငန်းစီမံခန့်ခွဲမှု စနစ်လိုမျိုး Huawei ရဲ့ တခြား ထုတ်ကုန်တွေကို တိုးမြှင့် ဝယ်ယူသွားမယ်လို့ လူမှုကွန်ရက်တွေမှာ ကြေညာခဲ့ကြပါတယ်။ ယခုလို အစီအစဉ်တွေ ပြုလုပ်နေတဲ့ ကုမ္ပဏီပေါင်း ရာကျော်ရှိနေကြောင်း ဒေသအာဏာပိုင်တဦးက ပြောကြားခဲ့ပါတယ်။
Huawei ကို ဝန်းရံတဲ့ ကုမ္ပဏီတွေမှာ သတင်းအချက်အလက်နဲ့ နည်းပညာကုမ္ပဏီတွေကနေ အစားအသောက် ကုမ္ပဏီတွေအထိ ကုမ္ပဏီပေါင်းစုံ ပါဝင်နေပါတယ်။
Shanghai Youluoke Electronic and Technology လျှပ်စစ်ပစ္စည်းကုမ္ပဏီက ဝန်ထမ်းတဦးကို Huawei စမတ်ဖုန်း ၂ လုံး အလကား ဝယ်ပေးနေပြီး Display ထုတ်လုပ်တဲ့ Shenzhen Yidaheng Technology က Huawei ဒါမှမဟုတ် ZTE ပစ္စည်းတွေ ဝယ်တဲ့ ဝန်ထမ်းတိုင်းကို ကျသင့်ငွေရဲ့ ၁၈ ရာခိုင်နှုန်းအထိ ပြန်လည် ပေးအပ်နေပါတယ်။
Henan ပြည်နယ်က ယမကာ ကုမ္ပဏီတခုကလည်း Huawei ပစ္စည်း ဝယ်ယူထားကြောင်း ဘောက်ချာပြနိုင်တဲ့ ဝန်ထမ်း ဒါမှမဟုတ် ဈေးဝယ်သူတိုင်းကို ဖုန်းဈေးနှုန်းရဲ့ ၃၀ ရာခိုင်နှုန်း တန်ကြေးရှိ အရက် လက်ဆောင်ပေးသွားမယ်လို့ ဆိုပါတယ်။
Huawei ပစ္စည်းတွေ ဝယ်ယူအားပေးနေတဲ့ တရုတ်ကုမ္ပဏီတွေ နည်းတူ၊ Huawei ရဲ့ စမတ်ဖုန်းဈေးကွက်ပြိုင်ဘက် Apple ရဲ့ ပစ္စည်းတွေ မသုံးဖို့ သပိတ်မှောက်တဲ့ တရုတ်ကုမ္ပဏီတွေလည်း ထွက်ပေါ်လာပါတယ်။ Shenzhen က စက်ပစ္စည်းကုမ္ပဏီတခုက ဝန်ထမ်းတွေဆီမှာ Apple ပစ္စည်းတွေ့တာနဲ့ သိမ်းဆည်းမှာဖြစ်ပြီး မလိုက်နာတဲ့သူကို အလုပ်ထုတ်ပစ်မယ်လို့ သတိပေး ခြိမ်းခြောက်ခဲ့ပါတယ်။
နည်းပညာကုမ္ပဏီတခုကတော့ Apple ပစ္စည်း ဝယ်ရင် ပစ္စည်းတန်ဖိုး အလိုက် ဒဏ်ရိုက်မှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ တရုတ်ပြည်သူတွေဟာ ဘေဂျင်းအစိုးရနဲ့ ဆက်ဆံရေး မပြေလည်တဲ့ နိုင်ငံတွေက ကုမ္ပဏီတွေကို သပိတ်မှောက်လေ့ ရှိပြီး လွန်ခဲ့တဲ့နှစ်တုန်းက ဆိုးလ်မှာ အမေရိကန် ဒုံးကျည်ကာကွယ်ရေးစနစ် ချထားမှုကြောင့် Hyundai Motor နဲ့ Lotte တောင်ကိုရီးယားကုမ္ပဏီတွေကို သပိတ်မှောက် ဆန့်ကျင် ခဲ့ကြပါတယ်။
Ref: Nikkei, Apple Insider