Microsoft က ၁၃ ဒဿမ ၅ လက်မ Surface Book 2 မော်ဒယ်အသစ်တမျိုးကို ယနေ့ မိတ်ဆက်ပေးလိုက်ပါတယ်။ အရင်ထုတ်ထားတဲ့ မော်ဒယ်ကိုပဲ Intel ရဲ့ နောက်ဆုံးပေါ် 8th Gen quad-core i5 ပရိုဆက်ဆာ ပြောင်းပြီး ပြန်ထုတ်ပေးလိုက်တာပါ။
ပရိုဆက်ဆာ ပိုမြင့်သွားပေမယ့် အရင်မော်ဒယ်ဈေးအတိုင်း ၁,၄၉၉ ဒေါ်လာနဲ့ ရောင်းချသွားမှာ ဖြစ်ပါတယ်။ 7th Gen dual-core နဲ့ အရင်မော်ဒယ်ကိုလည်း ဒေါ်လာ ၂၀၀ လျော့ကာ ၁,၂၉၉ ဒေါ်လာနဲ့ ဆက်လက် ရောင်းချထားပါသေးတယ်။
13.5-inch Surface Book 2 မှာ Intel Core i5-8350U ပရိုဆက်ဆာကို အသုံးပြုထားပြီး၊ အမြင့်ဆုံး clock speed 3.6GHz အထိ ရှိမှာပါ။ ပရိုဆက်ဆာပဲ ပြောင်းသွားတာဖြစ်ပြီး၊ ကျန်တာတွေကတော့ အရင်အတိုင်းပါပဲ။ 8GB RAM, 256GB Storage တို့နဲ့ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
အရင် Surface Pro 6 တုန်းကလည်း dual-core ကနေ quad-core ပရိုဆက်ဆာတွေ ပြောင်းလဲလိုက်တဲ့အခါ စွမ်းဆောင်ရည် သိသိသာကောင်းမွန်သွားတာ တွေ့ခဲ့ရပါတယ်။ ဒါကြောင့် အခု Surface Book 2 အသစ်ကလည်း အရင်မော်ဒယ်ထက် စွမ်းဆောင်ရည်ပိုင်း သိသာကောင်းမွန်မှု ရှိမှာပါ။
Microsoft ဟာ ယခု Surface Book 2 လက်ပ်တော့မော်ဒယ်အသစ်ကို ဧပြီလ ၁၇ ရက်နေ့၊ နယူးယော့ခ်စီးတီးမှာ ကျင်းပမယ့် “Surface Event” ပွဲ မတိုင်ခင် မိတ်ဆက်လိုက်တာ ဖြစ်ပါတယ်။ အဆိုပါပွဲမှာတော့ ဒီဂျစ်တယ်ဝှိုက်ဘုတ် Surface Hub 2 ရဲ့ ဈေးနှုန်းနဲ့ ဝယ်ယူရရှိနိုင်မယ့် ရက်တို့ကို မိတ်ဆက်ကြေညာသွားဖို့ ရှိပါတယ်။
Ref: The Verge